မေး ➳ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဉာဏ်အသိပါလား။

ဖြေ အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်, ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။ ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ်ဖြစ်တာ။

ဥပမာ ... ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါးပေါက်ဝက ဖြစ်စေ စောင့်ပြီးကြည့်နေရင် ဝင်တိုင်းထွက်တိုင်း၊ လူတွေကို တွေ့ပြီးသေသေချာချာ သိရတယ်။ စာပေကျမ်းဂန်အရဖြစ်စေ၊ တစ်ဆင့်ကြားစကားအရ ဖြစ်စေ စဉ်းစားဆင်ခြင်နေဖို့ မလိုပါဘူး။ တစ်နည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်နေတဲ့ မှန်ကို ထောင်ထားပါ။ လူဖြစ်စေ၊ ကားဖြစ်စေ လာလာသမျှတွေဟာ အဲဒီမှန်ထဲမှာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ် ထင်ပေါ်သွားကြမယ်။ အဲဒီလိုပါပဲ။ ဒွါရ ၆-ပါးက ပေါ်လာသမျှတွေကို သတိဉာဏ်နဲ့ စောင့်ပြီးရှုမှတ်နေရင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်။ (ဘာရသုတ္တန်တရားတော်)

မေး ➳ ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်ဆိုတာ ဟုတ်နိုင်ပါသလား။

ဖြေ သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ယခုခေတ်မှာ ရုပ်နာမ်သဘောတရားတွေကို ကြားနာကျက်မှတ်ပြီးသိရုံနဲ ကိစ္စပြီးတယ်။ ဘာဝနာအလုပ်တွေကို အားထုတ်ဖို့ မလိုဘူး။ သီလကိုတောင်ဆောက်တည်ဖို့ ကျင့်ဖို့ မလိုဘူးလို့ ဟောပြောနေကြတာတွေ ရှိတယ်။ အဲဒီဝါဒအတိုင်း ယုံကြည်စွဲလန်းနေရင် သီလဗ္ဗတပရာမာသ အယူမှ လွတ်မလွတ် စဉ်းစားကြည့်ကြရမယ်။ ဘုန်းကြီးအမြင်အားဖြင့်တော့ အဲဒီဟောပြောချက်ထဲမှာ သီလ၊ သမာဓိ၊ ၀ိပဿနာပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါဝင်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ (ဓမ္မစကြာတရားတော်ကြီး)

မေး ➳ ခဏိက သမာဓိဖြင့် ၀ိပဿနာ ဖြစ်နိုင်ပါသလား။

ဖြေ ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာ အားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ (ပ၊ ၄၃၆)မှာ ပြဆိုထားတယ်။

အဲဒါကို ၀ိပဿနာ အနေနဲ့ဆိုရင် ၀ိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ၀ိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲဒါကိုတချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ၀ိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာလည်း ၀ိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်။

စာသင်သားတွေ၏ သမာဓိဟာ နီဝရဏ ကင်းလောက်အောင်အားရှိရင် မဟာသတိပဋ္ဌာနသုတ်နှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလည်း ဟုတ်ရင် ၀ိပဿနာဉာဏ် ဖြစ်နိုင်ပါတယ်လို့ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆို ဆင်ခြင်နေတဲ့ သမာဓိမျှဖြင့် နီဝရဏလည်း မကင်းကြောင်း၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလည်း မဟုတ်ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ၀ိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပဲ။

၀ိသုဒ္ဓိမဂ် (ပ၊၂၈၁)မှာ ၀ိပဿနာ ခဏိကသမာဓိကို ခဏမတ္တဌိတိကော သမာဓိစသည်ဖြင့် ပြထားပါတယ်။ အဲဒီအဋ္ဌကထာ၊ ဋီကာများကိုလည်း အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရသမာဓိကို ၀ိပဿနာခဏိက သမာဓိလို့ မုချအမည်အားဖြင့် ပြဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သဘောပေါက်ရင်တော့ ရှင်းနေမှာပါပဲ။ (ဓမ္မစကြာတရားတော်ကြီး)

၀ိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကတော့ ခဏိက သမာဓိလို့ ခေါ်ရပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ၀ိပဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ၀ိပဿနာဉာဏ်ဟာ မဖြစ်နိုင်ဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။ စျာန်အခြေခံမရှိဘဲ ၀ိပဿနာသက်သက်ရှုတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ၀ိပဿနာဉာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရတယ်။ ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်း ရှုရတာမဟုတ်ဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ်။ ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ၀ိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှားနေပါတယ်။ (သလ္လေခသုတ်တရားတော်ကြီး)

မေး ➳ သရုပ်သချင်္ာဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ်အစစ် ဖြစ်ပါသလား။

ဖြေ သရုပ်သချင်္ာဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒ ဉာဏ်အစစ်မဖြစ်။ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ်နာမ် တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဉာဏ်အစစ် ဖြစ်ကြောင်း မှတ်သားကြရမယ်။ (ဓမ္မစကြာတရားတော်ကြီး)

ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁-ခုနဲ့ စေတသိက် ၅၂-ခုက နာမ်၊ ရုပ် ၂၈-ခုက ရုပ်၊ ဒီနာမ်ရုပ် ၂-ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ဘူး။

စဉ်းစားကြည့်ပါ။ လောကီစိတ် ၈၁-ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ စျာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။ ရုပ် ၂၈-ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။

အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။ ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ၀ိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ဘူး။ ၀ိပဿနာပညာ ကင်းမဲ့နေကြတယ်။ (သလ္လေခသုတ်တရားတော်ကြီး)

မေး ➳ ပထမစပြီး ၀ိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။

ဖြေ ၀ိပဿနာ ယာနိက၏ ရှုပုံကိုတော့ .. ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ဝုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် စျာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဥ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ၊ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။

ဒီမှာလည်း ဥပစာရသမာဓိ၊ စျာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။ နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ၀ိပဿနာ ခဏိကသမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိဖြစ်တယ်။

စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ၀ိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။

အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဉာဏ်ဖြစ်တယ်လို့ ယူရင် ၀ိသုဒ္ဓိမဂ်နဲ့ဆန့်ကျင်တယ်။ ၀ိသုဒ္ဓိ ၇-ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။ ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)

မေး ➳ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် ဖြစ်နိုင်ပါသလား။

ဖြေ ရုပ်နာမ် အစစ်ရဲ့သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ ဥပမာ ... လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။ အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် မဖြစ်ဘူး။ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။
(ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)

❁ အပ္ပမာဒေန သမ္မာဒေထ ❁