" ဝေဒနာ "
" ဝေဒနာ " အကြောင်း ကို....
(၂ဝ၁၇ ဇန်နဝါရီလ ၊ ၂-ရက် ) တုန်းကတော့.. " ဝေဒနာကို မနာအောင် ရှုနည်း "ဆိုတဲ့ ခေါင်းစဉ် နဲ ့ရေးသားဖေါ်ပြခဲ့တဲ့အပြင်၊ " ဝိပဿနာနဲ့ ဆိုင်ရာစာစုများ " ဆိုပြီး စာအုပ် ထုတ်ဝေတုန်းကလည်း ထည့်သွင်းရေးသားဖေါ်ပြခဲ့ဖူးပါတယ်။
ရန်ကုန်မြို့အပြင် အခြားပြည်နယ်တွေက မြို ့တွေကို ဖြန် ့ဖြူးထားပေမယ့်လည်း၊ တစ်ချို ့ဝေးလံတဲ့ အရပ်တွေမှာ၊ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်လက်ဝယ် မရရှိသူတွေ ရှိကြပါတယ်။
ဒါ့အပြင်..
အင်တာနက် ဖေ့စဘုတ်က ဘာ အခက်အခဲ ဖြစ်လဲဆိုရင် ဖတ်ချင်တဲ့ စာမျက်နှာ ကို ရှာဖွေတဲ့အခါ ရေးထားတဲ့ စာစုတွေဟာ အဟောင်းစာမျက်နှာ ဖြစ်လေလေ၊ ရှာဖွေရတာ အချိန်ကြာလေလေ၊ ပြီးတော့..လောလောဆယ်မှာ မြန်မာနိုင်ငံရဲ ့အင်တာနက် ဆက်သွယ်မှုတွေဟာ တစ်ခြားနိုင်ငံက အင်တာနက်လို ့ မြန်ဆန်မှု မရှိလောက်သေးတဲ့အတွက် အခုလို ဖေ့စဘုတ်က စာမျက်နှာအဟောင်းကို ဖတ်ရှုတဲ့ အခါ မှာ ရှာဖွေရ ခက်ခဲမှု ကို ပိုပြီးကြုံတွေ ့ကြရပါတယ်။
ဒါ့ကြောင့်..
စာအုပ်လက်ဝယ်မရရှိဘဲ ပြန်ဖတ်ချင်တဲ့ ဓမ္မမိတ်ဆွေ တချို ့ကလည်း အသစ်ပြန်တင်ပေးဖို ့မေးလာတဲ့အပြင်၊ အခုမှ စပြီး တရားအားထုတ်မယ့် ဓမ္မမိတ်ဆွေတို့အတွက်လည်း မဖြစ်မနေ သိသင့်သိထိုက်တာမို ့...
အရင်က ရေးသားဖေါ်ပြဖို ့ကျန်ခဲ့တာလေးတွေကိုပါ နည်းနည်းဖြည့်စွက်ပြီး တရားစတင်အားထုတ်ကြတဲ့အခါ ဖြစ်လာမယ့်၊ ကြုံတွေ ့လာမယ့် " ဝေဒနာ "ကို ပျောက်အောင် ဘယ်လို ရှုသင့်တယ်ဆိုတဲ့အကြောင်းကို " ဝေဒနာ.. ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း " ဆိုတဲ့ ခေါင်းစဉ် နဲ ့အသစ် ထပ်မံရေးသားဖေါ်ပြလိုက်ပါတယ်။
ခုမှစပြီး တရားထိုင်တော့မယ်ဆိုရင်၊ တရားအားထုတ်တော့မယ်ဆိုရင်၊ လောလောဆယ်မှာတော့..စိတ်တွေကတော့ မငြိမ်ဘူး၊ တရားတွေ မတက်ဘူး ဆိုတာတွေထက်၊ အကျင့်မရှိဘဲ နဲ ့ခုမှစပြီး တရားအားထုတ်တဲ့သူကတော့ အရင်ဆုံး မဖြစ်မနေ ကြုံတွေ ့ရမှာက..
" ဝေဒနာ "ပါ။
" ဝေဒနာ " ဆိုတာ..
အလွယ်ဆုံးမှတ်သားချင်ရင်တော့..." ခံစားမှု " လို ့ခေါ်ပါတယ်။
ဘာတွေ ကို ခံစားကြတာလဲ ဆိုရင်...
