လူတို့ပါးစပ်ဖျားတွင် ဈာန်ပျံသည်၊ မြေလျိုး၊ မိုးပျံသည် ဟူသောစကားများပြောသည်ကို မကြာခဏ ကြားရပေသည်။

လူအများစုသည် ဘုရား ရဟန္တာတို့အား ဈာန်တရားများ ရရှိထားခြင်းကြောင့် ယခုလို ဈာန်ပျံနိုင်သည်၊ ကောင်းကင်မှာ သွားလာနိုင်သည်၊ မြေကြီးမှာ ငုတ်လျိုးသွားနိုင်သည် စသည်ဖြင့် မှတ်ထင်နေတတ်ကြ၏၊ အမှန်စင်စစ်ကား ဈာန်တရား ကြောင့် ကောင်းကင်ပျံနိုင်ခြင်း မဟုတ်ပါ၊ ဈာန်တရားနှင့်အတူ တွဲပါလာတတ်သော တန်ခိုးအဘိဥာဉ်စွမ်းအား များ ကြောင့်သာ ဖြစ်၏၊
အဘိဥာဉ်တရား ဟူသည်ကား အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြား ဆန်းကြယ်ရကား လူသာမာန်တို့ မကြံစည်အပ် မကြံစည်သင့်သော အရာလေးမျိုးတွင် မြတ်စွာဘုရားက ဟောကြားထားသေး၏၊ ထိုတရားလေးပါး ဟူသည်ကား- (၁)သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ တန်ခိုးအရာနှင့်စပ်သော သဗ္ဗညုတဥာဏ်တော်အကြောင်းကို မကြံစည်အပ်ပေ၊ ကြံစည် သောသူသည် ရူးသွပ်သူအဖြစ်သို့၎င်း၊ အနည်းဆုံးအားဖြင့် စိတ်ဆင်းရဲ ပင်ပန်းခြင်းအဖြစ်သို့၎င်း ရောက်ရှိခံစားရပေ၏ဟု ဟောတော် မူထားခဲ့သည်။
(၂) ဘုရား ရဟန္တာ အရိယာသူတော်ကောင်းတို့၏ ဈာန်အကြောင်းကို မကြံစည်သင့်ပေ၊ မနေနိုင်ပဲ ကြံစည်သောသူသည် မိမိဥာဏ်ဖြင့် လိုက်၍ မမှီနိုင်သောကြောင့် မကြံစည်သင့်ကြောင်း ဟောတော်မူခဲ့သည်။
(၃) မည်သူကဖြင့် ဘယ်လိုကြီးပွားသွားတယ်၊ မည်သူကဖြင့် ဘယ်လို ဘယ်လို ဒုက္ခခံစားကာ ဘ၀နိဂုံးအဆုံးသတ်သွား တယ် စသည်ဖြင့် လူအချင်းချင်းတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံအကျိုးပေးတို့ကို၎င်း၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ နတ်ဗြဟ္မာတို့၏ စည်းစိမ်ချမ်းသာများ၊ ဒုက္ခခံစားရပုံများနှင့်စပ်သော ကံတရားတို့၏အကျိုးပေး ဆန်းကြယ်ပုံကို၎င်း မကြံ စည်သင့်ပေ၊ ကြံစည်သော သူသည် ရူးသွပ်ခြင်း၊ စိတ်ဆင်းရဲခြင်းသာ အဖတ်တင်လိမ့်မည်။
(၄) လောကကြီးသည် အဘယ်သို့ ဖြစ်လာသနည်း၊ အဘယ့်ကြောင့်ဖြစ်လာသနည်း၊ သတ္တ၀ါသည် အဘယ်က စခဲ့လေသနည်း၊ သတ္တါတွေမဖြစ်ခင်က ဘယ်သူတွေ ရှိခဲ့လေသနည်း၊ သက်ရှိ သက်မဲ့အရာဝတ္ထုများသည် အဘယ့်ကြောင့် မတူ ကွဲပြား ခြားနားကြလေသနည်း ဟူသော အနန္တစကြာဝဠာခေါ် လောကကြီးအကြောင်းကိုလည်း မစဉ်းစားသင့်ပေ၊ စဉ်းစားပါက မိမိဥာဏ်က လိုက်၍မမှီနိုင်သောကြောင့် ရူးသွပ်ခြင်း၊ စိတ်ဆင်းရဲခြင်း ဖြစ်တတ်ကြောင်း သတိပေး ဟောကြားတော်မူခဲ့သည်။
( အစိန္တေယျသုတ်၊ အပဏ္ဏက၀ဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တရပါဠိတော် )
ဤသို့လျင် မြတ်ဘုရားသည် သတ္တ၀ါတို့၏ အကျိုးစီးပွားကို ငဲ့ညှာတော်မူသောအားဖြင့် မကြံစည်သင့်သော အရာလေးမျိုးတွင် ဈာန်အဘိဥာဉ်အကြောင်းကိုလည်း ထည့်သွင်းဟောကြားခဲ့သည်။
ဣဒ္ဓိဝိဓအဘိဥာဉ်
