"သကြား" စားဖူးတဲ့ သူတစ်ယောက်ဟာ "ချိုတယ်" ဆိုတဲ့ အရသာကို သိတဲ့အတွက်၊ တခြားဘာအစားစာကိုပဲ ဖြစ်ဖြစ် မစားခင် ဘယ်လို အရသာရှိလဲ လို့ မေးလာတဲ့အခါ " ချိုတယ်" လို့ ပြောလိုက်ရင်၊ အဲဒီပုဂ္ဂိုလ်ကတော့ "ချိုတယ်" ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြနေစရာမလိုဘဲနဲ့ သဘောပေါက်သွားသလိုပါပဲ၊ ရုပ်နာမ် ကွဲဖူးတဲ့ ပုဂ္ဂိုလ်ကတော့ ဒီစာစုကို ဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာဖြစ်ပါတယ်။
ဒီစာစုဟာ ခုမှစပြီး ဝိပဿနာကို စတင်အားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ အတွက် ရည်ရွယ်ထားခြင်းဖြစ်တဲ့အတွက် ကြိုးစားပြီး တော့ ရှင်းလင်းဖေါ်ပြလိုက်ပါတယ်။

"ရုပ် နဲ့ နာမ်" ဆိုတဲ့ စကားရပ်ကတော့...
ကြားနေ၊ မြင်နေ" ကြဖြစ်တဲ့ အလျောက် ၊ အထူးသဖြင့် ဝိပဿနာအားထုတ်ကြမယ့် ဓမ္မမိတ်ဆွေ တို့ အနေနဲ့ တရားထူး၊ တရားမြတ်ရရှိဖို့ အတွက် ရုပ် နဲ့ နာမ် အကြောင်းကိုတော့ ကောင်းစွာသဘောပေါက်၊ နားလည်ဖို့  လိုအပ်လှပါတယ်။
ဝိပဿနာအားထုတ်တယ် ဆိုတာ သံသရာဝဋ်ဆင်းရဲ ဒုက္ခက လွတ်မြောက်ဖို့ ရည်စူးပြီး ကျင့်ကြံအားထုတ်နေကြပေမယ့်လည်း၊ တကယ်တန်း ကျင့်ကြံ အားထုတ်သူတို့ မှာ လောလောဆယ် အပါယ်လေးဘုံက လုံးဝကင်းလွတ်ဖို့ ဟာ ဦးစွာ အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် ကျင့်ကြံအားထုတ်ကြတဲ့ ယောဂီတို့ ဟာ " သောတာပန် " ဖြစ်ဖို့ ကိုသာ လိုလားတောင့်တ အားထုတ်ကြတာများကြပါတယ်။
ဒါပေမယ့်...
" သောတာပန်" ဖြစ်ဖို့ ဆိုတာက ရုပ်တရားတွေ၊ နာမ်တရားတွေ မသိဘဲ နဲ့ တော့ သောတာပန် မဖြစ်နိုင်ပါဘူး။
ယောဂီဟာ အားထုတ် ရှုမှတ်မှုတွေများလာတဲ့အခါမှာ ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ ပိုင်းခြားသိလာတယ် ဆိုတဲ့ ဉာဏ်စဉ် (၁၆)ပါးရှိနဲ့ အနက်က က ပထမဆုံး ဉာဏ်ဖြစ်တဲ့...
"နာမရူပ ပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ရဲ့  ၂ဝ၁၂ ခုနှစ် အောက်တိုလာလ၊ ၁၄ ရက်နေ့ မန္တလေး မှာ ဟောထားတဲ့ တရားတော်ထဲမှာ...
သောတာပန် ဖြစ်တယ် ဆိုတာက "နာမရူပ ပရိစ္ဆေဒဉာဏ် " က စပြီး ၊ နာမရူပ ပရိစ္ဆေဒဉာဏ် ရုပ် နဲ့ နာမ် ကွဲသွားမယ်။ ဒီလိုဆိုရင် ခုနှစ်နှစ် သမီးဖြစ်တဲ့ ဝိသာခါ ဟာ သောတာပန် ဖြစ်တာ ရုပ်နာမ် ကွဲရဲ့ လား ဆိုရင် ကွဲတာပေါ့လို့ ဖြေပါရစေ။ မြတ်စွာဘုရားဟောနေတဲ့ "သစ္စာလေးပါး" ကို နာလိုက်တာ နဲ့ သူဟာသိပါတယ်.. တဲ့။
ဥပမာ..