ကောင်းတာကို ...ခံစားချင်တယ်။
မကောင်းတာကို.. မခံစားချင်ပေမယ့်..ခံစားရတယ်။
" ကောင်းတာ နဲ ့မကောင်းတာ” ပေါ့။
တချို ့လည်း နားလည်သဘောပေါက်ပြီးသား ဖြစ်ကြမှာပါ။
ပုထုဇဉ်တို ့အနေ နဲ ့ ...
အများစု က "နာကျင် ကိုက်ခဲ" မှ "ဝေဒနာ" ဆိုပြီး မှတ်ယူနေကြသူတွေ များပါတယ်။ အဲဒီအတွက်ကြောင့် " ဝေဒနာ "အကြောင်းကို အရင်ဆုံး အကြမ်းဖျင်းရှင်းပြပါရစေ...

ဝေဒနာက (၃)မျိုးရှိပါတယ်။
( ၁ )ခံစားလို ့ ကောင်းတယ်၊ ကြိုက်တယ်ပေါ့ ၊ အဲဒီလို ခံသာတဲ့ "ဝေဒနာ"ကို "သုခဝေဒနာ"လို့ခေါ်ပါတယ်။
( ၂ )ခံစားလို ့မကောင်းဘူး၊ မကြိုက်ဘူး ဆိုတဲ့ အဲဒီလို မခံသာတဲ့ "ဝေဒနာ" ကို "ဒုက္ခဝေဒနာ"လို့ခေါ်ပါတယ်။
ပြီးတော့..
( ၃ ) ခံသာတာလဲမဟုတ်ဘူး၊ မခံသာတာလဲမဟုတ်ဘူး ဆိုတဲ့ ဝေဒနာ ကို
"ဥပေက္ခာဝေဒနာ"လို့ ခေါ်ပါတယ်။

နာတဲ့ ဝေဒနာ ကို ပျောက်နေအောင် ဘယ်လိုရှု မှာလဲဆိုပြီး ဖေါ်ပြမှာ ဖြစ်လို ့..
အဲဒီ " ဝေဒနာ" သုံး မျိုးထဲက..
" ဒုက္ခဝေဒနာ " အကြောင်းဘဲ လောလောဆယ် ပြောပါရစေ။
ဘာလို ့လဲဆိုတော့..
အထက်မှာ ရေးပြသလို၊ တရားအားထုတ်ကြသူတိုင်း ကြုံတွေ ့ကြရတာ၊နာကျင် ကိုက်ခဲ တဲ့" ဝေဒနာ" ပါ။ နာကျင် ကိုက်ခဲတာ ကို အများစုက ကြိုက်မှ မကြိုက်ကြတာကိုး..။ဒီဝေဒနာ က ပိုပြီး သိသားလွန်းတဲ့အတွက်..
ဓမ္မမိတ်ဆွေ တို ့ဟာ "ဝေဒနာ" လို ့ပြောလိုက်တာနဲ ့အဲဒီ "ဒုက္ခဝေဒနာ" ကြီး ကို ပြေးပြေးမြင်နေကြပါတယ်၊ တရားအားထုတ်တဲ့ အခါ အဲဒီဝေဒနာ ပေါ်လာမှာ ကို စိုးရိမ်ကြပါတယ်၊ ခန္ဓာ ရှိသ၍.. "ဝေဒနာ" က ပေါ်တာ ဓမ္မတာတရား ပါ။
မိမိတို ့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင် ပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ကုသပေး၊လုပ်ပေးနိုင်တာ..
မြတ်စွာဘုရားရှင်ကိုယ်တိုင် ရှာတွေ ့ထားတဲ့ မှန်ကန်တဲ့ "ဗုဒ္ဓတရားတော်" တွေကသာ အဲဒီ " ဝေဒနာ " ကို ကုစား ပေးနိုင်တာပါ။
"ဝေဒနာ လာသေးလား "
" ဝေဒနာချုပ်သွားပြီလား"၊ "ဝေဒနာ" ၊"ဝေဒနာ"ဆိုတဲ့ ဒီစကား ကို တရားအား ထုတ်ဖူးသူတိုင်း တရားစခန်းတိုင်းမှာ ပဲ ဖြစ်ဖြစ်၊ အချင်းချင်း တရားဆွေးနွေးကြတဲ့ အခါ မှာပဲ ဖြစ်ဖြစ်၊ တရားနာကြားတဲ့ အခါတွေမှာပဲ ဖြစ်ဖြစ် အမြဲကြားရတဲ့ စကားလုံးဖြစ်နေပါတယ်..