ဣဒ္ဓိဝိဓအဘိဥာဉ် ဟူသည် တယောက်ထဲမှ အများပုံစံဖန်ဆင်းခြင်း၊ လူအများကြီးမှ တယောက်ထဲပုံစံ ဖန်ဆင်းခြင်း၊ ခန္ဓာ ကိုယ်ကို မြင်အောင်ပြခြင်း၊ မမြင်နိုင်အောင် ကွယ်ထားခြင်း၊ နံရံတဖက်၊ တံတိုင်းတဖက်၊ တောင်စောင်းတောင် တန်းများကွယ်ထားသော်လည်း ကောင်းကင်မှာကဲ့သို့ အတွယ်တာကင်းမဲ့စွာ သွားလာ လှုပ်ရှားနိုင်ခြင်း၊ ရေထဲမှာ ကဲ့သို့ မဟာပထ၀ီမြေကြီးထဲမှာလဲ ပေါ်လိုက် ငုတ်လိုက် လုပ်စွမ်းနိုင်ခြင်း၊ မြေပေါ်မှာကဲ့သို့ ရေထဲမှာလည်း နှစ်ခြမ်းမကွဲစေပဲ ပေါ်လိုက် ငုတ်လိုက်လုပ်နိုင်ခြင်း၊ ကောင်းကင်၌ ငှက်များပျံနိုင်သလို ထက်ဝယ်တင်ပလ္လင်ဖြင့် သွားနိုင် ထိုင်နိုင်၊ လျောင်း စက်နိုင်၊ စကြံလျောက်နိုင်ခြင်း၊ တန်ခိုးအာနုဘော်ကြီးမားသော လ နေတို့ကိုလည်း လက်ဖြင့် ဆုပ်ကိုင်ဖမ်းနိုင် ခြင်း၊ အထက်ဗြဟ္မာ့ ဘုံတိုင်အောင် စကြာဝဠာအနှံ့အပြားကို မိမိခန္ဓာကိုယ်ဖြင့် ပြည့်စေနိုင်ခြင်း စသော စိတ်အလိုရှိရာ နေရာတိုင်းကို စိတ်အကြံအတိုင်း ဖြစ်စေ နိုင်သော တန်ခိုးအမျိုးမျိုးဖြစ်သည်။
ဒိဗ္ဗသောတ အဘိဥာဉ်
ဒိဗ္ဗသောတ အဘိဥာဉ်ဟူသည် နတ်တို့၏ နားနှင့်တူသော လူတို့ထက် သာလွန်သော အစွမ်းတမျိုးဖြင့် ဘယ်လောက် ဝေးသည်ဖြစ်စေ၊ ဘယ်လောက် နီးသည်ဖြစ်စေ နတ်ပြည် လူ့ပြည် ဘယ်နေရာမှာ ပြောနေသည်ဖြစ်စေ အနားမှာ လာရောက်ပြောကြားနေသကဲ့သို့ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ကြားနိုင်စွမ်းရှိသော တန်ခိုးမျိုးဖြစ်သည်။
ပရစိတ္တ၀ိဇာနန အဘိဥာဉ်
ပရစိတ္တ၀ိဇာနန အဘိဥာဉ် ဟူသည် သူတပါးတို့သန္တာန်တွင် ရာဂစိတ်ဖြစ်နေသလား၊ မဖြစ်ဘူးလား၊ ဒေါသစိတ်၊ မောဟ စိတ်တွေ လွှမ်းမိုးနေသလား၊ ကင်းနေသလား၊ သမာဓိတည်ကြည်နေသလား၊ ပျံ့လွင့်နေသလား၊ တောထွက်ချင်စိတ် ဖြစ်နေသလား၊ ကာမစိတ်တွေ ဖြစ်နေသလား၊ မြင့်မြတ်တဲ့ ကုသိုလ်စိတ် ဈာန်စိတ်များဖြစ်နေသလား၊ နိမ့်ကျတဲ့ အကု သိုလ်စိတ်ေ တွ ဖြစ်နေသလား၊ ကိလေသာ အနှောင်အဖွဲ့ သံယောဇဉ်တွေကနေ လွတ်မြောက်သွားပြီလား မသွားသေး ဘူးလား စသည်ဖြင့် သူတပါးစိတ်တွင် မည်သို့သော စိတ်ဖြစ်နေသည်၊ အတွေးအကြံဖြစ်နေသည်ကို အာရုံပြုကြည့်စဉ်မှာ ပင် အချိန်မဆိုင်းပဲ သံသယ မရှိ အရှိအတိုင်း သိနိုင် မြင်နိုင်စွမ်းရှိသော တန်ခိုးမျိုးဖြစ်သည်။
ပုဗ္ဗေနိဝါသာနုဿတိ အဘိဥာဉ်
ပုဗ္ဗေနိဝါသာနုဿတိ အဘိဥာဉ် ဟူသည် ရှေ့ဘ၀များတွင် ဘာဖြစ်ခဲ့သည်၊ ဘယ်မျိုးနွယ်ဖြစ်ခဲ့သည်၊ ဘယ်နာမည်ဖြင့် ဖြစ်ခဲ့သည် စသည်ကို သိနိုင်ခြင်းမျိုးဖြစ်၏၊ ဆိုပါစို့ ဤအဘိဥာဉ်ရရှိထားသူသည် အာရုံပြုလိုက်သည်နှင့်တပြိုင်နက် တစ်ဘ၀၊ နှစ်ဘ၀၊ သုံးဘ၀၊ ၄ ဘ၀၊ ၅ ဘ၀၊ ၁၀ ဘ၀အားဖြင့် ဘ၀ပေါင်း ၂၀၊ ဘ၀ပေါင်း ၄၀၊ ဘ၀ပေါင်းငါးဆယ်၊ တရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းအား ဖြင့်၎င်း အာရုံပြုသည်နှင့် ထင်ရှားပြတ်သားစွာမြင်နိုင်လာ၏။