ဓမ္မမိတ်ဆွေတို့ အဘိဓမ္မာ မှာ သင်ယူထားတဲ့ ရုပ်တွေ နာမ်တွေ အကုန်လုံး မှာ စိတ် က( ၈၉ ) ရှိတယ်၊ စေတသိက်က ( ၅၂ ) ရှိတယ်၊ ရုပ်က (၂၈ )ရှိတယ် စသဖြင့် အဲဒီလို သိတာကို ပြောတာ မဟုတ်ပါဘူး။
အဘိဓမ္မာ လို့ ပြောလိုက်ကတည်းက သိသင့် သိထိုက်တာလေးကို သူသိသွားတာပါ။
ဆိုကြပါစို့ ...
" ခန္ဓာငါးပါး " သိတယ် ဆိုလို့ ရှိရင်၊ ကိုယ့်ခန္ဓာထဲမှာကြည့်တဲ့အခါ " ဝေဒနာ "ရှိတာကို သိတယ်။ "သညာ" ဖြစ်တာကိုလည်း သိတယ်၊ "သင်္ခါရ" တွေဖြစ်တာတွေလည်း သိတယ်၊ " ဝိညာဏ" ဖြစ်တာကိုလည်း သိတယ်၊ နာမ် ကို သိတာပဲလေ။ " ဝေဒနာ "တစ်ခု သိတာနဲ့လည်း နိဗ္ဗာန်ရတာပါပဲ..တဲ့။
ဝေဒနာ နဲ့ ဆက်စပ်ပြီး ရုပ် ကိုလည်းသိတယ်၊ ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ "ခန္ဓာငါးပါး " ခေါ်လိုက်တာနဲ့ ရုပ် နဲ့ နာမ် ကွဲပြီးတော့ ထူးခြားတဲ့ အမြင်တစ်ခု ရတာပါပဲ။
ခုလို ရုပ် နဲ့ နာမ်အကြောင်းပြောရင်း နဲ့ ဆရာတော် ဟောကြားတဲ့ ဒီ ရုပ်နာမ်တွေ ရဲ့ အကြောင်းနဲ့ ဆက်စပ်လာတာမို့ ၊ ဆက်လက်ပြီး တင်ပြပါရစေ။
" သောတာပန် " ဖြစ်ဖို့ အဘိဓမ္မာသင်သင့်သလား၊ "အဘိဓမ္မာ " မသင်ဘဲနဲ့ သောတာပန် မဖြစ်ဘူးလား ဆိုတဲ့ မေးစရာတွေ ဖြစ်လာပါတယ်။ "အဘိဓမ္မာ" ဆိုတာ ဘာကို ပြောတာလဲ၊ " အဘိဓမ္မာ " ခုနှစ်ကျမ်း ကို ပြောတာလား၊ လေးနက်တဲ့ ရုပ် နဲ့ နာမ် ကို ပြောတာလား ဆိုပြီး ဆင်ခြင်ကြည့်တဲ့နေရာမှာ...
လေးနက်တဲ့ ရုပ်အကြောင်း ၊ နာမ် အကြောင်း တွေ မသိဘဲနဲ့တော့ " သောတာပန် " မဖြစ်ပါဘူး။
ဒါပေမယ့်...
အဘိဓမ္မာ ခုနှစ်ကျမ်း မသင်ဖူးဘဲ နဲ့ တော့..
" သောတာပန် ၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ" ဖြစ်နိုင်ပါတယ်။
ဥပမာ
ကားမောင်းတဲ့ အခါမှာ၊ ကားမောင်းတဲ့ လူဟာ ကားရဲ့ အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့အင်ဂျင်က ဘာတွေ လုပ်တယ်၊ ဓာတ်ဆီက ဘာတွေ လုပ်တယ်၊ ကားရဲ့ အကြောင်းကို အသေးစိတ် မသိဘဲနဲ့ ကိုယ် ကိုယ်တိုင် ကားမောင်းပြီး သွားလို့ရပါတယ်။ ကားအကြောင်း မသိဘူး၊ ဘာတွေနဲ့ လုပ်ထားတယ်ဆိုတာ မသိဘူး၊ ကားရဲ့ အင်ဂျင်တွေ က ဘယ်လို အလုပ်လုပ်တယ်၊ ဓာတ်ဆီ က ဘယ်လို လုပ်တယ်ဆိုတာ မသိချင်နေပါစေ၊ အနည်းဆုံးတော့ ကားမောင်းပြီး သွားချင်တယ်ဆိုရင် ကား ဘယ်လိုမောင်းရမလဲဆိုတာတော့ သိထားရပါလိမ့်မယ်။
အဲဒီ "ဘယ်လိုမောင်းရတယ် "ဆိုတာ သိတာဟာ " ရုပ်နာမ် " သိတာပါပဲ။ အဲဒီ " သောတာပန်" ဖြစ်ဖို့ အတွက် "ရုပ်နဲ့နာမ် " ကိုတော့ သိဖို့လိုတာပေါ့။
တစ်ကယ်တော့...
