မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပြောတဲ့ဝိဇ္ဇာများအကြောင်း(၁)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ရဟန်းဘဝမရောက်မှီ လူဘဝအဖြစ်ဖြင့် သမထအလုပ် ကိုကောင်းစွာ အားထုတ်ခဲ့သူဖြစ်ပါသည်။ သမထသည်လည်း စရဏ၊ ၀ိပသနာသည်လည်း စရဏ၊ သို့သော် အပေါ်ပိုင်းရောက်သော်လမ်းခွဲကုန်၏။ အပေါ်ဉာဏ်များမရောက်မှီအထိ သမထအားဖြင့်သာတက်သွားခြင်းဖြစ် ကြောင်းလည်း ဆရာတော်ဘုရားကြီးမှ မိန့်တော်မူပါသည်။ ဆရာတော်ဘုရားကြီးမှ သင်္ခါရုပက္ခာဉာဏ်နှင့် အထက်ဉာဏ်များမှသာလျင် အနန္တသဘော၊ အနိစ္စသဘောကို ပါရမီအခံအရ ကွဲပြားစွာမြင်ကြောင်းကို ကျန သေချာဟောပြောထားခဲ့ပါသည်။


ကျမသည် ဆရာတေ်ာဘုရားကြီးတရားများကို ဖတ်သည့်အခါ ကျမသတိပြုမိသည့်အချက်တခုရှိပါသည်။ ဆရာတော်ဘုရားကြီးသည် နောင်လာနောက်သားများ အမှားမဖြစ်ရအောင်၊ မမှားသင့်သည်ကိုမမှားရအောင် ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ဟ ရေးသားဟောပြောခြင်းပြုခဲ့ပါသည်။ အထူးသဖြင့် သမထလိုင်းမှ အဓိပတိများ ဖြစ်သော ဘိုးတော်အောင်မင်းခေါင်ကြီးမှာ ဆရာတော်ဘုရားကြီး၏ ဥပဇ္စျယ်ဆရာတော် အဘဝိမလနှင့် တိုက်ရိုက်ပတ်သက်နေပေရာ ဆရာတော်ဘုရားကြီးကိုယ်တိုင်ကလည်း သင်္ကန်းကျွန်းရသေ့လေးဘဝနှင့် သမထအလုပ်အား ပေါက်ပေါက်မြောက်မြောက်လုပ်ခဲ့ဖူးလေရာ သမထလိုင်းများတွင်လည်း ကျနသေချာ သိပေတတ်လေသည်။ ထိုကြောင့်လည်း လူအများ မမှားသင့်သည်ကို မမှားရအောင် နောင်လာနောက်သား များအတွက် ပွင့်ပွင့်လင်းလင်း လစ်ဟပြတော်မူထားပါပေသည်။


မိမိဉာဏ်နှင့်မမှီလေတိုင်း၊ မိမိဉာဏ်ဖြင့် မသိနိုင်လေတိုင်း ဝေဖန်ခြင်းမပြုရန်လည်း အတိအလင်း ရေးသားခဲ့သည်ကို ပြီးခဲ့သော ပို့စ်များတွင် တင်ထားခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည်လည်း မိမိ မဟာစည်ဆရာတော်ဘုရားကြီးအား ပစ်မှားခဲ့ပြီး ကိုယ်တိုင်ဝန်ချကန်တော့ရန်အခွင့်အခါမကြုံခဲ့ကြောင်းကို လည်း မိမိအပစ်မိမိကိုယ်တိုင်ဝန်ခံရေးသားထားပေလေသည်။