ယခုလက်ရှိကမ္ဘာ၊ နောက်ကပ်ကမ္ဘာ စသည်အားဖြင့်၎င်း၊ ဤမည်သော ဘ၀တွင် နာမည် ဘယ်လို ခေါ်ခဲ့သည်၊ ဘယ်လို အမျိုးအနွယ်မှာ မွေးဖွားခဲ့သည်၊ ဘယ်လိုရုပ်အဆင်းသဏ္ဍာန် ရှိခဲ့သည်၊ ဘယ်လို အစာအာဟာရကို မှီဝဲစားသုံးခဲ့ရသည်၊ ဘယ်လိုစီးစိမ်ချမ်းသာမျိုးကိုခံစားခဲ့ရသည်၊ဘယ်လိုဆင်းရဲဒုက္ခမျိုးကိုခံစားခဲ့ရသည်၊သက်တမ်းအားဖြင့်နှစ်ပေါင်းဘယ် လောက်နေခဲ့ရသည် စသည်အားဖြင့် အသေးစိတ်ကို သိနိုင်ပြီး ထိုဘ၀မှ စုတေခဲ့သောကြောင့် ဒီဘ၀မှာ ဖြစ်ရသည်၊ ဒီဘ၀မှာလဲ ဘယ်လိုနာမည် အမျိုးအနွယ် သက်တမ်း၊ ချမ်းသာဆင်းရဲ ခံစားခဲ့ရသည်များကို အသေးစိတ် အစဉ်အတိုင်း သိနိုင်၊ မြင်နိုင်စွမ်းသော တန်ခိုးမျိုးကို ခေါ်သည်၊
ဤတန်ခိုးတွင် ခြွင်းချက်အားဖြင့် တပည့်သာဝကများသည် ဘ၀များကို အစဉ်အတိုင်း ဆက်လက် စဉ်းစားမှသာ သိမြင် နိုင်ကြပြီး သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သည်ကား ဘ၀များကိုအစဉ်အတိုင်းဖြစ်စေ၊ ခုန်ကျော်ပြီးဖြစ်စေ၊ ဟိုဘက်ဘ၀မှာ ဘာတွေလုပ်ခဲ့သောကြောင့် ဒီဘ၀မှာဘယ်လိုအကျိုးကျေးဇူး ခံစားနေရသည် စသည်အားဖြင့် အကြောင်းတရား အကျိုး တရားနှင့်တကွ ဘ၀ဖြစ်စဉ်တို့ကို သိမြင်နိုင်ကြသည်။