နာကျင်တာကို ပဲ "ဝေဒနာ" လို သတ်မှတ်ကြတာကိုလည်း အပြစ်လို ့မပြောလိုပါဘူး၊ ခုနပြောသလို နာကျင်တာက ထင်ရှားနေတာကိုး...။

တချို ့က......
" ကျနော်ဗျာ.. နေ ့တိုင်း ( ၁ )နာရီ အချိန်မှန်မှန် မကွက်မပျက်တရားအားထုတ်ဖြစ်ပါတယ်။အခုဆို ကျနော့်မှာ ဝေဒနာ ဆိုတာ မရှိတော့ဘူး"..တဲ့။
တချို ့ကျပြန်တော့လည်း...
"ကျမ..ဝေဒနာ ချုပ်သွားပြီ။အရင်က တရားထိုင်ခါစမှာ အရမ်းကိုသေချင်လောက်အောင် နာပါတယ်။ ဝေဒနာ ပေါ်လာလို ့မှတ်ရင်းမှတ်ရင်း နဲ့ အခု ဆို တရားထိုင်တိုင်း အဲဒီဝေဒနာ မလာတော့ဘူး"..တဲ့..၊ "ဝေဒနာချုပ်"သွားပြီတဲ့။
ဒီလိုရှိပါတယ်..
ဥပမာအနေနဲ ့ပြောရရင်..
လူတစ်ယောက်ဟာ အပြေးလေ့ကျင့်တယ် ဆိုကြပါစို့။
လေ့ကျင့်ခါစမှာတော့.. အလေ့ကျင့်မရှိယင် ( ၁ဝ )မိနစ်လောက် ပြေးရင် လည်း မောပါတယ်၊ အမောမခံနိုင်ပါဘူး။ဒီလိုနဲ ့နေ ့တိုင်း ပုံမှန် လေ့ကျင့်လာတဲ့ အခါ ကြာလာတော့ ( ၁ )နာရီ၊( ၂ )နာရီကြာ ပြေးရင်တောင် မှ အမောခံနိုင်လာတာကို တွေ ့ရမှာပါ။ဒါက ဘာလို ့လဲ ဆိုတော့ "အလေ့အကျင့်"ပါ။
ဒီလိုပါဘဲ တရားထိုင်ခါစ မှာ အလေ့ကျင့် မရှိတော့ နာလာ၊ကိုက်ခဲလာတယ် ဆိုတာ မဆန်းပါဘူး။ ဆန်းတယ် ဆိုတာက အဲဒီ နာတာကိုက်ခဲတာ ကို ရှုနိုင်တယ် ဆိုတဲ့ "ဝိပဿနာဉာဏ်"ဘဲ။
ယောဂီ အနေနဲ ့ခုလို နေ့စဉ် ( ၁ )နာရီ၊ (၂ )နာရီ ပုံမှန် တရားထိုင်လို ့" ဝေဒနာ " မလာတော့ဘူးဆိုတာ မဆန်းပါဘူး။ဒါ အကျင့်ဖြစ်သွားပြီကိုး...။
မနာတော့ဘူး ဆိုရင်..ထိုင်နေကျ အချိန်ထက် နည်းနည်း လောက် အချိန်ပိုပြီးထိုင်ကြည့်တဲ့အခါ..ပြင်းထန်တဲ့ နာကျင်တဲ့ ဝေဒနာတွေဟာ ထပ်ပြီးပေါ်လာပါမယ် ဆိုတာ တွေ ့ရပါလိမ့်မယ်။
ခန္ဓာ ရှိရင် "ဝေဒနာ"ဆိုတာ ရှိပါတယ်။ ဝိပဿနာဉာဏ် အားမပြည့်သေးဘဲနဲ ့ ဟိုတွေးဒီတွေး နဲ ့အတွေးချော်နေမှာ စိုးလို ့သတိပေးရတာ ဖြစ်ပါတယ်။
" ဝေဒနာ" ရှိတာကို သိနေရပါမယ်။ အဲဒီပေါ်လာတဲ့ ဝေဒနာ ကို ကိုယ့်အနေနဲ ့ခံနိုင်အောင် ရှုနိုင်တာကမှ..