အလားတူ ဆရာတော်ဘုရားကြီးသည် မိမိ၏မနောကိုပိုင်နိုင်ကျွမ်းကျင်စွာ အဓိဌာန်ဖြင့် အိမ်မက်အတွင်းမှာ အလောင်းတော် ကဿဖကိုယ်တော်မြတ်ကြီး၏ ဂူအတွင်းသို့ထိုးဖေါက်၍ ဖူးမျှော်နိုင်စွမ်းအားလည်း ပွင့်ပွင့်လင်းလငး် အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများတွင် စမ်းစစ်တင်ပြရေးသားထားပေသည်။ အစစ်အမှန် ပါဒစေတီများအကြောင်းများကိုလည်း ရေးသားထားပေသည်။
သမထလိုင်းပိုင်းဆိုင်ရာများကို ကျွမ်းကျင်သော ဆရာတော်ဘုရားကြီးသည် မိမိ၏စိတ်စွမ်းအားဖြင့်သိထားသည် များကို နောင်အတွက်ရည်မျှော်၍ ဖွင့်ဆိုရေးသားထားပေသည်။ ဘိုးတော်အောင်မင်းခေါင်ကြီးအားလည်း အမျိုးမျိုးပြောဆိုကြပေ၏။ ကျမတို့သည်လည်း မသိသဖြင့် မိုက်မှားစွာပြောခဲ့ဘူး၏။ ၀ိပသနာအား မြုတ်ထားသည်ကို ထပ်ဒူးဖြင့်ထိုင်ပြသည့်သဘောကိုလည်းမသိ။

ဆရာတော်ဘုရားကြီးသည် ထပ်ဒူးထိုင်ရခြင်း ကိုလည်းရှင်းလင်း၏။ မဟိန္ဒိ၀ိဇ္ဇာများသည် ၀ိပသနာနှင့်ယှဉ်တွဲပြီးသားဖြစ်ကြောင်းကို လှစ်ဟဖော်ပြထား၏။ မှတ်သားဘွယ်ကောင်းလေစွ။ သာဓု အကြိမ်ကြိမ်ခေါ်မိပါသည်။ မိမိနှင့် မိမိကဲ့သို့သော ၀ိဇ္ဇာများအပေါ် အပစ်မှားမိသောသူတို့ လွတ်မြောက်ရမှ အမြင်မှန်ရသွားနိုင်သောကြောင့်တည်း။ သို့ကြောင့်လည်း ဆွမ်းနဲ့ ထမင်းအတူတူပါဘဲ။ သမထနှင့် ၀ိပသနာအတူတူပါဘဲဟု မိန့်ဆိုခဲ့ခြင်းသာတည်း။ ဉာဏ်မမှီလျင် မဝေဖန်ရန် လည်းမိန့်ြခြင်းမှာ ပစ်မှားမိမှာစိုး၍ဖြစ်ပါသည်။
ကျမအားကျသော မှတ်သားမိသောအကြောင်းမှာလည်း စွန်းလွန်းဆရာတော်ဘုရားကြီးနှင့်ပတ်သက်၍ ဖြစ်ပြီး စွန်းလွန်းဆရာတော်ကြီးသည် မနောအာရုံကို ငရဲဘုံသို့ညွတ်သော ငရဲအထပ်ထပ်ကိုမြင်ရလျက်၊ အထက်သို့အာရုံပြုသော အထက်ဘုံအဆင့်ဆင့်တွင်ရှိသော နတ်များ၊ ဗြဟ္မာများကို မြင်ရသည်ဟုရေးသား ထားခြင်းကိုဖြစ်ပါသည်။(ဤသည်တို့ကို မိမိဉာဏ်မမှီတိုင်း အလကားတွေ မဟုတ်ဖူး မဖြစ်နိုင်ဖူးဟု ပြောရပါ မည်လော)။
မည်သူဖြစ်စေ ရဟန်းဖြစ်စေ လူဖြစ်စေ ပုထုဇဉ်ဖြစ်ပါစေ၊ ပါရမီအခံသည်လိုအပ်၏။ တစုံတဦးသည် ဘဝဘဝက မည်မျှပါရမီဖြည့်ခဲ့သည် မည်သို့ကျင့်ကြံခဲ့သည်ကို မသိနိုင်မမြင်နိုင်။ ပါရမီအခံကြောင့် ရရှိလာသော အကျိုး တရားတို့သည်လည်းမတူကျပေ။ ဆရာတော်ဘုရားကြီးရေးသားထားသည်ကို မှတ်သားဘွယ်ရာ ဆက်လက်ဖတ်ရှုကြပါရှင်။