ဒိဗ္ဗစက္ခု အဘိဥာဉ်
ဒိဗ္ဗစက္ခု အဘိဥာဉ်ဟူသည် ပကတိလူသားတို့ထက် သာလွန်သော နတ်မျက်စိနှင့်တူသော အစွမ်းဖြင့် သေခါနီး သတ္တ၀ါ များ၊ ပဋိသန္ဓေနေပြီးခါစ သတ္တ၀ါများကို- ဤသတ္တ၀ါတို့သည် ကိုယ်နှုတ်စိတ် သုံးပါးလုံးဖြင့် မကောင်းမှု အကုသိုလ် ဒုစရိုက် များကို ပြုလုပ်ခဲ့ကြသည်၊ အရိယာ သူတော်ကောင်း ပညာရှိများကိုလဲ စွပ်စွဲပြောဆိုလေ့ရှိကြသည်၊ အယူမှား မိစ္ဆာဒိဋ္ဌိလဲ ယူခဲ့ကြသောကြောင့် ထိုသူတို့ သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်ကြရသည်။

အချို့သော သတ္တ၀ါတို့သည်ကား ကုသိုလ်ကောင်းမှုများ၊ သုစရိုက်တရားများကို ကျင့်သုံးကြပြိး ပညာရှိသူတော် ကောင်းများကိုလဲ မစွပ်စွဲမကဲ့ရဲ့ မပုတ်ခတ်ပဲ အမြင်မှန် အကျင့်မှန်ဖြင့် နေခဲ့ကြ သောကြောင့်သုဂတိ နတ်ပြည်များသို့ ရောက်ကြရသည်- စသည်အားဖြင့် ထိုထိုသတ္တ၀ါတို့၏ ကုသိုလ် အကုသိုလ်ကံတို့နှင့်တကွ ယုတ်နိမ့်သော သတ္တ၀ါ၊ မြင့်မြတ်သောသတ္တ၀ါ၊ ရုပ်လှသော သတ္တ၀ါ၊မလှပသောသတ္တ၀ါ၊ နတ်ရွာသုဂတိ၊ အပါယ်ဒုဂ္ဂတိသို့ ကျရောက်လတံ့ ကျရောက်ဆဲဖြစ်သော သတ္တ၀ါတို့သည် ထိုသူတို့ ပြုလုပ်ခဲ့သော ကံတရားများအတိုင်း ရောက်သင့်ရောက်ထိုက်သော ဘုံဘ၀များသို့ ရောက်ကြရရှာသည်-ဟု ဘယ်ကံကို ဆည်းပူးခဲ့သောကြောင့် ဘယ်ဘုံဘ၀ ရောက်ကြရသည် အားဖြင့် အာရုံပြုလိုက်သည်နှင့်တပြိုင်နက် မြင်နိုင်စွမ်းသော တန်ခိုးမျိုးကို ခေါ်သည်။