" ဝေဒနာကို နိုင်တယ် ခေါ်တာ..ဝေဒနာချုပ်တယ်" လို ့ခေါ်တာပါ။
တစ်နေ ့လုံး မထဘဲ ထိုင်ကြည့်လိုက်ပါ၊ အဲဒီ နာကျင်တဲ့ ဝေဒနာ ဟာ ပေါ်လာလိုက်၊ သူဟာသူပျောက်သွားလိုက် အကြိမ်ပေါင်းများစွာဖြစ်ပျက်နေမယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါ သဘာဝတရားပါ ကိုယ်လုပ်ယူနေတာ မဟုတ်ပါဘူး။
ဝေဒနာကို ရှုတဲ့အခါမှာ-
( ၁ ) ဝေဒနာကို ပျောက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရှုတာရယ်၊
( ၂ ) ဝေဒနာကို အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြမ်းကြီး နဲ့ ရှုတာရယ်၊
( ၃ ) ဝေဒနာကို သိအောင် ရှုတာရယ် ဆိုပြီးရှိပါတယ်။
ပထမနည်း နဲ့ ဒုတိယနည်းက.....
ပယ်ရမယ့်နည်းပါ။
ဝေဒနာကို ပျောက်ချင်တဲ့ စိတ် နဲ့ မရှုပါနဲ့။ သူများတွေ ဝေဒနာ ကျော်သွားတယ်၊ ပျောက်သွားတယ်ဆိုရင် ကိုယ်လည်း ပျောက်ချင်၊ ချုပ်ချင်တယ်။ အဲဒီစိတ်နဲ့ရှုရင် မှတ်ချက်တိုင်းမှာ ဝေဒနာပျောက်ချင်တဲ့ "လောဘ" ပါနေတယ်။
ဒီ ဝေဒနာ ပျောက်ချင်စိတ်ကြီး နဲ့ ရှုနေတော့ လောဘ ဖြစ်နေမှာပါပဲ။
တချို့ကျတော့လည်း ဒေါသ သမားက ရှိပါသေးတယ်။ ဒီလောက်တောင် နာတဲ့ဟာ ကို အပြုတ်တိုက်မယ် ဆိုတဲ့ဒေါသကြီး နဲ ့ပေါ့ဗျာ။ အဲဒီဒေါသကြီး နဲ့ လည်း ရှုမှတ်လို ့မဖြစ်ပါဘူး။
ဝိပဿနာ ရှုတယ် ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကုန်အောင်၊ ပါးအောင် လုပ်တာ ဖြစ်ပါတယ်။အဲဒါကြောင့် လောဘ၊ ဒေါသကြီး နဲ့ ရှုရင်တော့ ရှုနည်းမှားပါတယ် လို ့ပဲ ဆိုရမှာပါ။
အဲဒါကြောင့်...
"ပျောက်ချင်တဲ့..စိတ်ကြီးနဲ့ မရှုပါနဲ့" တဲ့။
"အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြီးနဲ့ မရှုပါနဲ"တဲ့။
ဘယ်လိုနည်းနဲ့ "ရှုမှတ်"ရမလဲဆိုရင်-
ဝေဒနာကို " သိအောင် "ရှုရပါမယ်။
” ဝိပဿနာ ” ဆိုတာ “ ရုပ်တွေ နာမ်တွေရဲ့သဘော ” ကိုသိအောင်လုပ်တာပါ။
လှုပ်ရှားနေတာတွေ၊ မာတာ ပျော့တာတွေ၊ ပူတာအေးတာတွေက "ရုပ်တရား "။
အခုခံစားနေရတဲ့ ဝေဒနာတွေကနာမ်တရားတွေ။ အဲဒီ နာမ်တရားဖြစ်တဲ့ ဝေဒနာ တို့ ၊စိတ်တို့ရဲ့သဘောကို ဝိပဿနာဉာဏ် နဲ့ ရှုမှတ်နေရတာပါ။

" ချမ်းမြေ ့ဆရာတော်ဘုရားကြီး " ဟောကြားတဲ့ ဝေဒနာရှုတာကို ( ၃ )မျိုးခွဲပြီး...
