အရှင်ဘုရား၊ ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ်၊ သုံးပါးနှင့် လောကဓာတ်၊ စကြာဝဠာတိုက် ဟူသည် မည်သို့ထူးခြားသည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )


( ဖြေ )
ဇာတိခေတ်-ဟူသည်မှာ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဤစကြဝဠာနှင့် ဖြစ်ဖော်ဖြစ်ဖက်၊ ပျက်ဖော်ပျက်ဖက် (ဖွားတော်မူရာ၊ ဘုရားအဖြစ်ရောက်ရာ၊ ဓမ္မစကြာတရား ဟောတော်မူရာတို့၌ အတူတုန်လှုပ်ရာ) စကြာဝဠာ တိုက်တသောင်းကို ဆိုပါသည်။

အာဏာခေတ်ဆိုသည်မှာ မြတ်စွာဘုရား၏ တန်ခိုးတော်၊ ပရိတ်တော်၊ အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတသိန်းကို ဆိုပါသည်။ ၀ိသယခေတ်ဟူသည်မှာ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ် ကျက်စားရာ စကြာဝဠာအနန္တကို ဆိုပါသည်။ ထို့ကြောင့် စကြာဝဠာ တခုမျှကိုသာ ဆိုသော လောကဓာတ်တခု၊ စကြာဝဠာတခု ဟူသည်မှာ ဇာတိခေတ်၏ အတွင်း၌ ပါဝင်သော ဌာနတစိတ်မျှသာ ဖြစ်ပါသည်။