ဘဝကန္တရ ခရီးကြမ်းမှ ဆရာတော်ဘုရားကြီးရေးသားထားသော မဟိန္ဓိ၀ိဇ္ဇာ ဘိုးတော်အောင်မင်းခေါင်နှင့် အဘဝိမလတို့အကြောင်း၊

အဘဝိမလသည် မော်လမြိုင်မှ ပြန်ရောက်ရှိသည်နှင့် စကားဆန်းတစ်ခွန်းမိန့်တော်မူနေတတ်၏။ (ထပ်ခနိန်းဘုရားရှေ့၌ အာရုံယူနေစဉ် ငါ့မျက်စိရှေ့ လူသေထည့်ရာ အခေါင်းကြီးကို မြင်တွေ့နေရ၏) ဟူ၍ ။ ငါတို့ကားတည့်တည့်ပြောနေသည်ကို မရိပ်မိခဲ့။ တစ်ဖန် တပို့တွဲလဆန်းသည်နှင့် တပို့တွဲလပြည့်အတွက် ထမနဲထိုးရန် မိန့်ပြန်၏။ ထမ်းဆောင်လာခဲ့ရသည်မှာ မနည်းလှတော့ဘူးဟူ၍ ကိုယ်ဖြင့်ပြောသော နှုတ်ထွက်စကားတည်း။ သို့နှင့်ငါတို့တတွေ ထမနဲပွဲကြီး ကြီးကျယ်စွာပြင်ဆင်းကျင်းပပေးရ၏။
နံနက်အာရုဏ်တွင ် ဦးစွာဘုရားကို ကိုယ်တိုင်ကပ်လှူ၏။ ပြီးသော် အဘနှင့်တကွသံဃာများ။ ထို့နောက် ပရိတ်သတ်။ ပြီးသော် ထိုမိချောင်းကန်၊ သီရိရတနာရိပ်သာလမ်း တစ်လျှောက်ရှိအိမ်များသို့ အိမ်တိုင်းစေ့လျှင် လိုက်လံဝေငှစေ၏။ လာသမျှကိုလည်း ကျွေးမွေးပေးကမ်း၏။ တစ်ရက်နှင့်လည်း မကုန် နှစ်ရက်နှင့်လည်း မကုန်ချေပြီ။
ထိုနောက် ဆက်တိုက်ပင် က္ကုစ္ဆာသယ စေတီတော်ကြီးကို ပြင်ဆင်မွမ်းမံရန် ငါတို့အားအပ်နှံကာ အမိန့်ပေးတော့၏။ ထိုစေတီကား မောင်ကံသည် နဂါးပြည်မှ သွားရောက်ကာ ပင့်ဆောင်လာသော ဆံတော်များကို ဌာပနာထားသည်ဆို၏။ ထိုစေတီနှင့် မလှမ်းမကမ်း သင်္ကန်းကျွန်းကြီးရွာ အလယ်၌ လည်း စေတီကြီးတစ်ဆူ အဘပြုပြင်ထားသည်ရှိ၏။ ထိုရွာ၌ပင် ဓမ္မစေတီ၊ ဓမ္မပါလ ရာဇဝင်၏ဓမ္မပါလ အုတ်ဂူသည် လည်း ထီးထီးကြီးတည်ရှိချေသေး၏။
ထို က္ကုစ္ဆာသယကား အောင်မင်းခေါင်ကြီးက အဘအားအပ်နှံထားသော စေတီဆို၏။ သို့ကြောင့်ပင် က္ကုစ္ဆာသယဘိုးတော်ကြီးဟူ၍ အဘကား အမည်ခံယူခြင်းဖြစ်သည်ဆို၏။ ဤြ၌ ဘိုးတော်ဟူသောစကားသည် ၀ိဇ္ဇာလောက၌ တွင်ကျယ်စွာရှိ၏။


၄င်းကား ဘိုးဘိုးအောင်၊ ဦးဝိုင်း၊ စကြ်ာမင်းတို့ခေတ်မှာ တာစားလာသောစကားဖြစ်တန်ရာ၏။ စကြ်ာမင်းကလေးမှ ထောက်၍ပင် ဦးဝိုင်းကား ဘိုးတော် တော်စပ်သူပင်တည်း။တဖန်ထို စကြ်ာမင်းကလေးမှ ထောက်၍ပင် ဘိုးဘိုးအောင်သည်လည်း ဘိုးတော် တော်စပ်သူပင်တည်း။