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း၊
၃။ ရန်သူကို ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို အချော့သတ်နည်း..ဆိုပြီး ဟောထားတာရှိပါတယ်။

*လူငယ် ၊ လူရွယ် တွေ အသက်ငယ်ပြီး ကျန်းမာရေးကောင်းတဲ့ လူတွေ အတွက် ကတော့...
" ရင်ဆိုင်တိုက်ခိုက်နည်း "က ကောင်းပါတယ်။

*ရောဂါရှိတဲ့သူ၊ ဥပမာ-နှလုံးရောဂါရှိတဲ့သူ ဆိုရင် ချုံခိုတိုက်ခိုက်နည်းကကောင်းပါတယ်။ “ ချုံခိုတိုက်ခိုက်နည်း” က ကိုယ့်ရဲ့ ကမ္မဋ္ဌာန်း ကို များများမှတ်ပြီး၊ နောက်မှ...ဝေဒနာ ကို ပြန်ရှုတာ။
ဒါက “ ချုံခိုတိုက်ခိုက်နည်း”ပါ။

*အင်မတန်အသက်ကြီးတဲ့ ပုဂ္ဂိုလ် ကတော့ မှတ်နေကျ ပင်တိုင်ကမ္မဋ္ဌာန်း ကို အကြာကြီး မှတ်၊ မခံမရပ်နိုင် နာကျင်လာရင် ၊ထိုင်တဲ့ ပုံစံလေး ကို အသာလေးပြင် နောက်မှ ဝေဒနာကိုရှု။
အဲ့ဒါ..."အချော့သတ်နည်း"ပေါ့။

"ရင်ဆိုင်တိုက်ခိုက်နည်း" ဆိုတာ...
ဝေဒနာ အပေါ်စိတ်ကိုတည့်တည့်မှတ်မှတ်ထားပြီး၊ နာတဲ့အပေါ် စိတ်ကိုတည့်တည့်ထားပြီး "ထိုင်တယ်၊ ထိတယ်၊ နာတယ်".... "ထိုင်တယ်၊ ထိတယ်၊ နာတယ်"-လို့ စူးစူးစိုက်စိုက်မှတ်။နာတာ ကျဉ်တာတွေကို စိတ်ရှည်ရှည်နဲ့သည်းညည်းခံပြီး မှတ်တာပါ။
ပေါ်လာတဲ့ ဝေဒနာတွေက ဒုက္ခသစ္စာ။
ဖြစ်တဲ့အတိုင်းမှတ်နေတာက မဂ္ဂသစ္စာ။
အပါယ်လေးပါးမကျအောင်လို့ဒုက္ခသစ္စာ ကိုသိဖို့ အတွက် ဝေဒနာ ကို ရှုမှတ်တာ က ပိုပြီးထိရောက်နိုင်တာ ဖြစ်ပါတယ်။

"ဝေဒနာ၊သတိ" ဆိုတာ...
နာရင် နာတယ်လို့မှတ်တာ။အဲဒီလို နာတာကို မှတ်နေရင်း " သတိ "က အားကောင်းလာပြီး.." ဝေဒနာ၊ သမာဓိ "ဖြစ်လာပါတယ်။
အဲဒီ ဝေဒနာနဲ့သမာဓိ ဘောင်ချိန်လိုက်ရင် "ပညာ"ပေါ်လာပါတယ်။
" ဒုက္ခဝေဒနာ "ကို ကျော်လွန်အောင် မမှတ်နိုင်လို့ရှိရင်တော့ ၊ တရားထူးရဖို့တော်တော်လေး ကျင့်ယူရမှာဖြစ်ပါတယ်။
ရင်ဆိုင်တိုက်ခိုက်နည်းတော့.... မြန်မြန်ဆန်ဆန် တရားသဘောတွေ မြန်မြန် ပိုသိနိုင်တာပေါ့..နော်။
အဓိက က .. နာလာတဲ့ ဝေဒနာ ကို သဘောပေါက်ဖို ့အရေးကြီးပါတယ်။
ပထမဆုံးအနေနဲ ့...
