ယခုခေတ်ကြီးမှာနေရာတကာဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင်မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။ ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှုအသိဉာဏ်ပညာလည်းကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ပညာနှစ်ဖြာမျှတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ . . .

ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှုသဒ္ဓါတရားမပါလျှင် မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။ ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဉာဏ်ပညာလည်းကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ပညာ နှစ်ဖြာမျှတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ ဘန္ဒန္တ ခမာဝုဓ ဆရာတော်

မိတ်ဆွေတစ်ဦး၏ ကောင်းမှုကြောင့် အထက်ပါမှတ်သားနာယူဖွယ် သြဝါဒထူးကို ဖတ်ရှုခဲ့ရသည်။ ဆရာတော်ဘုရား ကြီး၏အဆုံးမကို ရှေ့ဆုံးစာမျက်နှာတွင်ထင်ထင်ရှားရှားဖော်ပြပေးခဲ့သည့် မြတ်မင်္ဂလာဘာသာရေးစာစောင် အယ်ဒီတာအဖွဲ့အားလည်း အထူးတလည် ကျေးဇူးတင်မိသည်။ မိတ်ဆွေဖြစ်သူက ယင်းစာမျက်နှာကိုဖတ်ပြီးလျှင်ပြီးချင်း အပြေးရောက်လာခဲ့ပြီး ဤသြဝါဒကထာသည် စာရေးသူတို့လို ဆောင်းပါးရှင်များအတွက်လည်း အထူးမှတ်သားနာယူဖွယ်ကောင်းသည်ဟု ယူဆကြောင်းပြောလာသည်။ ဆရာတော်၏သြဝါဒကို ဖတ်ပြီးသည့်နောက် စာရေးသူက မိတ်ဆွေကို ကျေးဇူးတင်စကားဆိုမိသည်။ ဖော်ပြပါအဆိုအဆုံးအမကိုလည်း အကြွင်းမဲ့ထောက်ခံခဲ့သည်။ မှန်ပါသည်။ ဆရာတော်ကြီး မိန့်ကြားသလို မျက်မှောက်ကာလတွင် စာပေနယ်ပယ်အသီးသီး၌ ဝေဖန်ရေးဆောင်းပါးရှင်တို့ အမြောက် အမြားပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ၁၉၉ဝပြည့်လွန်နှစ်များတွင် ဝေဖန်ရေးဟုကင်ပွန်းတပ် နိုင်သော ဘာသာရေးဆိုင်ရာပြုပြင် တိုးတက်ရေးဆောင်းပါးကောင်းများ အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာခဲ့သည်။ သာသနာတော်ကြီးတွင် ကပ်တွယ်ငြိနေသော အညစ် အကြေး၊ ကြေးညှော်များကို တတ်စွမ်းသည့်ဘက်မှ ၀ိုင်းဝန်းတိုက် ချွတ် ဆေးကြောခဲ့ကြသည်မှာအားရစရာ ကောင်းလှပေသည်။ သို့သော်ယင်းလုပ်ရပ်တို့ကပင် မိမိတို့၏ သမာအာဇီဝမကျသော ကြီးပွားတိုးတက်ရာ လမ်းကြောင်းအတွက် အတားအဆီး ခလုတ် တံသင်းဖြစ်ခဲ့ရသူတချို့က မုဒိတာမပွား နိုင်ကြသည်ကိုလည်းအထင်အရှားတွေ့မြင်ခဲ့ရသည်။ မည်သို့ဆိုစေ ဘာသာသာသနာ အကျိုးအတွက် ဗုဒ္ဓမြတ်စွာအဆုံးအမနှင့်အညီ တတ်စွမ်းသမျှ စွန့်လွှတ်သယ်ပိုးကြ မည်ဟူသည့် မြင့်မြတ်သော အသိစိတ်ဓာတ်ဖြင့် ထွက်ပေါ်လာခဲ့သည့် ဝေဖန်ရေးဆောင်းပါးများ၏ ရေစီးကြောင်းသည်ကား အဖျက်အမှောင့်သမားတို့ကိုကျော်လွန်လျက် အရှိန်အဟုန်ကောင်းစွာ စီးဆင်းနေပေပြီ။