ဘိုးဘိုးအောင်က ပြေကျော်သည်။ ဘိုးမင်းခေါင်က လှေလှော်သည်။

စကားအတိုင်း ဘိုးဘိုးအောင်၏သီလဂုုဏ်သတင်းကား တစ်ပြည်လုံးလျှင် နှံစပ်ကျော်ကြားခဲ့ချေ၏။ ဘိုးဘိုးအောင်၊ စကြ်ာမင်းတို့တွဲဖက်ထားသော ပုံတော်ကားများပင် တပြည်လုံးတောနေမကျန် အများအပြားချိတ်ဆွဲထားကြ၏။ ထိုအချိန်မှစ၍ ဘိုးတော်နာမည်ကား တာစားလာသတည်း။ ယခင့်ယခင်အခါကာလတုန်းကသည်ကား ထွက်ရပ်ပေါက်ဝိဇ္ဇာဟူသော အမည်သာအသုံးများခဲ့၏။ လောကီဝိဇ္ဇာ၊ ဂန္ဓာရီ ၀ိဇ္ဇာဟူ၍လည်းသုံးသေး၏။ ယခုသော်ဘိုးတော်က ဖုံးလွှမ်းသွားချေပြီ။
ထိုမှ နောက်ရောက် ထွက်ရပ်ပေါက်တို့ကား ဘိုးတော်ဟူသော အမည်သာတွင်ကျယ်စွာ၏။ သို့ကြောင့် အဘဝိမလကိုလည်း ဘိုးတော်ဟူသော အမည်သာတွင်ကျယ်လာတော့၏။ အဘကားဘိုးတော်ဆိုသော် လည်း ဘိုးတော် အမူအကျင့်ကားမယူ၊ရဟန်းအမူအကျင့်သာ ယူရှိဘိ၏။ ပါရမီဆုပန် လက်ကျန်မကုန်သေးသဖြင့်သာ ထိုကိစ္စပြုကျင့်နေရ၏။
ရံတခါလျှင် (ငါလုပ်ချင်သည်က ရဟန်းတရား၊ ငါလုပ်နေရတာက ကိလေသာဒုတ်ထိုးသမားကွ)ဟု မိန့်၏။
(ငါမလုပ်ချင်တော့ဟု အတန်တန်ငြင်း၏။ ကိုယ်တော်ကြီး မဝင်လျှင်မဖြစ်လို့ပါ။ ဒါလေးတော့ ဆက်လုပ်ပါဦးနဲ့ ငါ့မှာ နှစ်ပေါင်းသုံးဆယ်ကျော်လာခဲ့ပြီ)ဟူ၍လည်းမိန့်၏။
(ဝေဘူနှင့်ငါ သည် သာသနာနောက်ပိုင်းမှာ ညီအကိုအဖြစ်နဲ့ ဘဝများစွာတွဲဖက်ပြီး ပါရမီဖြည့်ကျင့်ခဲ့ကြတယ်။ ယခုတော့ သူကငါ့ကိုပစ်သွားပြီကွဲ့) ဟူ၍လည်းမိန့်၏။
(သည်နေ့ရဟန်းကိစ္စပြီးစေ့မည် သည်ဆီချက်အိုးထဲ ခုန်ချဆို ငါခုန်ချရဲပါတယ်) ဟူ၍လည်း အားမလိုအားမရဖြင့် ၄င်းစိတ်ထားအား မိန့်ကြားသေး၏။
ရံတခါတွင်ကား- (အောင်မင်းခေါင်ကြီး ငါ့ကိုပြောတယ်။ သန့်ရှင်းရေ-ဂေါတမဘုရားရှင် လက်ထက်တုန်းက မဟာသာဝက အသီတိရှစ်ကျိပ်ရယ်။ နောင်ပွင့်မည့် မေတ္တေယျလက်ထက်တွင်ကား အသီတိ ရှစ်သောင်းရှိလိမ့်မယ်။ အဲဒီရှစ်သောင်းမင်းနောက်မှာ ရှိတယ်ကွယ့်ဟူ၍ မိန့်သည်) ဟုလည်းမိန့်သေး၏။
ထိုနှင့်တဆက်တည်းပင် (ငါ့ကိုစကြ်ာမင်းဆေးပေါ့လိပ်ကလေး တစ်လိပ်ဘိုးတော်ကပေးပြီး မင်းစကြ်ာရှင် ဖြစ်ပြီကွယ့်ဟူ၍လည်းမိန့်သည်)ဟု မိန့်သေး၏။
