( မေး ) ( ရေစက်ချ အမျှဝေ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )

( ဖြေ )
ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌
၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ဝတ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။