ထို့ကြောင့်လည်း ဆရာတော်အရှင်ခမာဝုဓက ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ မယိမ်းယိုင် မတိမ်းစောင်းရလေအောင် ဗုဒ္ဓသာသနာ ဆိုင်ရာဝေဖန်ရေး ဆောင်းပါးရှင်များအား သတိပေးမှာကြားခြင်းပင် ဖြစ်သည်ဟု စာရေးသူ အလေးအနက်ယုံကြည် ခံစားမိပါသည်။ ဆရာတော်ဘုရားကလိုရင်းကို တိုတိုရှင်းရှင်း မိန့်ကြားခဲ့သည်ဖြစ်ပေရာ အသိတရားနုနယ်သူလူငယ်လူရွယ်အချို့အတွက် အကောက် အယူလွဲချော်သွားမည်ကိုကား စာရေးသူ စိုးရိမ်မိသည်။ သို့ကြောင့်လည်း ဤစာကိုရေးဖြစ်သွားခြင်းဖြစ်ပါသည်။ ဆရာတော်က ဝေဖန်ပိုင်းခြားကြရာတွင် သဒ္ဓါရှိဖို့လည်းလိုအပ်ကြောင်း အလေးအနက်ထားမှာကြားခဲ့သည်မှာ ဗုဒ္ဓမြတ်စွာအဆုံးအမနှင့်ထပ်တူထပ်မျှပင်ဖြစ်သည်။ သဒ္ဓါတရားမပါသောဝေဖန်ရေးသည် မိစ္ဆာအယူကို ဖြစ်စေနိုင်သည်ဆိုသည့်အချက်ကို စာရေးသူ အကြွင်း မဲ့ထောက်ခံပါသည်။ သို့သော် သဒ္ဓါတရားဆိုသည့် အသုံးအနှုန်းအပေါ် ဗုဒ္ဓအလိုတော်ကျမှန်မှန်ကန်ကန် နားလည်ကြဖို့လွန်စွာအရေးကြီးလှပေသည်။

သဒ္ဓါဟုဆိုလိုက်သည်နှင့်လူအတော်များများက ယုံကြည်မှုဟုသာ ချက်ချင်း အလွယ်တကူနားလည်တတ်ကြသည်။ ယုံကြည်သည် ကတော့ဟုတ်ပါပြီ၊ ဘာကိုယုံကြည်ခြင်းကို ဆိုလိုပါသနည်း ဟုဆိုလျှင်ကားအဖြေအမျိုးမျိုး ပေးတတ်ကြသည်။ အများစုမှာဘုရား၊တရား၊ သံဃာအပေါ်အကြွင်းမဲ့ယုံကြည်ခြင်းပေါ့ဟု ဆိုတတ်ကြသည်။ အဖြေကားမမှားပါ။ သို့ရာတွင် ယေဘုယျကျလွန်းအားကြီးနေပေရာ ယင်းသို့အဖြေပေးသူများထဲတွင်ပင် နားလည်မှုချင်း ကွာခြားနေတတ်သည်။

စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ ကွဲကွဲပြားပြားသိထားသင့်သည်မှာ ဗုဒ္ဓသာသနာတော်နှင့်ညီသော ယုံကြည်မှုသည် အသိဉာဏ်နှင့် ယှဉ်သောယုံကြည်မှုကိုသာ ဆိုလိုခြင်းဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည်။ အချို့သော သာသနာပဘာသာတရားများတွင် အသိ ဉာဏ်နှင့် ယှဉ်သောယုံကြည်မှုမျိုးကို အကြွင်းမဲ့ပိတ်ပင်ထားရာဘာသာရေး ခေါင်းဆောင်တို့၏ အဆိုအမိန့်ကိုမှန်သည်မှားသည် အကဲဖြတ်ခွင့်မရှိကြပေ။အကြွင်းမဲ့ မျက်စိစုံမှိတ်၍ အကန်းယုံယုံကြရသည်။ အနည်းငယ် ဝေဖန်ထုတ်ဖော် ပြောကြားမိသူများကိုပင်မိစ္ဆာဒိဋ္ဌိများအဖြစ်စွပ်စွဲကာ ကြီးလေးသောဘာသာရေးပြစ်ဒဏ်များ ချမှတ်တတ်ကြသည်။

