အရှင်ဘုရား၊ နောင်ပွင့်လတံ့သော အရိမေတ္တေယျ ဘုရားအလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ အဇိတ-အမည်ရှိ မထင်ရှားသော ရဟန်းဖြစ်ခဲ့ပြီး အဇာတသတ်မင်း၏ သားတော်လည်း ဖြစ်သည်ဟု ဆိုပါသည်။ မည်သည့်ကျမ်းဂန်မှာ လာပါသလဲဘုရား၊ အဇိတ-ရဟန်းသည် ဂေါတမဘုရားရှင် လက်ထက်တွင် မည်သည့်တရား မဂ်အဆင့်ကို ရရှိပါသလဲဘုရား။
( ဦးဖေသက်ညွန့်-အလုံ )

( ဖြေ )
အရိမေတ္တေယျဘုရား အလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် အဇာတသတ်မင်း၏သား အဇိတမည်သော ရဟန်းတပါး ဖြစ်ကြောင်းမှာ အနာဂတဝင် စာအုပ်များတွင် ပါရှိပါသည်။ ခိုင်ခန်ပသောကျမ်းလာစကား မဟုတ်ပါ။ ( အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား သတ်၍ မင်းအဖြစ်သို့ ရောက်ပြီးနောက်မှ ပထမသားဦး ရပုံ၊ အဇာတသတ်မင်းဖြစ်ပြီး ၄-နှစ်ခန့်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပုံ စသည်တို့ကို တွက်ချက်ပြဆိုထားသော စာများအရ အဇိတရဟန်း၊ အဇာတသတ်သား ဖြစ်နိုင်-မဖြစ်နိုင် စိစစ်ချက်များလည်း ရှိပါသည်။ ) အဇိတရဟန်းသည် အရိမေတ္တေယျ ဘုရားလောင်းဖြစ်လျှင် ဤဂေါတမဘုရားရှင် လက်ထက်၌ မည်သည့်တရား မဂ်ဖိုလ်မျှ မရနိုင်ပါ။ ရလျှင်လည်း အရိမေတ္တေယျဘုရား ဖြစ်တော့မည်မဟုတ်၊ သောတာပတ္တိမဂ်ဖိုလ်ကို ရလျှင်ပင် ခုနစ်ဘဝမျှဖြင့် နိဗ္ဗာန်စံဝင်သွားတော့မည်ဖြစ်ကြောင်း သိထားသင့်ပါသည်။