"ရောဂါ ကြောင့် နာတာလား ၊ ဝေဒနာ" ကြောင့် နာတာလား..ဆိုတာကို ကွဲပြားအောင် ကြည့်ရပါမယ်။
ကိုယ်ထဲမှာ "နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ" အဲဒါက " ရောဂါ " ပါ။
အဲဒီ ကိုယ့် အနာရောဂါ ကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာ ကတော့ ...
"ဝေဒနာ(ခံစားချက်)" ဖြစ်ပါတယ်။အဲဒီဖောက်ပြန်တဲ့ ရောဂါကိုဘဲ.."နာလှချေ" ရဲ ့ဆိုပြီး ကြည့်နေရင် သိပ်အခံရ ခက်ပါတယ်။
"စိတ် "ထဲ မှာ ရှိနေတဲ့ ...အဲဒီ "မခံသာတဲ့" ဝေဒနာ( ခံစားချက် )ကို ကြည့်ပေးပါ။
"မခံသာတဲ့ ဝေဒနာ"က သပ်သပ်။
"ရောဂါ"က သပ်သပ်...ဆိုတာ မြင်လာပါလိမ့်မယ်။
အဲဒီ မခံသာတဲ့စိတ် ကို ရှုကြည့်နေလိုက် ရင် တော့ "ကိုယ်မှာနာနေတာ"
ဟာ မဆိုင်တော့ဘူး.. ဆိုတာ မြင်လာပါလိမ့်မယ်။
ဥပမာ...
သူများဖြစ်တာလေး ကို ကြည့်နေရသလို၊
ဆရာဝန်က လူမမာ ကို ကြည့်နေရသလိုပါပဲ...
ကိုယ် ပါ ရောပြီး မနာတော့ ပါဘူး။
ကိုယ်နာတာချည်း သွားကြည့်နေရင်...ကိုယ်ရောစိတ်ပါ ရောပြီးနာသွားပါလိမ့်မယ်။
"မခံနိုင်ဘူး။ ပြင်ချင်တယ်။ ပြောင်းချင်တယ်" အဲဒီ စိတ်ကလေးဖြစ်လာရင်လည်း..အဲဒီဖြစ်တဲ့ စိတ် ကို "သိ" နေပေးပါ။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီ"စိတ်ကလေး"ကို ဘဲ သတိထားပြီး ကြည့်ပေးပါ။ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။
ဥပမာ တစ်ခုထပ်ပေးရရင်တော့....
မီးဖိုပေါ်မှာ တည်ထားတဲ့ ဟင်းချိုအိုး က ဟင်းချို ကို "အပေါ့ အငန်" ကို မြည်းသလိုပါဘဲ။ အဲဒီလို "အပေါ့ အငန်" ကို မြည်းတဲ့ အခါမှာ မီးဖိုပေါ်မှာ ရှိတဲ့ ဟင်းချိုအိုး ပွက်ပွက်ဆူနေတာကို ပူမှန်း သိလျက်....ဇွန်း နဲ ့ခပ်ပြီး မြည်းကြတယ်...မဟုတ်လား။ ဘာလို ့ပူမှန်း သိသလဲ ဆိုတော့ မှုတ်ပြီး သောက်ကတည်း က "ပူမှန်း" သိလို ့ပါ။
အဲဒီလို ဟင်းရည်အပူကြီး ပါးစပ်ထဲကို ရောက်တဲ့အခါ..
"ပူတာကို..အာရုံပြုကြ တာလား"
"အပေါ့..အငန် ကို အာရုံပြုကြ တာလား"
ဓမ္မမိတ်ဆွေတို ့ အနေနဲ ့.."ပူတာကို သတိမထားကြပါဘူး..ဂရုမစိုက်ပါကြဘူးနော်။
"အပေါ့အငန်"ကိုပဲ သတိထား ကြပါတယ်။
"အပေါ့အငန်"ကိုပဲ အကဲခတ် ကြပါတယ်။
အဲဒီဥပမာ တွေလို....
ပုထုဇဉ်တွေဟာ အများအားဖြင့် နာတာ၊ကျင်တာကြီး ကို ဂရုစိုက်၊ ကိုက်တာ၊ခဲတာကြီး ဂရုစိုက်နေကြတာဘဲ များကြပါတယ်။
အဲဒါတွေကို ဂရုမစိုက်ပါ နဲ့ ....။
"အပေါ့အငန်"နဲ့ တူတဲ့..