ဗုဒ္ဓသာသနာတော်တွင်ကား ထိုသို့မဟုတ်ချေ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့် ဓမ္မဒေသနာတော်တို့၏ ထူးခြား ချက်ဖြစ်သော ဓမ္မ ဂုဏ်တော်ခြောက်ပါးတို့၏ အနက်အဓိပ္ပာယ်ကို လေ့လာကြည့်ပါကတွေ့မြင်နိုင်ပါသည်။ လာလော့၊ ရှုလော့၊ကိုယ်တိုင်လိုက်နာကျင့်သုံး ကြည့်၊ ဝေဖန်ပိုင်းခြား စိတ်ဖြာကြည့်ကြလော့ဟုဝေဖန်ရေးကို အစဉ်သဖြင့်လက်ကမ်းကြိုနေသည်ကား ဗုဒ္ဓဓမ္မ၏ ပြိုင်ဘက်ကင်းသော ထူးခြားချက်ကြီးပင် ဖြစ်တော့သည်။

ဗုဒ္ဓမြတ်စွာသည် သူဟောကြားတော်မူခဲ့သည့် ဓမ္မတရားတော်တို့အပေါ် ဤရွေ့ဤမျှရဲရဲဝံ့ဝံ့ ဝေဖန်ဆန်းစစ်ခံဝံ့သည်မှာ အဘယ်ကြောင့်နည်းဟု ကျွနု်ပ်တို့တွေးဆသင့်ပေသည်။ အကြောင်းရှိပါသည်။ ဗုဒ္ဓမြတ်စွာဟောကြားသမျှ တရားဒေသနာတော်တို့သည် သူ၏ကိုယ်ပိုင် ထင်မြင်ယူဆချက်များ မဟုတ်ဘဲ လောက ၏ ဖြစ်စဉ်သဘာဝ၀ါသဘာဝဓမ္မ၊ တစ်နည်းဆိုသော် အမှန်တရားကို အရှိ အရှိအတိုင်း ထုတ်ဖော်တင်ပြခဲ့ခြင်းကြောင့်ပင်ဖြစ်ပေသည်။ သို့ကြောင့် ဗုဒ္ဓမြတ်စွာသည် သူ၏ဆုံးမခြင်းပြာဋိဟာ၏ အာနိသင်ကိုအကြွင်းမဲ့ယုံကြည်စိတ်ချခဲ့သည်။ လောက၏အမှန်တရားကို ရှာဖွေ နေသူ၊ အမှန်တရား၏အစွမ်းသတ္တိကို ယုံကြည်သူ၊ အမှန်တရားကို ချစ်မြတ်နိုးသူသာဖြစ်ပါစေ၊ဗုဒ္ဓမြတ်စွာ၏ ဆုံးမခြင်းပြာဋိဟာကိုလွန်ဆန်နိုင်သူဟူ၍ လောက၌မရှိချေ။

