အရှင်ဘုရား၊ ၁၉၉၃-ခု ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်၌ ဆရာတော်ဘုရား ဖြေကြားသော ဘာသာရေးပြဿနာ အခန်း၌
၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာ
၂။ ဆဠဘိညရဟန္တာ
၃။ တေဝိဇ္ဇရဟန္တာ
၄။ သုက္ခဝိပဿကရဟန္တာ ဟူ၍ ၄-မျိုးရှိကြောင်း ပါရှိပါသည်။

၄င်းရဟန္တာ ၄-မျိုး၏ အဓိပ္ပါယ်ကို ထပ်ဆင့်ပြီးသိလိုပါ၍ ဖြေကြားပေးတော်မူပါရန်နှင့် အချို့ ဘာသာရေးဆောင်းပါးမျိုး၌ ပါရှိသော ဘီစီ-ဘယ်နှစ်က အေဒီ-ဘယ်နှစ်က-ဟု ရေးသားထားသည်ကို ဖတ်ရပါသည်။ ၄င်း ဘီစီ။အေဒီ ဆိုသည်များကို အဓိပ္ပါယ်ဖော်ပြ၍ ရှင်းလင်းပေးစေလိုပါသည်ဘုရား။
( သုမေတ္တာ-မန်ကျည်းသုံးပင်ရွာ )


( ဖြေ )
ရဟန္တာလေးမျိုးတို့တွင်
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဆိုသည်မှာ-ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံကို အလုံးစုံ ကျွမ်းကျင်တတ်သိသွားသော ရဟန္တာမျိုး ဖြစ်ပါသည်။
၂။ ဆဠဘိည ရဟန္တာဆိုသည်မှာဆိုသည်မှာ-ရဟန္တာဖြစ်လျှင်ပင် အဘိညာဉ်ခြောက်ရပ် သမာပတ်ရှစ်ဖြာကို ရရှိနိုင်သော ရဟန္တာမျိုးဖြစ်သည်။
၃။ တေဝိဇ္ဇ ရဟန္တာဆိုသည်မှာ-ပုဗ္ဗေနိ၀ါသဉာဉ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်တို့ကို ရရှိသော ရဟန္တာမျိုးဖြစ်၍
၄။ သုက္ခဝိပဿက ရဟန္တာဟူသည်မှာ-ရဟန္တာဖြစ်သော်လည်း စျာန်မရသော ရဟန္တာမျိုးဖြစ်သည်။
အားလုံးရဟန္တာချည်းဖြစ်သော်လည်း
၁-မှာ အဆင့်အမြင့်ဆုံးဖြစ်၍ ၄-မှာ အဆင့်နိမ့်သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘာသက္ကရာဇ်ကို ပြောဆိုရာ၌ ခရာဇ်သက္ကရာဇ်ကို အသုံးပြုရသဖြင့် ခရစ်တော်မပေါ်မီက နှစ်ကို ဘီစီ-ဟုဆို၍ ခရစ်ပေါ်ပြီးမှ နောက်ဖြစ်သော သက္ကရာဇ်ကို အေဒီ-ဟု ဆိုပါသည်။ ဥပမာ-မြတ်စွာဘုရားသည် ဘီစီ-၅၄၄-တွင် ပရိနိဗ္ဗာန်ပြုသည်။ ယခုအချိန်အခါသည် အေဒီ ၂၀-ရာစု ရှိနေပြီဟူသည်တည်း။