အဘိဓမ္မာ ကျမ်းတွေ သင်တာဟာ "ရုပ် နဲ့ နာမ် " ကို အသေးစိတ် သင်တာပါပဲ။ ရုပ် အကြောင်း၊ နာမ် အကြောင်းကို သင်တာလည်း အဘိဓမ္မာ သင်တာပဲလို့ ခွဲခွဲခြားခြား သိဖို့လိုပါလိမ့်မယ်။ အဘိဓမ္မာကို သင်ဖို့ ၊ သိဖို့ မလိုအပ်ဖူးလို့ တော့ ဆိုလိုတာမဟုတ်ပါဘူး။
ဆိုလိုချင်တာကတော့..
ကားမပြင်တတ်ချင်တောင်မှ ကားမောင်းတတ်ဖို့ တော့ လိုပါလိမ့်မယ်၊ ၊ဘာမှလည်းမသိ၊ ကားမောင်းလဲ မသင်ထားဘဲ နဲ့  မတတ်ဘဲ တက်မောင်း ရင်တော့ ဟိုတိုက် ဒီတိုက် တိုက်ကုန်မှာပဲဖြစ်ပါတယ်။
ဒီတော့..
ရုပ် နဲ့ နာမ် နဲ့ အကြောင်းကို တော့ သိထားဖို့ လိုအပ်ပါတယ်။ ရုပ်နာမ်အကြောင်း မသိဘဲ နဲ့ ရုပ်နာမ် ကွဲ ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီတော့ ရုပ် နဲ့ နာမ်ဟာ ကွဲတယ်ဆိုတာ ဘယ်လိုမျိုးလဲ..။
မြတ်စွာဘုရားရှင်က "ရုပ်နဲ့ နာမ် "ကွဲပုံ ကို ဥပမာပေးထားတာရှိပါတယ်။
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့  " ဓမ္မစင်္ကြာတရားတော်ကြီး" မှာ ရေးသားဖေါ်ပြထားတာရှိလို့ "ရုပ် နဲ့ နာမ် "ကွဲပုံဆိုတဲ့ ဒီ ဥပမာလေးကို ဖေါ်ပြကုသိုလ်ပြုလိုက်ပါတယ်။
" ဝေဠုရိယ " လို့ ခေါ်တဲ့ ကြောင်မျက်ရွဲ ပတ္တမြားထဲမှာ ကြိုးအဖြူ၊ ကြိုးအနီ၊ ကြိုးအဝါ၊ ကြိုးအညို၊ ကြိုးအဝါနု၊ စတဲ့ တစ်ခုခုနဲ့ သီကုံး ထားပြီးတော့၊ အဲဒီကျောက်ပတ္တမြားကို လက်ဝါးပေါ်တင်ကြည့်ရင် မျက်စိကောင်းတဲ့သူဟာ ကျောက်က တခြား၊ ကြိုးက တခြား၊ ကွဲကွဲပြားပြား မြင်ရတဲ့အပြင်၊ ကျောက်ထဲမှာ ကြိုးကလေး သီထားတာ ဝင်နေတာကိုလည်း ရှင်းလင်းပြီး မြင်တွေ့ နေရပါတယ်..တဲ့။
အဲဒီလိုပါပဲ..
ရှုသိရတဲ့ ရုပ်ခန္ဓာက တခြား၊ ရှုသိရတဲ့ စိတ်ဝိဉာဏ်က တခြား၊ ကွဲကွဲပြားပြား သိရပါတယ်။ ရှုသိစရာ ရုပ်ခန္ဓာကိုယ်ဆီကို ရှုသိနေတဲ့ စိတ်ဝိဉာဏ်ဟာ ပြေးပြေးကပ်သွားတာကိုလည်း သိနေရတယ်။
အဲဒီဥပမာက...