လောက၏ဓမ္မတာဖြစ်စဉ်ကို အရှိအတိုင်းတင်ပြထားသော တရားဒေသနာဖြစ်ပေရာ လက်တွေ့စမ်းသပ်ကြည့်ရမှ ယုံကြည်လို သူတို့အတွက် ဗုဒ္ဓဓမ္မသည်လွန်စွာသင့်လျော်လိုက်ဖက်ညီနေခဲ့၊ ညီနေဆဲ၊ညီနေဦးမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် သူ၏ သာသနာကို ပြုစုပျိုးထောင်ဖြန့်ဝေခဲ့ရာ၌အချို့သောသာသနာပ ဘာသာ တရားတို့ကဲ့သို့မစားရဝခမန်း စိတ်ကူးယဉ်စကားလုံးများဖြင့် မက်လုံးပေးဆွဲဆောင်ခြင်း၊ ကြောက်မက်ဖွယ်ရာငရဲ ခန်းများဖြင့်ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ဗုဒ္ဓမြတ်စွာ၏ အလိုတော်နှင့်အညီသာသနာပြုလာခဲ့ကြသော စစ်မှန်သည့်ဗုဒ္ဓသာသနာဝင် အစဉ်အဆက် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး ဆောင်ရွက်ကြရာတွင်တန်ခိုးပြာဋိဟာပြခြင်း၊ လောကီရေးရာမက်လုံးများဖြစ်သည့် စားဝတ်နေရေးထောက်ပ့ံခြင်းတို့ဖြင့် ဆွဲဆောင်သိမ်းသွင်းမှု မရှိခဲ့ပေ။ ဓားစွမ်းပြ ခြိမ်းခြောက်ကာမိမိတို့ဘာသာဝင်အဖြစ် မခံယူသူများအားညှဉ်းပန်းနှိပ်စက် မျိုးဖြုတ်သည့်နည်းဖြင့် သာသနာပြုခြင်းမျိုးလည်း အလျဉ်းမရှိခဲ့ပါချေ။ တစ်နည်းဆိုရသော် ဗုဒ္ဓမြတ်စွာနှင့်တကွ ဗုဒ္ဓ၏နောက်လိုက်တို့သည်ခွန်အားသည် အမှန်တရားMightisRight ဟုမယုံကြည်ဘဲ အမှန်တရားသည်သာ ခွန်အားRightisMight ဟုယုံကြည်ခဲ့ကြသူများသာ ဖြစ်ပေသည်။သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော်တွင်ရှိသောသဒ္ဓါတရား ၀ါ ယုံကြည်မှုဆိုသည်မှာ'အမှန်တရားသည်သာ ခွန်အားဖြစ်သည် ဟူသောယုံကြည်မှုမျိုးသာဖြစ် ကြောင်း အလေးအနက်သတိချပ်သင့်ပေသည်။

လောကတွင် အမှန်တရားသည်ရှိ၏။ ယင်းအမှန်တရားကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်သာ မိမိဘဝတစ်သက်တာ၏အဆုံးစွန် သောအောင်မြင်မှုပန်းတိုင်ဖြစ်၏ဟူသော ယုံကြည်ချက်မျိုးသည်သာ စစ်မှန်သော သဒ္ဓါတရား ဖြစ်ပေသည်။ အမှန်တရားကို မြတ်နိုးခြင်းဟုလည်း ဆိုနိုင်ပါသည်။ မိမိပတ်ဝန်းကျင်သည်အမှန်တရားကို ကျောခိုင်းကောင်းကျောခိုင်းနေပါလိမ့်မည်။ အမှန်တရားဆိတ်သုဉ်းနေ သည့် ပတ်ဝန်းကျင်ကြောင့် မှန်ရာကိုပြော၊မှန်ရာကိုလုပ်လိုသူတို့အဖို့ လတ်တလော ပင်ပန်းဆင်းရဲမှုတို့နှင့် ကြုံတွေ့ကောင်းကြုံတွေ့ နိုင်ပါသည်။ သို့ရာတွင် မိမိကအမှန်တရားကိုသာ လက်ကိုင်ထားလျက်ဘဝခရီးကြမ်းကို ကျော်ဖြတ်လျှောက်လှမ်းမည်ဆိုပါကတစ်နေ့ သောအခါတွင် အမှန်တရား၏တန်ခိုးသတ္တိကြောင့် မိမိအောင်ပွဲခံနိုင်ရမည်ဟူသောယုံကြည်ချက်မျိုး ရှိထားဖို့လိုပေသည်။