၄င်းစကားရပ်များကို ထောက်ချင့်လျက်က အဘကားမေတ္တေယျဘုရားရှင်၏ လက်ထက်တော်၌ ဦးစွာတရားပွင့် စေမည့် ကောဏ္ဍညကဲ့သို့သော သာဝကဆုဖြစ်တန်ရာ၏။
တဖန်လည်း ငါတို့ရောက်စ၏ တစ်နေ့တွင် ငါတို့ကိုလက်ဆွဲခေါ်ခဲ့၍ ဘိုးတော်အောင်မင်းခေါင် အဘပွားတို့ထားရာ အခန်းတွင်းသို့ခေါ်သွားကာ (တွေ့လားငါ့သား အဲဒါက လူတွေကွာ့ ငါက ရဟန်းရယ်ကွာ့။ ဘာလို့သည်လို တစ်ခန်းတစ်နားထားရတာလဲမေး)။
(ငါက လူကိုကိုးကွယ်တာမဟုတ်ဖူး ဆရာကိုလျှင်ကိုကွယ်တာ)ဟူ၏။
ထိုစကားကို ထောက်ချင့်၍လည်း အောင်မင်းခေါင်ကြီးဆိုသည်မှာ လောကီဝိဇ္ဇာမျိုးမဟုတ်၊ ပုပ္ပါးတောင်၏အနီး သပြေကုန်းရွာမှ ဆရာတော် ဦးအာစိဏ္ဏ၏ ရုပ်တော်ထဲဝယ် အလောင်းတော်ကိန်းဝင်ကာ အောင်မင်းခေါင်ကြီး အမည်ခံထားသောဟူ၏။ သို့ကြောင့် အလောင်းတော်နှင့် အဘကား ပါရမီစခန်း၌ တဆက်တည်းသာဖြစ်သဖြင့် အဘကားနောက်သာသနာ၏ အလောင်းအလျာဆိုကားမမှားပြီ။ (စကားချပ်-ကျမအား ဒေါက်တာမြသွင်၏ သားဆယ်ပြားသည်လွန်ခဲ့သောအနှစ် ၂ဝလောက်က ပြောခဲ့ဘူးသည်။ထိုစဉ်ကနားမလည်သဖြင့် ကျမဆရာ

ဒေါက်တာမြသွင်မှ ရှင်းပြခဲ့ရာ ကျမအတွက် အထူးအဆန်းဖြစ်ခဲ့ရပါသည်။ ဆရာကား ဆရာတော်ဘုရားကြီး လူဘဝတွင် အတူကျင့်ကြသူ တည်း)။
အဘသည် ၄င်းအားအပ်နှံထားသဖြင့် တာဝန်ယူရမည့် ထို က္ကုစ္ဆာသယကိုငါတို့အား အပ်နှံရာ၌ ထိုက္ကုစ္ဆာသယ စေတီပုံပါရင်ထိုးလေးအား ဦးစွာပေးသနား၏။ တစ်ဖန် အင်းလျားကန်အနီး လမ်းလျှောက်အတူထွက်ရင်းက (ငါ့သားများကို အင်းပညာသင်ပေးဦးမှာပါကွာ) ဆိုခဲ့ပြီး ကျောင်းသို့ရောက်သော် ငွေမတ်စေ့ တစ်မတ်ပေးအပ်ကာ ချီးမြှင့်ခဲ့၏။

ယခုသော် ထိုတံဆိပ်၊ ထိုငွေတစ်မတ်ကိုင်ဆောင်လျက်က မင်္ဂလာဒုံ၊ ကာယရပ်ကွက်အတွင်းရှိ ထိုက္ကုစ္ဆာသယ စေတီသို့ ငါ၏ဒုတိယမြောက်သာသနပြုအဖြစ် ပန်းရံများနှင့်အတူ သွားရောက်ရပါချေ၏။ အဘကိုယ်တော်တိုင်လျင် လိုက်လံပို့၏။ အဘရှိစဉ်ပင် ငြမ်းဆင်၏။ တစ်ဖန်ဘုရားရှေ့ဝယ် ကြီးမားသော မဏ္ဍာပ်ကျောင်းကြီးတစ်လုံးလည်း ထိုးစေ၏။ ကျောင်းလည်းဖြစ် မဏ္ဍာပ်လည်းဖြစ်စေ၏။