ကျောက်ဟာ..ရုပ်ခန္ဓာ နဲ့ တူတယ်၊ ရှုသိတဲ့ စိတ်ကျတော့ ကြိုးနဲ့ တူပါတယ်။ ကြိုးက ကျောက်ထဲကို ဝင်နေသလိုမျိုးပဲ၊ ရှုသိနေတဲ့ စိတ်ဝိဉာဏ်က ရှုသိစရာ ရုပ်ခန္ဓာဆီကို ပြေးပြေးကပ်သွားတယ်။ အဲဒီလိုမျိုး " ရုပ် နဲ့ နာမ် " ကို ပိုင်းခြားပြီးတော့ သိကြောင်း ပြထားပါတယ်။ အဲဒီပြပုံကို ဂရုပြုရမယ်ဆိုရင်..
အဲဒီဥပမာပြပုံထဲမှာ ရုပ် က ဘယ်လောက်ရှိတယ်၊ စိတ် စေတသိတ်နာမ်တွေက တော့ ဘယ်လောက်ရှိတယ် လို့ သိကြောင်းတွေ မပါပါဘူး။ ရုပ်ခန္ဓာ နဲ့ စိတ်ဝိဉာဏ် မျှ သိကြောင်းသာပါပါတယ်။
နောက်ပြီးတော့..
ဝိသုဒ္ဓိမဂ်- ဒုတိယတွဲ စာမျက်နှာ ၂၂၅ မှာ၊ နာမ်တရားထင်ပေါ်ပုံကို ဒီလို ပြထားပါတယ်။
" အဿ- ထိုယောဂီအား၊ ရူပံ- ရှုသိရသော ရုပ်သည်၊ ယထာ ယထာ- အကြင်အကြင် အခြင်းအရာအားဖြင့်၊ သုဝိက္ခာလိတံ- ရှုသိမှုဖြင့် ကောင်းစွာသုတ်သင်ပြီးသည်ဖြစ်၍ ၊ နိဇ္ဇဋံ သုပရိသုဒ္ဓံ- အရှုပ်အထွေးမရှိ ကောင်းစွာစင်ကြယ်သည်၊ ဟောတိ- ဖြစ်၏၊ တထာ တထာ- ထိုထိုအခြင်းအရာဖြင့်ရုပ်ကိုသိမှု သန့် ရှင်းစင်ကြယ်သလောက်၊ တဒါရမ္မဏာ- ထိုရုပ်လျှင် အာရုံရှိကုန်သော၊ အရူပဓမ္မာ- ရုပ်မဟုတ်သည့် နာမ်တရားတို့သည်၊ သယမေဝ ပါကဋာ ဟောန္တိ- သူ့ အလိုလိုပင် ထင်ရှားပေါ်ကုန်၏..တဲ့။
ဒီဝိသုဒ္ဓိမဂ် မှာလည်း၊ နာမ်တရားတွေကို အရေအတွက်နဲ့ တကွ ထင်ပေါ်နေတယ်လို့ မဆိုထားပါဘူး။ ရုပ်ကိုသာ အာရုံပြုတဲ့ အနေထားနဲ့ သာ ထင်ပေါ်နေတယ်ဆိုတာ ထင်ရှားပါတယ်။နောက်ပြီးတော့ အဲဒီဝိသုဒ္ဓိမဂ် ဒုတိယတွဲ စာမျက်နှာ ၂၃၁ မှာပဲ...
" နာမံ နိဿယ ရူပံ ပဝတ္တတိ၊ ရူပံ နိဿယ နာမံ ပဝတ္တတိ"
နာမ်ကိုမှီ၍ ရုပ်ဖြစ်သည်၊ ရုပ်ကို မှီ၍ နာမ်ဖြစ်သည်။
" နာမဿခါဒိတု ကာမတာယ ပိဝိတုကာမတာယ ဗျာဟရိနုကာမတာယ ဣရိယာပထံ ကပ္ပေတုကာမတာယ သတိ"
နာမ်၏ စားလိုခြင်း၊ သောက်လိုခြင်း၊ ပြောလိုခြင်း၊ ဣရိယာပုတ်ပြုလိုခြင်း ရှိလတ်သော်.....