ဗုဒ္ဓသာသနာတော်၏ အဆုံးစွန်သောပန်းတိုင်သည် သစ္စာတရားကို ဟုတ်တိုင်းမှန်စွာသိမြင်ရေးဖြစ်သည်။ လွယ်လွယ် ဆိုရသော် အမှန်တရားကို သိမြင်ရေးဖြစ်သည်။ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်သည်နှင့်တပြိုင်နက် မိမိတို့သည် အမှန်တရားသည်သာ ခွန်အားသတ္တိ ဖြစ်ကြောင်းယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေးအတွက် တတ်စွမ်း သမျှ ကြိုးပမ်းအားထုတ်ပါတော့မည်ဟုသန္နဋ္ဌာန်ချမှတ် လိုက်ခြင်းပင်ဖြစ်သည်။အမှန်တရားသည် ဓမ္မပင်ဖြစ်ပေရာ ဓမ္မံ သရဏံဂစ္ဆာမိ ဆိုသည့် သရဏဂုံတစ်ပါးနှင့်ပြည့်စုံသွားပေပြီ။ အမှန်တရားကို ယုံကြည်မြတ်နိုးသူအနေနှင့် ယင်းအမှန်တရားကို ဖော်ထုတ်တင်ပြသွားသည့် ပုဂ္ဂိုလ်အပေါ် ယုံမှားသံသယဖြစ်စရာလမ်းမရှိတော့ချေ။ ထို့ကြောင့်ဗုဒ္ဓံ သရဏံဂစ္ဆာမိ တည်းဟူသော သရဏဂုံနှင့်လည်းပြည့်စုံသွားလေပြီ။ အမှန်တရားနှင့် ယင်းအမှန် တရားကိုထုတ်ဖော်တင်ပြသူရှိခဲ့သလို ယင်းအမှန်တရားကို သိမြင်ရေးလမ်းစဉ်တို့အား ခေတ်အဆက်ဆက် ဆောင်ကြဉ်းလာခဲ့သည့် စစ်မှန်သောသံဃာတော်တို့ အပေါ်၌လည်း ယုံမှားသံသယဖြစ်ဖွယ်မရှိတော့ချေ။ထို့ကြောင့် သံဃံ သရဏံ ဂစ္ဆာမိ ဆိုသည့်သရဏဂုံ နှင့်လည်း ပြည့်စုံသွားတော့သည်။

ထို့ကြောင့် စစ်မှန်သော သရဏဂုံတည်ခြင်းသည် အမှန်တရားကိုမြတ်နိုးယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားအပေါ်တွင် မဏ္ဍိုင်ပြု နေကြောင်း သိသာထင်ရှားလှပေသည်။ နှုတ်ဖျားက သရဏဂုံသုံးပါးကို မည်မျှပင် တွင်တွင်ကြီးရွတ်နေစေကာမူအမှန်တရားကိုယုံကြည် စိတ်၊ အမှန်တရားကိုသာအားကိုးအားထားပြုသောစိတ်၊ အမှန်တရားကိုရှာဖွေသိမြင်လိုသောစိတ်တို့နှင့် မပြည့်စုံပါက သဒ္ဓါတရားနှင့် ပြည့်စုံခြင်းမရှိနိုင်ချေ။ ယင်းသို့သဒ္ဓါတရားကင်းမဲ့နေမည်ဆိုပါက ဆရာတော် အရှင်ခမာဝုဓ မိန့်ကြားသကဲ့သို့ မိစ္ဆာဒိဌိဧကန်မုချဖြစ်နေ ပါလိမ့်မည်။