အာသ၀က္ခယ အဘိဥာဉ်
အာသ၀က္ခယအဘိဥာဉ် ဟူသည် ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်သို့ သမာဓိရှေ့ဆောင်သော မဂ်လေးတန်ဖိုလ် လေးတန် ဖြင့်၎င်း၊ ပညာရှေ့ ဆောင်သော မဂ်လေးတန်၊ ဖိုလ်လေးတန်ဖြင့်၎င်း၊ တစ်မျိုးမျိုးသောဥာဏ်ဖြင့် နောက်ထပ်တဖန် ဘ၀ သစ် တဖန် ဖြစ်စေတတ်သော အာသဝေါတရားလေးပါး၊ ကိလေသာ သံယောဇဉ်များ၊ အကုသိုလ် များကုန်ခန်းခြင်းကြောင့် လက်ရှိဘ၀မှာပင် နိဗ္ဗာန်ချမ်းသာကို ထပ်ကာထပ်ကာ အလိုရှိတိုင်း ခံစားနိုင်သော တန်ခိုးမျိုးကို ခေါ်ဆိုသည်။

( ပံသုဓောဝကသုတ်၊ လောဏကပလ္လ၀ဂ်၊ တိကနိပါတ)
အရှင်မောဂ္ဂလာန်မထေရ်၏ တန်ခိုးတစ်မျိုး
ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်ကဖြစ်သည်၊ရာဇဂြိုလ်မြို့တွင်ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာသော အလွန်နှမြော တွန့်တို တတ်သော သူဋ္ဌေးကြီး တဦးရှိခဲ့သည်၊ မည်သူတဦးတယောက်ကိုမျှ ဘာပစ္စည်းကိုမျှ မပေးကမ်းမစွန့်ကြဲဖူးသော ကြောင့် မစ္ဆရိယကောသိယ- ဦးကပ်စေးနှဲဟု အများက သမုတ်ထားကြသည်၊ တနေ့တွင် ဘုရင့်နန်းတော်သို့ အခစားဝင် ကာ ပြန်လာစဉ်လမ်းဘေးတွင် ရောင်းနေ သော မုန်းပျားသလက်( မုန့်ပြစ်သလက်) ကို စားချင်သော အာသာဖြစ်သည့် အခါ ၀ယ်စားလျင် ပိုက်ဆံကုန်မည်၊ အိမ်မှာကိုယ်တိုင်ကျော်ပြီး စားရင်လဲ တစ်အိမ်လုံးကိုကျွေးရမည် ဆိုလျင် ငွေပိုကုန် မည်ဟုတွေးတောကာ ထိုစိတ်ဖြင့်ပင် မစားနိုင် မအိပ်နိုင် ဖြစ်၍ ပိန်ချုံးလာလေ၏။

သူဋ္ဌေးကြီး၏ အခြင်းအရာကို သတိထားမိသော သူဋ္ဌေးကတော်ကြီးသည် ကြံရမရသည့်အဆုံး အဖြေရအောင် စစ်စစ်ပေါက်ပေါက်မေးမြန်းပြီးသကာလ- အော် သူဋ္ဌေးကြီးနှယ်- ပင်ပန်းလိုက်တာ၊ မကုန်တဲ့နည်း ရှိပါတယ် ဆိုပြီး ပတ်ဝန်း ကျင်က မည်သူမှ မသိအောင် သူဋ္ဌေးကြီးတယောက်စာပဲ ကြော်ပြီး ကျွေးပါမည် ဆိုကာ ဘုံခုနှစ်ဆင့်ပြဿဒ် အထက်ဆုံး ကို တက်ပြီး လင်မယားနှစ်ယောက် မုန့်ကြော်ကြပါတယ်။
ထိုအခြင်းအရာ အလုံးစုံကို ဇေတ၀န်ကျောင်းတော်မှ မြင်တော်မူသော ဘုရားရှင်သည် သူဋ္ဌေးလင်မယားနှစ်ဦးစလုံး သောတာပန် တည်မည့်အကြောင်းကိုမြင်တော်မူသည့်အတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်ကို ခေါ်တော်မူကာအဆိုပါ သူဋ္ဌေးလင်မယားကို ဆုံးမပြီး မုန့်ကို အလှူခံခဲ့ပါ၊ ငါဘုရား ဇေတ၀န်ကျောင်းကနေ စောင့်တော်မူမယ်၊ မုန့်ကို နေ့ဆွမ်း အဖြစ် ဘုန်းပေးတော်မူမယ် လို့ မိန့်တော်မူလိုက်တယ်။