က္ကုစ္ဆာသယစေတီတော်ကြီးကိုကား ငှက်ပျောဖူးမှသည် ခေါင်းလောင်းပုံတော်၏ အောက်ကြေးခွေကြာအုံများ တိုင်အောင် ဖာထေးသင့်သည်များဖာထေးရခြင်း၊ ခွာသင့်သည်များခွာလှပ်လကျ်က အသစ်ကိုင်ခြင်းများ ပြုလုပ် ပေးရ၏။ နှစ်အားဖြင့် ၁၃၄၁ ခုထဲသို့ဝင်လာ၏။
ဘုရားရှေ့၏ မဏ္ဍာပ်ကျောင်းကြီး ပြီးစီးလေသော် အဘကိုယ်တော်တိုင်ကြွရောက် သီတင်းသုံးတော့၏။ ငါတို့ကိုလည်း-
(သားရဲ့ ဘုရားတည်တာက ပန်းရံတည်တာကွာ့။ ငါတို့က ငါတို့အလုပ် ငါတို့လုပ်ရမည်)။
ဤသို့လျှင် သတိပေးကာ အဘလည်း အခန်းတွင်းမှပင် တရားအားထုတ်၏။ ငါတို့သည်လည်း ဓမ္မာရုံဟောင်းကြီး၏ အတွင်း၌ အလုပ်ကိစ္စ အထွေအထူးမရှိ တရားကိုသာမှတ််တော့ချေ၏။ အလှူခံမရှိ၊ အလှူခံခွက်၊ အလှူဌာနလည်း မထားရှိ။ သူ့အလိုလို နဂိုအတိုင်းပင် ကြားရာအရပ်တို့မှ သူ့အဆက်နှင့်သူ လာရောက်ကြကာ ထည့်ဝင်ရာ မတောင်းဘဲနှင့် တောင်းဆုနှင့်ကောင်းမှု ပြည့်သွား၏။ သို့နှင့် စေတီပြီးစီးရာ နောက် စေတီရှိရာ သိမ်ပါ၊ ပါစေတော့၏။ (အဘဆိုသည်မှာ အဘဝိမလကိုဆိုခြင်းဖြစ်ပါသည်)
(စကားချပ်=ကျမသည်လည်း ၀ိပသနာအားထုတ်ရာမှ မည်သို့မည်နယ် ၀ိဇ္ဇာနယ်ဘက်ရောက်သွားသည် မသိ အဘအောင်မင်းခေါင်ကြီးနှင့်ဆက်နွယ်လာတော့၏။ ခိုင်းတာလည်း လုပ်ရလေရာ ပိတ်ရက်တွင် ကျမ ပုဂံသို့အကြိမ်ကြိမ်သွားရ၏။ တောင်တွင်းကြီးသို့လည်းသွားခဲ့ရဘူး၏။ ကျမအားဖြင့် တဆင့်ခံဖြင့်သာ ခိုင်း၏။ တိုက်ရိုက်ကားမခိုင်းချေ။ သို့သော် အိမ်မက်ထဲတွင် အသံသြဇာပြည့်စုံသော အသံတသံကား လူမမြင်ရ။ အသံကားကြားရ၏။ အိမ်မက်သာပြောင်းသွားမည် အသံကားမပြောင်း။ မိန့်သွားတိုင်း နောင် ၄-၆လ ကြာသော်ဖြစ်လာ၏။

ကျမသည်လည်း တကြိမ်သော် ဘိုးတော်အောင်မင်းခေါင်အား မကြေမနပ်ဖြစ်ရာ အကြီးအကျယ်ပြန်ပြောဘူးသည်။ သို့ဖြစ်ရာ ကျမအား (နေရာရွေ့ရမည် နင့်ထိုုက်နှင့်နင့်ကံ)ဟု အိမ်မက်လာပေးရာ ၊ အိမ်မက်ပေးပြီး ၆ လအကြာတွင် မသက်မသာဖြင့် ဒုက္ခပေးသူများ ပေါ်လာပြီး လက်ရှိတာဝန်ယူထားသော နေရာမှ ဖယ်ပေးလိုက်ရ၏။ ထိုကိစ္စတွင် ကျမသည် ပြန်လည်ချေပခွင့်မရှိသော မတရားသဖြင့်နည်းဖြင့် တဖက်သတ်ဆုံးဖြတ်ခံရခြင်းဖြစ်ပါသည်။ သို့သော် ကျမသည် ကျေနပ်၏။ အတော်သီးခံလိုက်ရသဖြင့် သီးခံရ သောပါရမီဘက်တွင် ပါရမီလေးအသင့်အတင့်တော့ ပါသွားသည်။ ၄င်းအပြင် ကျမသည် အပူကို အအေးနှင့်ဆေးတတ်သောပင်ဂိုစရိုက်ကြောင့် ထိုလူကြီးအား ရှောင်ကွင်းသည့်အနေဖြင့် တရားရိပ်သာတွင် သွားရောက်တရားထိုင်ဖြစ်ရာ ကျမသည် အရှုံးထက် မမြတ်ထွက်သွားလေတော့သည်။ နောင်တွင် ကျမသဘောပေါက်လာသည်မှာ ဘိုးတော်အောင်မင်းခေါင် ကား တပည့်တပန်းများစွာရှိ၏။ သူကလုပ်ခြင်းမဟုတ် သူ့တပည့်များက ဆရာအားပြန်ပြောသဖြင့် ကျမအား အောက်လက်ငယ်သားများက ပြန်ပြောခြင်း၊ အာခံခြင်း၊ ပြသနာရှာခြင်းများကိုခံခဲ့ရပေသည်။ ဓါတ်စီးများထံသို့ အဘအောင်မင်းခေါင်သည်ကိုယ်တိုင်ကြွလာရောက်ပြောဆိုခြင်းနည်း၏။ သက်ဆိုင်ရာကိုယ်စောင့်နတ်များ၊ ပဌာန်းဆက်များ၊ မိမိတို့ကိုးကွယ်သော နတ်များ၊ ရိုးရာများမှ ဝင်ရောက်၍ ဓါတ်စီးခံသူမှတဆင့် မိမိတို့ အကြောင်းကို ပြောကြားနေခြင်းသာဖြစ်ပါသည်။ လူတွေက အဘဓါတ်စီးဆို၏။ အဘအမည် ကိုဒိုင်ခံသုံး၍ ဟောကြပြောကြရှာစားကြ၏။ အမှန်ကားမဟုတ် နေရာတိုင်း အဘမဟုတ်။ သမထလိုင်းကအခေါ်အားဖြင့် အဟိတ်တို့သာတည်း။ တပည့်တပန်းများသာတည်း။ အစစ်အမှန်ကား ကိစ္စရှိမှသာ ကြွလာတတ်ရာ။ တခါတရံတွင် တပည့်အဟိတ်များ တောင်ပြောမြောက်ပြောဝင်ပြောသဖြင့် သူများသည် အဘအောင်မင်းခေါင် ဟု ယုံထင်ကြောင်ထင် ဖြစ်လာတတ်သည်ကို အဘအောင်မင်းခေါင် ပြောသည်ဟု စွဲဲမှတ်မှားမှာစိုးသောကြောင့် ယခုရှင်းလင်းလိုက်ခြင်းဖြစ်ပါသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ဖြစ်ဖူးလေရာ ကျမသည် ကျမအား တောင်ပြောမြောက်ပြောပြောရမလားဟု စိတ်ဆိုးကာ အဘအား ပြန်ပြောဖြစ်သွားခြင်းဖြစ်ပါတော့သည်။ ကျမ၏ဆရာမသည် ဘုရားတွေတည်ရာတွင် ဒိုင်ခံညွှှန်ကြားပေးရသူဖြစ်ရာ သူထံသို့လည်း အဘမကြာခဏကြွလာတတ်၏။ အဘတို့နှင့်ပဌာန်းဆက်ရှိသူ အလုပ်တွဲလုပ်ရမည့်သူများတွင်သာကြွလာသည်ကားများ၏။)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မေတ္တာရိပ်အောက်မှ မတောင်းဘဲနှင့် တောင်းဆု နှင့်ကောင်းမှုပြည့်စုံကြပါစေသတည်း။