" ရူပံ ခါဒတိ ပိဝတိ ဗျာဟရတိ ဣရိယာပထံ ကပ္ပေတိ "
ရုပ်က စားသည်၊ သောက်သည်၊ ပြောသည်၊ ဣရိယာပုတ်ကို ပြုသည်၊ လို့ ပြထားပါတယ်။ အဲဒီလို ပြတဲ့နေရာမှာလည်း အရေအတွက်နဲ့တကွ သိပုံကို ပြတာမဟုတ်ပါဘူး၊ တကယ်ဖြစ်ပုံကိုသာပြတာပါ။ ဒါ့ကြောင့် စာဖတ်ပြီး ဆင်ခြင်၍ သိရုံလောက်နဲ့ ၊ ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ ပိုင်းခြားသိလာတယ် ဆိုတဲ့ "နာမရူပ ပရိစ္ဆေဒဉာဏ်" အစစ်မဖြစ်ပေါ်နိုင်ပါဘူး၊ တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေကို ရှုမှတ်နေစဉ် " သိစရာ ရုပ် နဲ့ အသိစိတ်နာမ်" တခြားစီ ခွဲခြားပြီး သိမှသာ "နာမရူပ ပရိစ္ဆေဒဉာဏ်" ဖြစ်ပေါ်ပြီး ရုပ်နာမ်ကွဲလာပါလိမ့်မယ်။
အခုတင်ပြတဲ့အတိုင်း..
ဓမ္မမိတ်ဆွေတို့ ကိုယ်အမူအရာဖြစ်တဲ့ ရုပ်ကို ရှုမှတ်နေတဲ့အခိုက်မှာ " သိစရာရုပ် နဲ့ သိတဲ့ နာမ်" ဒီနှစ်ပါး ခွဲခြားပြီး သိတယ်ဆိုတာ အမှန်တိုင်းသိမြင်တဲ့ သမ္မာဒိဋ္ဌိပဲ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေတို့ မရှုမှတ်ခင်ကရော၊ ရှုမှတ်ခါစ မှာရော ကိုယ့်ရဲ့ ရုပ်နဲ့ အသိစိတ် နာမ်ကို စာထဲမှာ ဖတ်ထားတာနဲ့ မတူဘဲ ကွဲလွဲနေတာတွေလာမှာပါ၊ အဲဒါကို လောလောဆယ် ကိုယ်တိုင်တွေ့ ဉာဏ်သိအားနဲ့ တော့ မခွဲခြားနိုင်သေးပါဘူး၊ ခုနပြောတဲ့ "နာမရူပ ပရိစ္ဆေဒဉာဏ်" ရောက်တဲ့အခါမှာ သိစရာရုပ်နဲ့ သိတဲ့နာမ်ဟာ သူ့ အလိုလိုကွဲနေပါလိမ့်မယ်။
အဲဒီအချိန်မှာကြံတယ်၊ နာတယ် စသည်အားဖြင့် ရှုသိတဲ့အခါမှာလည်း၊ ကြံသိတာ နဲ့ တည်ရာရုပ် ၊ နာတာနဲ့ နာရာဌာန ကိုယ်ရုပ်စသည်တို့ ဟာ သူ့ အလိုလိုကွဲနေပါလိမ့်မယ်။ အဲဒီလို ရုပ် နဲ့ နာမ် တခြားစီခွဲသိတာဟာ အမှန်တိုင်းသိတဲ့ သမ္မာဒိဋ္ဌိ ပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်...
အဲဒီအခါ ဓမ္မမိတ်ဆွေတို့ မှာ " ကိုယ်ရုပ် နဲ့ အသိစိတ်နာမ် ဆိုတဲ့ နှစ်ခု ပဲ ရှိပါတော့တယ်၊ အဲဒါမှတစ်ပါး အသက်ရှင်နေတဲ့အကောင်ရယ်လို့ မရှိတော့ပါလား ဆိုပြီး အဲဒီလိုလည်း သိနေပါလိမ့်မယ်။ အဲဒီအသိဟာ အမှန်အတိုင်း သိတဲ့ "သမ္မာဒိဋ္ဌိ " ပါပဲ။ဒါကြောင့်မို့ အဲဒီလို မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ အသိဉာဏ် ဖြစ်လာအောင် ကျင့်ကြံကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းရင်း ဤစာစု နဲ့  ဓမ္မဒါနပြုလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ကိုးကား-
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့  " ဓမ္မစင်္ကြာတရားတော်ကြီး"၊
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ရဲ့  ၂ဝ၁၂ ခုနှစ် အောက်တိုလာလ၊ ၁၄ရက်နေ့ မန္တလေး မှာ ဟောထားတဲ့ တရားတော်၊