အရှင်ဘုရား၊ ယခုခေတ် အာကာသယာဉ်များသည် လကမ္ဘာ၏ ဟိုမှာဘက် အလွန်အထိ ခရီးဆက်ကြသည်ဟု ကြားဖူး ဖတ်ဖူးပါသည်။ သို့သော် လမ်းခရီး၌ နတ်ပြည် နတ်ဗိမာန်များကို တွေ့ရကြောင်း မကြားဖူး မဖတ်ဖူးပါ။ ထို့ကြောင့် နတ်ပြည် နတ်ဗိမာန်များ တကယ်ရှိ-မရှိ မေးလျှောက်ရပါသည်၊ ဖြေကြားတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )

( ဖြေ )
လူတကိုယ်လုံး၌ ရုပ်တရားများသည် သြဠာရိကရုပ်၊ သုခုမရုပ်-ဟူ၍ ရှိသည်။
ဥတုဇရုပ်မှာ သြဠာရိကရုပ်မျိုးဖြစ်၍ မြင်ရ တွေ့ထိ၍ရသည်။
သုခုမရုပ်မှာ မမြင်ရ တွေ့ထိ၍ မရသောရုပ်ဖြစ်သည်။
ပုံစံမှာ မျက်စိတွင် မြင်ဓာတ်-စက္ခုပသာဒရုပ်၊
နားတွင် ကြားဓာတ်-သောတပသာဒရုပ် စသည် ငါးမျိုးဖြစ်သည်။

၄င်းသုခုမရုပ်များမှာ လူသေလျှင် မီးငြိမ်းသလို ကြိုတင်၍ ကွယ်ပျောက်ကုန်သည်။ ထိုလူတို့၏ သုခုမရုပ်များ သဖွယ် နတ်တို့၏ တကိုယ်လုံးရုပ်များသည် သုခုမရုပ်များပင်ဖြစ်၍ လူများက ၄င်းတို့အား မမြင်နိုင်။ ဆီများသည် ၀ါဂွမ်း၌ စိမ့်၍ဝင်နိုင်သလို သြဠာရိကရုပ်များက သုခုမရုပ်အတွင်းသို့ စိမ့်၍ဝင်နိုင်သည်။

မမြင်ရသော နတ်တို့ ကိုယ်တွင်းသို့ လူများ၊ လူ၏ ကိုယ်တွင်းသို့ နတ်များ ဆီနှင့်ဂွမ်းလို ပူးပေါင်းဝင်ရောက်နိုင်ကြသည်။ ထို့အတူ နတ်ဗိမာန်များသည် ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်၍ သုခုမသဘောရှိလေသည်။ အာဠဝီပြည် အနီးတွင် အာဠာဝက နတ်ဘီလူး၏ ဗိမာန်ကြီး ရှိသည်။ လူများ တိရစ္ဆာန်များ မမြင်ရ။ တိုးဝင်၍ သွားနေသော်လည်း မသိကြ။ တန်ခိုးရှင် မြတ်စွာဘုရားသာ သိ၍ ဝင်ရောက်သီတင်းသုံးတော်မူသည်။ ဟေမဝတ သာတာဂိရိနတ်တို့လည်း မြင်၍ ရှောင်ကွင်း သွားနေကြရသည်။ ထို့အတူ ကောင်းကင်၌ နတ်ဗိမာန်ရှိရာ တန်ခိုးရှင်တို့နှင့် နတ်အချင်းချင်းတို့သာမြင်၍ ရှောင်ကွင်းသွားနေကြသည်။ ရုက္ခစိုး စသည်တို့မှာလည်း သစ်ပင်ပေါ်၌တက်၍ နေကြသည်မဟုတ်။ သစ်ပင်အနီး (သို့မဟုတ်) ထိပ်ဖျားစသည်၌ ဗိမာန် သီးခြားရှိပေသည်။ တန်ခိုးရှင်နှင့် သူတို့အချင်းချင်းသာ မြင်ရသည်။ လူများမမြင်ရပါ။ ထိုသဘောကို ဆင်ခြင်၍ ကောင်းကင်ရှိ နတ်ပြည်၊ နတ်ဗိမာန်တို့နှင့် အာကာသယာဉ်တို့ဆိုင်ရာ ပြဿနာကို ရှင်းလင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်