ဣတိပိသောဘဂဝါ-
(၁) အရဟံ၊
(၂) သမ္မာသမ္ဗုဒ္ဓေါ၊
(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊
(၄) သုဂတော၊
(၅) လောကဝိဒူ၊
(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊
(၇) သတ္ထာဒေဝမနုဿာနံ၊
(၈) ဗုဒ္ဓေါ၊
(၉) ဘဂဝါ။

ဘုရားဂုဏ်တော်(၉)ပါး အနက်
=================
(၁) သောဘဂဝါ -ထိုတပည့်တော်တို့၏ဆရာ မြတ်စွာဘုရားသည်၊ ဣတိပိ -ဤသို့လျှင် ဗြဟ္မာ၊နတ်၊လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော
အတုမရှိသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိညာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း အရဟံ -အရဟံမည်တော်မူ၏။

(၂) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင်သစ္စာဉေယျဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့်လည်း၊
သမ္မာသမ္ဗုဒ္ဓေါ -သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။

(၃) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင်စရဏအပြား (၁၅)ပါးတည်း သုံးပါးရှစ်ဖြာညဏ်ဝိဇ္ဇာတို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော -ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။

(၄) သောဘဂဝါ - သည်၊ ဣတိပိ - ဤသို့လျှင် သဿတဒိဋ္ဌိဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိဘဲ၊ မဇ္စျိမပဋိပတ်၊ ကောင်းမြတ်ဖြောင့်တန်း၊မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ၊ ဘေးမဲ့ပြည်သို့ ြ<ွကချီဆိုက်ရောက်တော်
မူသောကြောင့်လည်း၊သုဂတော -သုဂတမည်တော်မူ၏။

(၅) သော ဘဂဝါ -သည်၊ ဣတိပိ-ဤသို့လျှင်ကာမ၊ ရူပ၊ အရူပဟု၊ လောကအပြင်၊ ဘုံတစ်ခွင်ကိုကုန်စင်ခပင်း၊ မကျန်ကြွင်းအောင်၊အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လည်း၊
လောကဝိဒူ -လောကဝိဒူ မည်တော်မူ၏။

(၆) သော ဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင် ဇာတိမာန်၊ ပုညမာန်၊ ဂုဏမာန်၊ ဗလမာန်၊ ဣဒ္ဓိမာန်၊ ပညာမန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ၊
အင်္ဂုလိမာလ၊ သစ္စကနှင့် ဗကဗြဟ္မာ၊ သတ္တဝါတို့ကို ဒေသနာသံ ဆိပ်အံငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း၊အနုတ္တရောပုရိသဓမ္မသာရထိ -အနုတ္တရောပုရိသဓမ္မသာရထိမည်တော်မူ၏။

(၇)သောဘဂဝါ-သည်၊ ဣတိပိ -ဤသို့လျှင် လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရိုပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူ
သောကြောင့်လည်း၊ သတ္ထာဒေဝမနုဿာနံ -သတ္ထာဒေဝမနုဿာန မည်တော်မူ၏။

(၈)သောဘဂဝါ-သည်၊ဣတိပိ-ဤသို့လျှင်၊ သစ္စာလေးရပ်တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့်လည်း၊
ဗုဒ္ဓေါ -ဗုဒ္ဓမည်တော်မူ၏။

(၉) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင် ဘုန်းတော်အနန္တ,ကံတော်အနန္တ, ညဏ်တော်အနန္တ, တန်ခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါးလူအများတို့ လေးစားဂရု ချီပမှုကြောင့်လည်း၊
ဘဂဝါ -ဘဂဝါမည်တော်မူ၏။

ဘုရားဂုဏ်တော်(၉)ပါး ပါဠိကဗျာ
=================
ဣတိပိ သော ဘဂဝါ -ဘုရားဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ ဆိုစို့ကွယ်။
၁။ အရဟံ -ကိလေသာတွေ ကင်းစင်ပြတ်လို့ လူ၊ နတ်၊ ဗြဟ္မာ ပူဇော်တယ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ -တရားအလုံးစုံ ကိုယ်တိုင်သိလို့ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော -ထူးတဲ့အသိညဏ် အကျင့်မှန်များလည်း ကောင်းစွာထင်ရှား ပြည့်စုံတယ်။
၄။ သုဂတော -ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ လောကဝိဒူ -'သတ္တ, သင်္ခါရ, သြကာသ'တဲ့ လောကသုံးပါး သိမြင်တယ်။
၆။ အနုတ္တရောပုရိသဓမ္မသာရထိ -မယဉ်ကျေးသူ ယဉ်အောင် ပြုတဲ့၊ ဆုံးမမှုမှာ သာလွန်တယ်။
၇။ သတ္ထာဒေဝမနုဿာနံ -လူ,နတ်,ဗြဟ္မာ သတ္တဝါများရဲ့၊ ဆရာ ထင်ရှား ဖြစ်ပါတယ်။
၈။ ဗုဒ္ဓေါ -လေးပါးသစ္စာ စိတ်ဖြာသိတဲ့၊ ညဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘဂဝါ - ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့၊ တစ်စမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွယ့်၊ အသည်းစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ် ...မှတ်ကွယ် ...