မထေရ်မြတ်ကြီးသည် ပြဿဒ်အထက်ဆုံးထပ် လေသာပြူတင်းပေါက်မှ ကိုယ်ထင်ပြလိုက်လေ၏၊ မထေရ်မြတ်ကို မြင်သော သူဋ္ဌေးကြီးလဲ အောင်မလေး၊ သူများမကြွေးချင်လို့ ကောင်းကင်မှာ တက်ပြီးမုန့်ကြော်ပါတယ်၊ ဒီအထိ အလှူခံက ရောက်လာပါပေါ့လား. ဟုဆိုကာ စိတ်မကောင်းဖြစ်ရှာသည်။

မနေနိုင်သည့်အဆုံး အရှင်ဘုရား ကောင်းကင်မှာ လမ်းလျောက်ပြလဲ တပည့်တော်ကတော့ မလှူနိုင်ပါဘူး ဆိုတော့ မထေရ်ကလဲ လမ်းလျောက်ပြတယ်၊ လမ်းလျောက်ရုံ မဟုတ်ဘူး၊ ထိုင်ပြလဲ မလှူဘူးဘုရား ဆိုတော့ မထေရ်ကလဲ ထိုင်ပြတယ်၊ နောက်ထပ် မီးခိုးတွေ ထွက်အောင်လုပ်ပြလဲ မလှူဘူးဘုရား ဆိုတော့ တစ်အိမ်လုံးကို မီးခိုးတွေနဲ့ ဖုံးလွှမ်းသွားအောင် လုပ်ပြတယ်။

နောက်ဆုံးမှာ သူဋ္ဌေးကြီးဟာ ကြံရာမရတဲ့အဆုံး ရှင်မရယ်- အသေးဆုံးမုန့်ကိုယူပြီး လှူလိုက်စမ်းပါ- ဒီမုန့်မှ မရရင် ဒီမထေရ် ပြန်မယ် မထင်တော့ဘူး ဆိုတော့ မုန့်တခုကို ယူလိုက်တာ အထပ်လိုက် အထပ်လိုက် ကပ်ပါလာသတဲ့။

ဒီလောက်တောင် ဖြစ်လှတာ ငါကိုယ်တိုင် အသေးဆုံးဖြစ်အောင်ကြော်မယ် ဆိုပြီး အနည်းငယ်ထည့်ကာ ကြော်လိုက်တော့ အိုးကင်းအပြည့်ကြီး ဖြစ်လာတာကြောင့် - ကဲ ဒီအခြေအနေကိုရောက်မှတော့ ငါလဲ စားချင်စိတ် အာသာကုန်ပါပြီ၊ အကုန်သာ လှူလိုက်ပါ ရှင်မရယ်-ဟု ပြောလိုက်လေ၏။

လှူချင်သောစိတ်ဖြင့် မုန့်အကုန်လုံးကို လှူဒါန်းသောအခါ အရှင်မောဂ္ဂလာန် မထေရ်မြတ်က-သူဋ္ဌေးကြီး သင်လှူမည့်မုန့်ကို အလှူခံဖို့ မြတ်စွာဘုရားသည် ကျောင်းတော်ကနေ စောင့်တော်မူဆဲဖြစ်တယ်၊ လာ သွားကြရအောင်-ဟု မိန့်တော်မူ သောအခါ ဒီအချိန်ကြီးကျမှ မွန်းလွဲပါတော့မယ်- တပည့်တော်တို့ ဒီလောက်ဝေးတဲ့ခရီးကို သွားပြီး ဘယ်လို လှူရပါမလဲ ဘုရား- ဟု လျောက်သောအခါ ဒါဆိုလဲ မုန့်တောင်းကိုယူပါ၊ အခြားလှူဖွယ်ပစ္စည်းတွေကို ယူပြီး ပြဿာဒ်အောက်ဆုံး လှေခါးကို ဆင်းလိုက်ပါ၊ လှေခါးခြေရင်းရောက်တာနဲ့ ဇေတ၀န်ကျောင်းတော်မုဒ်ဦးကိုရောက်ပါလိမ့် မယ်ဆိုပြီး တန်ခိုးနဲ့ အဓိဋ္ဌာန် လိုက်တာ ချက်ချင်းဇေတ၀န်ကျောင်းတော်ကိုရောက်သွားကြလေ၏။