" မခံချင်တာကို ခံစားနေရတဲ့ စိတ် " ကလေးကို သာ ဂရုစိုက်ရပါမယ်။
နာကျင်တဲ့..အပေါ်မှာ ခံစားတယ်၊ ကိုက်ခဲနေတဲ့... အပေါ်မှာ ခံစားတယ်။
ခံစားတာ "ဝေဒနာ" ကိုး....။
အဲဒီ" ဝေဒနာ" အပေါ့အငန် ကိုသာ ကိုယ်က အကဲခတ် ဖမ်းရမှာ ဖြစ်ပါတယ်။

အဲဒီလို...မဖမ်းဘဲ နဲ့ အပေါ့ အငန် နဲ့၊ ငါ နဲ ့ပေါင်းပြီးတော့ ပူတာကြီး အာရုံပြုပြီး၊ ဒီပူတာကြီးကို ကြောက်နေတယ်ဆိုရင်တော့ ဟင်းချို " အရသာ " ကို မသိတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။

ဟင်းချို ကို အရသာ မြည်း သလို...ပူတာ ကို ဂရုမစိုက်ရပါဘူး။
အပေါ့အငန် ကို ဂရုစိုက်ရပါတယ်။
နာကျင်၊ ကိုက်ခဲတာကြီး ပေါ်လာတယ်။ ပေါ်လာတဲ့ နာကျင်၊ ကိုက်ခဲတာ ကို “ပဓာန” မထားပါနဲ့။ “ သာမည ” ထားပါ။
အဓိက က ဘယ်သူလဲ၊
နာကျင်၊ ကိုက်ခဲတာ အပေါ်မှာ မခံချင်တာ ခံစားနေရတာ။
အဲဒီ ခံစား နေရတဲ့ "သဘော” ကသာ... "အဓိက” ဖြစ်ပါတယ်။
နာကျင်၊ ကိုက်ခဲတာဟာ "သာမည " ပါ။
ဓမ္မမိတ်ဆွေတို့ " ဝေဒနာ" ခံစားတဲ့ သဘောကို ရှုချင် ရင် “ ဟင်းရည် မြည်းသလိုပဲ ” ရှုတာဟာ အဆင်ပြေဆုံးလို ့ယူဆမိပါတယ်။
ဒီလိုနဲ ့...
နာကျင်နေတဲ့ ဒုက္ခဝေဒနာ ဟာ ဘယ်ရောက်နေမှန်းမသိ.....
ပျောက်ချက်သား ကောင်းနေတော့မှာပါ...ပဲ။
အကျဉ်းချုပ်ရရင်...
အောက်ဆုံးအဆင့်" သောတာပန် " တည်ပြီးသား အရိယာပုဂ္ဂိုလ်ကတော့..
အဲဒီ "နာကျင်ကိုက်ခဲတဲ့.. ဒုက္ခဝေဒနာ " ကျော်လွှားတတ်ကြတဲ့ သူတွေချည်းပါပဲ.. ။
နာကျင်တဲ့ဝေဒနာကို အထိုက်လျောက် ပျောက်နေအောင်ရှုတတ် တဲ့ ပုဂ္ဂိုလ်တွေချည်းပါဘဲ။
ဒါ့ကြောင့်..
ဓမ္မမိတ်ဆွေ တို ့လည်း နာတဲ့ဝေဒနာ ကို ပျောက်နေအောင်ရှုတတ် တဲ့ သူတွေ ဖြစ်ဖို ့...
"ဝေဒနာ ကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း " ဆိုတဲ့ ဤစာစု နဲ ့ ဓမ္မဒါန မျှဝေလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ရွှေဥမင်ဆရာတော် ဘုရားကြီး ဟောကြားသောသြဝါဒများ ၊ ပြည် ဝိဇ္ဇောဒယ (သဲအင်း) ဆရာတော်ကြီး ဦးသီရိဓမ္မ ဟောကြားတော်မူသော တရားတော်များ နှင့် မြစိမ်းတောင်ဆရာတော်ကြီး ရဲ ့-ဝေဒနာရှုနည်းတရားတော် များမှ ကောက်နှုတ်၍ ဓမ္မဒါန ပြုပါသည်။