ဝေဖန်ရေး၏အထက်တွင် ဘာမျှမရှိ ဆိုသော ပညာရှိတို့၏စကားကိုစာရေးသူကြားဖူးဖတ်ဖူးပါသည်။ သို့သော်ယင်းဝေဖန်ရေးသည် ဆရာတော်ဘုရားကြီး မိန့်ကြားသလို သဒ္ဓါတရားနှင့်ပြည့်စုံသော ဝေဖန်ရေးကိုသာဆိုလိုသည်ဟု စာရေးသူအလေးအနက်ယုံကြည်ပါ သည်။ ဝေဖန်ရေးဟူသည် အမှန်တရားကိုရှာဖွေသော နည်းလမ်းတစ်ရပ် သာဖြစ်သည်။ တစ်ပါးသူအား ပြစ်တင်ရှုတ်ချပြောဆိုခြင်းသည်ဝေဖန်ရေးမမည်ချေ။ ပုဂ္ဂိုလ်ရေးဦးတည်ချက်ထား၍ကဲ့ရဲ့ရှုတ်ချခြင်းသည် မိုးပေါ်မော့၍တံတွေးထွေးခြင်းနှင့်သာတူလှပေရာ အထူး ရှောင်ရှားသင့်သည်။ အချို့မှာယဉ်ကျေးဖွယ်ရာ စကားများတွင်တွင်သုံးထားစေကာမူ သဒ္ဓါတရားတည်းဟူသောအမှန်တရားကိုမြတ်နိုး စိတ်အား အခြေမခံဘဲ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်လိုစိတ်ကိုသာ အခြေခံထားပေရာ ထိုသူတို့၏ဝေဖန်ရေးသည် စေတနာမမှန်သော ဝေဖန်ရေးအတုအယောင်သာ ဖြစ်ကြောင်းစာဖတ်ပရိတ်သတ်က ကောင်းစွာသိကြပါသည်။

ထို့ကြောင့် ဝေဖန်ရေးဆောင်းပါးရှင်တိုင်း သတိချပ်သင့်သည်မှာ ဝေဖန်ရေးစာတစ်ပုဒ် ရေးတော့မည်ဆိုသည်နှင့်မိမိကိုယ်ကိုပြန်လည် စစ်မေးသင့်သည်။ ငါသည်ဤစာကိုရေးရာ၌ သဒ္ဓါတရား၏တိုက်တွန်းစေ့ဆော်ချက် ပါဝင်ပါ၏လော ဆိုသည့်အချက်ကို အပြန်ပြန်အ လှန်လှန် ဆန်းစစ်သင့်သည်။ မိမိရေးလိုက်သောစာသည် အမှန်တရားထွန်း ကားရေးအတွက်တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည်ဟုယုံကြည်မှရေးသင့်သည်။ ထို့သို့မဟုတ်မူဘဲထင်ပေါ်လို စိတ်၊ သူတစ်ဖက်သားကို အပြစ်တင်အနိုင်ယူလိုစိတ်၏စေ့ဆော်မှုကြောင့်ရေး မည်ဆိုပါကစေတနာမသန့်သလို စာကလည်း သန့်လိမ့်မည်မဟုတ်ချေ။

တစ်ဖက်တွင်လည်းအမှန်တရားကိုမြတ်နိုးခြင်းဟူသည် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရားနှင့် ပြည့်စုံသောဝေဖန်ရေးမျိုးကိုလက်လှမ်းကြို ဆိုသင့်ပါသည်။ ဗုဒ္ဓသာသနာတော်တွင်ဝေဖန်ရေးသည် ကြောက်စရာမဟုတ်ချေ။မြတ်နိုးစရာသာ ဖြစ်ပေသည်။ အမှန်တရားကို မြတ် နိုးစွာရှာဖွေနေသူ ဗုဒ္ဓဘာသာဝင်အချင်းချင်းတစ်ဦး၏အမှားကို တစ်ဦးကထောက် ပြခြင်းသည်အလွန်ကောင်းမြတ်သော လုပ်ငန်းတစ် ရပ်သာဖြစ်ပါသည်။ မိမိအမှားကို ဝေဖန်ထောက်ပြသူထက်သာလွန်ကောင်းမြတ်သော မိတ်ဆွေမျိုးလောကတွင်မရှိဆိုသည့်အချက်ကို အမှန်တရားမြတ်နိုးသူတိုင်း သိရှိနားလည်ထားကြပါသည်။ ဤမျှဆိုလျှင် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရား၊ဆရာတော် အရှင် ခမာဝုဓ မိန့်ကြားခဲ့သော သြဝါဒလာသဒ္ဓါတရားဆိုသည်မှာ အမှန်တရား ကိုယုံကြည်မြတ်နိုးခြင်းကိုသာဆိုလိုကြောင်း သဘောပေါက်လောက်ပေပြီ။