ဇေတ၀န်ကျောင်းတော်နှင့် ရာဇဂြိုလ်မြို့တို့သည် ယူဇနာပေါင်း (၄၅) ယူဇနာမျှဝေးကွာလှ၏၊ တယူဇနာကို ယခုခေတ် (၈) မိုင်နှုန်းဖြင့်ရေတွက်သော် မိုင်ပေါင်း (၃၆၀) မျှကွာဝေး၏၊ ထိုမျှလောက် ဝေးသောခရီးကို စက္ကန့်ပိုင်းအတွင်းရောက် အောင်ပို့ ဆောင်နိုင်ခြင်းသည် အဘိဥာဉ်ကြောင့်သာလျင် ဖြစ်၏။ ။

နောက်ဆုံးတွင် သူဋ္ဌေးလင်မယားနှစ်ဦးတို့သည် ဘုရားအမှုးရှိသော သံဃာတော်ငါးရာတို့အား မုန့်ဆွမ်းဆက်ကပ်လှူ ဒါန်းကာ တရားနာကြရင်း သောတာပန်အရိယာများ ဖြစ်သွားကြ၏၊ လှူဒါန်းပြီး၍ ဇေတ၀န်ကျောင်းတော်က ထွက်လိုက်သည်နှင့် တပြိုင်နက် မိမိနေရာ ပြဿာဒ်လှေခါးဦးသို့ ပြန်လည်ရောက်ရှိသွားကြသည်။

( မစ္ဆရိယကောသိယ၀တ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ ဣလ္လိသဇာတ်၊ ဧကနိပါတ်၊ ဇာတကအဋ္ဌကထာ )
အထက်ပါအဖြစ်အပျက်ကို ထောက်ဆသော် မယုံနိုင်စရာ ကောင်းလောက်အောင် အံ့သြစရာများနှင့် ပြည့်နှက် နေသည်ကို တွေ့ရ ပါမည်၊

သို့သော်လည်း တန်းခိုးအဘိဥာဉ်အရာ ဖြစ်လေတော့ မဖြစ်နိုင်ဘူး ဟုလဲ မဆိုသာပေ၊ အဘယ့်ကြောင့်ဆိုသော် မြတ်စွာ ဘုရားသည် ဈာန်အဘိဥာဉ်ရနိုင်ကြောင်း နည်းလမ်းကောင်းများ၊ သမထ ၀ိပဿနာနည်း လမ်းတို့အား သတ္တ၀ါတို့၏ အကြိုက်၊ သတ္တ၀ါတို့၏စရိုက်၊ သတ္တ၀ါတို့၏၀ါသနာဓလေ့ ကွာခြားချက်အလိုက်၊ သဒ္ဓါ သီလ ၀ီရိယစွမ်းအားတို့အလိုက် သဒ္ဓါစသော ဣနြေ္ဒအနုအရင့်အလိုက် ဒီလမ်းကြောင်းကို ဒီလိုလျောက်ပါ၊ ဒီလိုပြောပါ၊ ဒီလိုဆိုပါ၊ ဒီလိုကျင့်ကြံ အားထုတ်ပါက လမ်းဆုံးပန်းတိုင်သို့ ရောက်ပါလိမ့်မည် ဟု အတိအလင်း ဟောကြားခဲ့သည်။

အက္ခာတာရော တထာဂတာ- ဘုရားရှင်တို့သည် စကားဖြင့် လမ်းညွှန်ရုံသာ ညွှန်ပြတတ်ကုန်၏၊

( တုမှေဟိ ကိစ္စ မာတပ္ပံ ) အတ္တာ ဟိ အတ္တနော နာထော- အားထုတ်ရမည်မှာ ကိုယ့်အားကိုယ် ကိုးဖို့ရန် ဖြစ်ကြောင်း မှာတော်မူခဲ့သည်။

ဆရာရှင်ဖြစ်သော ထိုမြတ်ဘုရား သွန်သင်ဆုံးမ ထားသည့်အတိုင်းသာ လျောက်လှမ်းပါက လမ်းဆုံးပန်းတိုင်သို့ ရောက် မည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ပါတော့သည်။

မေတ္တာဖြင့်
ပန်းကမ္ဘာ