အရှင်ဘုရား၊ တပည့်တော်မအိမ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ကိုးကွယ်ထားသော ဘုရားဆင်းတုတော်တဆူ ရှိပါသည်။ မိဘလက်ထက်က ကိုးကွယ်ခဲ့သော ဘုရားဆင်းတုတော် ဖြစ်ပါသည်ဘုရား။
( ၁ ) စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို ဆက်လက်ကိုးကွယ်ရန် သင့်-မသင့်၊ အကယ်၍ မသင့်တော်ပါက မည်ကဲ့သို့၊ မည်သည့်နေရာသို့ လှူဒါန်းရမည်ကို ဖြေကြားပေးတော်မူပါဘုရား။
( ၂ ) စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဆင်းတုတော်ကို အိမ်၌ကိုးကွယ်ပါက စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဟု ဆိုသည်မှာ မှန်-မမှန် သိလိုပါသည်၊ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( မခင်ဝင်းမြင့်-မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့ )

( ဖြေ )
ဥဒ္ဒိဿစေတီဟူသော ရုပ်ပွားဆင်းတုတော်များကို အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သား၊ သံ၊ ကြေး၊ ပန်းပေါင်း၊ သားရိုး စသည်တို့ဖြင့် အရွယ်အစားစား ထုလုပ်ကိုးကွယ်ကြသည်မှာ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့၏ ထုံးတမ်းဓလေ့ပင် ဖြစ်ပါသည်။ အိမ်ဦးဘုရားခန်း၌ ကြီးမားသော အုတ်၊ အင်္ဂတေတို့ဖြင့် မထုလုပ်၊ မတည်ထားဘဲ ကျောက် ( စကျင်ကျောက် )၊ သံ၊ ကြေး၊ သစ်သား စသည်တို့ဖြင့် ကိုးကွယ်ကြမြဲဖြစ်ပါသည်။

ကျောက်ဖြင့်ထုလုပ်ကိုးကွယ်ခြင်းမှာလည်း အလွန်ရှေးကျသော ခေတ်ကပင် ကိုးကွယ်ခဲ့သော အစဉ်အလာဖြစ်ခဲ့ ပါသည်။ သာဓကအားဖြင့်-ယခု ပန်းတောင်း ပေါ်တော်မူ ရုပ်ရှင်တော်မြတ်-မှာ ကျောက်သားဆင်းတုတော် ဖြစ်၍ မူလအလောင်းစည်သူမင်းမြတ် တိုင်းခမ်းလှည့်လည်ရာ မဟာသမုဒ္ဒရာ ဇမ္ဗူ့သပြေပင်ရှိရာ အရပ်မှ ပင့်ဆောင်လာသော ရှင်ဖြူဘုရားဖြစ်၍ စစ်ကိုင်းချောက်မ အရပ်၌ ဂူတည်၍ ကိုးကွယ်ခဲ့ကြောင်း၊
နောက် မဏိပူရသို့ ရောက်သွားခဲ့ရာ အလောင်းမင်းတရားကြီး လက်ထက် ပြန်လည်ပင့်ဆောင်လာပြီး နန်းဦး၌ ကိုးကွယ်ခဲ့ရာ သားတော် ဆင်ဖြူရှင်လက်ထက်အထိ အင်းဝ နန်းဦး၌ ကိုးကွယ်ခဲ့ကြောင်း။ ၁၁၂၆-ခုနှစ်တွင် သူရဲဇီး မြို့စား ဦးငြိမ်းက တောင်းပန်၍ ပန်းတောင်းသို့ ပင့်ဆောင်လာကြောင်း စသည့်သမိုင်းကြောင်း ရှိလေသည်။

ထိုသို့ နန်းတော်အတွင်း၌ပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များကို ကိုးကွယ်ခဲ့သော ထုံးတမ်းစဉ်လာကိုကြည့်၍ အိမ်၌ ကျောက်ဆင်းတု မကိုးကွယ်ကောင်း၊ ကိုးကွယ်လျှင် စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဝဟု ယူဆနေသည်မှာ ဗုဒ္ဓဘာသာမပီသရာ ကျလေသည်။ ဤခေတ် လူချမ်းသာအိမ် တော်တော်များများမှာပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များ ကိုးကွယ်ပူဇော်ထားသည်ကို တွေ့ရသည်။ မိမိ၏သဒ္ဓါစေတနာသာလျှင် ပဓာနဖြစ်ကြောင်း ဖြေကြားလိုပါသည်။