++++++++++++++++++++++++++++++++++++++++++

“ဘုရားဂုဏ်တော်ပွားနည်း”

"ဗုဒ္ဓါနုဿတိ"
********

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သန္တာန်တော်မှာ တကယ်ရှိနေတဲ့ အငြိမ်းဓာတ်ကို အာရုံပြုပြီးတော့ ဂုဏ်တော်တွေကို ပွားများကြမှာပါ။

ပွားရိုးပွားစဉ် " အရဟံ။သမ္မာသမ္ဗုဒေါ္ဓ…………" စသည်ဖြင့် သော်လည်းကောင်း ……
* ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူပါသော မြတ်စွာဘုရား
*မဖောက်မပြန်မိမိကိုယ်တိုင်သာလျှင် သစ္စာလေးပါး မြတ်တရားတို့ကို ထိုးထွင်းသိမြင်တော်မူပါသော မြတ်စွာဘုရား စသည်ဖြင့် မြန်မာပြန်သက်သက် အားဖြင့်လည်းကောင်း……
ပါဠိ+ မြန်မာအနက် တွဲလျက်သော်လည်းကောင်း…… မိမိတို့အာရုံယူလို့ အဆင်ပြေဆုံးဖြစ်အောင် ပွားများကြဖို့ပါ။

ပုတီးစိတ်လျက်သော်ပဲဖြစ်ဖြစ် စိတ်ထဲမှာအာရုံယူ၍သော်ပဲဖြစ်ဖြစ် နှုတ်ကမြွက်၍ သော်ပဲဖြစ်ဖြစ်မိမိတို့သဒ္ဓါတရားရှိသလို အဓိက ကတော့ ဗုဒ္ဓဂုဏ်တော်တွေမိမိသန္တာန်မှာကူးစက်ပြီး ငြိမ်းအေးဖို့ရာ ချမ်းသာဖို့ရာဖြစ်ပါတယ်။ ဗုဒ္ဓကျင့်ကြံသလို မိမိတို့လည်းကြိုးစားကျင့်ကြံမယ်လို့ သမ္မာ အယူဝါဒတွေ ကူးစက်ဖို့ရာဖြစ်ပါတယ်။

ဂုဏ်တော်တွေပွား အဓိဋ္ဌာန်တွေဝင်ပြီးတော့ တိုက်ကြီးရဖို့ ကားကြီးစီးဖို့ ထီပေါက်ဖို့ စသည် ကာမဂုဏ်တွေဘက်ကို ဦးတည်ပြီး ဘာဝနာတွေပွား နေတာမျိုးလည်းမဖြစ်စေရပါ။
ဗုဒ္ဓရဲ့သူတော်ကောင်းအငြိမ်းဓာတ်တွေ အအေးဓာတ်တွေ ပြန်နှံ အေးချမ်းစေဖို့ပါ။

ဂုဏ်တော် တန်ခိုးကြောင့် သတ္တလောကကြီးတစ်ခုလုံး ငြိမ်းအေးကြပါစေ။ အေးမြချမ်းသာကြပါစေ။

ရွှေဘုန်းရိပ်ဆရာတော် အရှင် ရာဇိန္ဒ(ကံမ)

++++++++++++++++++++++++++++++++++++++++++

ဘုရားဂုဏ်တော် ပွားရခြင်းအကျိုး ၁၇ မျိုး
======================
၁။ ဂုဏ်တော်ပွားသောသူ၏ ခန္ဓာကိုယ်သည် စေတီကဲ့သို့ ပူဇော်ထိုက်သည်။

၂။ စိတ်ဓာတ်တည်ကြည် ခိုင်မာသည်။
(လောကဓမ်ကို ခံနိုင်ရည်ရှိသည်)

၃။ သေလွန်သည့်နောက် နတ်ပြည်ရောက်ရသည်။

၄။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြင်ရ၍ တရားနာကြားရသော် တရားရလွယ်သည်။

၅။ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ်ရသည်။

၆။ လူအများ၏ ရိုသေလေးမြတ်ခြင်းကို ခံရသည်။

၇။ ကိုယ်အင်္ဂါခြေလက် ပြည့်ဝစွာဖြင့် လူဖြစ်ရသည်။

၈။ အဆင်းရူပ လှပချောမောသည်။

၉။ ခန္ဓာကိုယ်တွင် ကြာညိုရနံ့ သင်းပျံ့သည်။

၁၀။ ခံတွင်း၌ ကြာညိုရနံ့သင်းပျံ့သည်။

၁၁။ ပညာဉာဏ်ကြီးမားသည်။

၁၂။ နက်နဲသော ပညာရှိသည်။

၁၃။ ထက်မြတ်သော ပညာရှိသည်။

၁၄။ ရွှင်လန်းသော ပညာရှိသည်။

၁၅။ လျင်မြန်သော ပညာရှိသည်။

၁၆။ ဆန်းကြယ်သော ပညာရှိသည်။

၁၇။ ကောင်းမွန်မြင့်မြတ်သော စကားကိုသာ ပြောဆိုနိုင်သည်။
(အာဝဇ္ဇန်းရွှင်သည်)