အရှင်ဘုရား၊
( ၁ ) ရဟန်းခံရာတွင် ကာရကသံဃာ ရေတွက်ရာ၌ ဥပဇ္ဈာယ်ဆရာ၊ ကမ္မဝါစာဆရာများ ထည့်သွင်း၍ ရေတွက်ရ-မရေတွက်ရ။
( ၂ ) အမျိုးသမီးများ ဝတ်ဆင်သော ထဘီများသည် ရဟန်းတော်များ၌ အမျိုးသမီး အသက်ရှင်စဉ် မအပ်စပ်ဘဲ အဘယ့်ကြောင့် အသက်သေသွားချိန်မှာ နေကထိုင်-စသည် ချုပ်လှူက အပ်စပ်ပါသလဲဘုရား။
( အရှင်ဝိဇယ-စွယ်ကွေ့ကျေးရွာ၊ စစ်ကိုင်းတိုင်း )

( ဖြေ )
( ၁ ) ကာရကသံဃာဟူသည်မှာ ဥပသမ္ပဒကံ ဆောင်ရာ၌ ပါဝင်သော ရဟန်းအားလုံးကိုပင် ခေါ်ပါသည်။
ကာရက-ရဟန်းဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပေးသော။
သံဃာ-သံဃာတော်အပေါင်း ဖြစ်ပါသည်။
သို့သော် ရဟန်းခံရက်ချုပ် ရေးရာ၌ ဥပဇ္ဈာယ်အမည်၊ ကမ္မဝါစာဆရာ အမည်များကို ဖော်ပြပြီး ဖြစ်နေ၍ ကျန်သံဃာများကိုသာ ကာရကသံဃာ-ဟု ရေးသားလေ့ရှိနေကြပါသည်။

( ၂ ) အမျိုးသမီး ထဘီများကို ကွယ်လွန်မှသာ နေကထိုင်၊ ကန့်လန့်ကာ စသည် ချုပ်လှူလေ့ရှိသဖြင့် ကွယ်လွန်မှ ကိုင်ကောင်း၊ အလှူခံကောင်းသကဲ့သို့ ထင်မှတ်နေကြပါသည်။
အမှန်မှာ အသက်ထင်ရှားရှိစဉ်ကပင် ချုပ်လုပ်လှူဒါန်းလျှင်လည်း အလှူခံကောင်းပါသည်။ အမျိုးသမီးကိုယ်၌ ဝတ်ဆင်ထားစဉ်သာ ထိုဘမီ (အဝတ်) ကို မကိုင်ကောင်းပါ။ အကယ်၍ ခရီးသွားစဉ် ရဟန်း၏ သင်္ကန်းတို့ကို ခိုးသူလုယက်သွားလျှင် ရဟန်းသည် ဝတ်လစ်စလစ် မနေကောင်း၊ တွေ့ရာဘမီကိုသော်၄င်း၊ ဝတ်ဆင်ရမည်။ သို့မဟုတ်-သစ်ကိုင်း၊ သစ်ခက်တို့ကို ကိုယ်တိုင်ချိုး၍သော်၄င်း၊ ဝတ်ဆင်ရမည်-ဟု စာရှိပါသည်။