မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို
ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏
လို့...အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ
က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊ ဒါက... သားအတွက် ဆောက်တည်
တာပါ ဆိုပြီးတော့ ဝမ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ
ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။
ကြည်ညိုစရာပါ။ အတုယူစရာပါ။
သားရတနာ၊ သမီးရတနာ မမွေးမီကတည်းက သရဏဂုံ ဆောက်တည်လို့ ရပါတယ်။ ဒီလို
သဘောတွေက ဗုဒ္ဓအဆုံးအမ စာထဲပေထဲမှာ အတိအကျပါပါတယ်။ သရဏဂုံ ဆောက်တည်တာ
စကားအသံအထွက် အနေနဲ့ ပီတာမပီတာ ခဏထား၊ စိတ်ဓါတ်က သက်ဝင်ဖို့ အရေးကြီးတယ်။
အမေရဲ့ စိတ်ဓါတ်စွမ်းအားနဲ့ သားကို ရည်မှန်းပြီး သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်ပါတယ်။
ဒီအမေနဲ့ ဒီသားဟာ ချက်ကြိုးနဲ့ ဆက်နွယ်နေတာပဲ။ တစ်ဦးနဲ့တစ်ဦး အကုန်သိနေပါတယ်။
အမေ့စိတ်ဓါတ် သားဆီရောက်တယ်၊ သားစိတ်ဓါတ် အမေ့ဆီရောက်တယ်။ အဲသလို ဘုရားရှင်
ရဲ့ ထံမှောက်မှာ သရဏဂုံ ဆောက်တည်ထားတဲ့ သားဟာ မွေးဖွားပြီး လူ့ပြည်ရောက်လာတယ်။
ရင်ခွင်ပိုက်တဲ့ နို့စို့အရွယ် မှာလည်း မိဘနဲ့ ဒီသားက ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ပြီး
သရဏဂုံသီလ ဆောက်တည်ပြန်ပါတယ်။
အမှန်တော့ ဒီကလေးက သရဏဂုံသီလကို ပီပီသသ မရွတ်ဆိုနိုင်ပါဘူး။ အမေလုပ်တဲ့သူက
ကလေးအတွက် ရည်ရွယ်ပြီး သရဏဂုံသီလကို တစ်ခါ ဆောက်တည်ပြန်ပါတယ်။ ဝမ်းကြာတိုက်
မှာကတည်းက သရဏဂုံသီလ ဆောက်တည်ခဲ့တဲ့ ဗောဓိကုမာရ မင်သား။ ။ နို့စို့အရွယ် စကား
မပြောတတ်ကတည်းက သရဏဂုံ ဆောက်တည်ခဲ့တဲ့ မင်းသားဟာ ဘုရားနဲ့တွေ့ပြီး သူကိုယ်တိုင်
သရဏဂုံသီလကို ဆောက်တည်တတ်တဲ့ အခါ ကျတော့လည်း သရဏဂုံသီလကို တစ်ခါထပ်ပြီး
ဆောက်တည်ပြန်ပါတယ်။ “အဇ္ဇတဂ္ဂေ ပါဏုပေတံ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊” ယနေ့မှစ၍ အသက်
ထက်ဆုံး ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏.. ဘုရား။ ဒီသီလမျိုး ဒီသရဏဂုံမျိုးက တစ်ခါပဲ
ဆောက်တည်ရတာပါ။ တစ်သက်လုံးအတွက် တစ်ခါပဲ ဆောက်တည် သွားတာပါ။
အမိဝမ်းထဲမှာ ရှိစဉ်က အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ပတ်ဝန်းကျင်က ဒီသား၊ ဒီသမီးတွေ
အပေါ် သြဇာ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒီသြဇာသက်ရောက်မှုတွေဟာ ဘယ်
လောက် အရေးကြီးသလဲဆိုရင် ဒီ ဗောဓိကုမာရ မင်းသားအကြောင်းကို သက်သေထားကြည့်ပါ။
ဒီ ဗောဓိကုမာရ မင်းသားရဲ့ ဘဝအကြောင်း စိတ်ဝင်စားစရာ၊ အတုယူစရာ ကောင်းပါတယ်။
သူတော်ကောင်းတို့လည်း မိမိရင်သွေး သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်လာစေဖို့
အတွက် ကိုယ်ဝန်ဆောင်စဉ် အခါကပင် သရဏဂုံဆောက်တည် ပေးထားသင့်ကြောင်း အသိပေး
တိုက်တွန်းလိုက်ရ ပါသတည်း။ ။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ ဘဝဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း(၁) တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)