အရှင်ဘုရား၊ သံရှစ်ချက် ဂါထာတော်ကို ရွတ်ဖတ်ခြင်းကြောင့် မည်သို့သော အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် ၄င်းဂါထာ၏ အနက်ကိုပါ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ကြည်အေး-ကျွန်းချောင်းကျေးရွာ၊ တိုက်ကြီးမြို့နယ် )


( ဖြေ )
သံသာရစက္က၀ိဒ္ဓံသံ ၊
သံသုဒ္ဓမဿ သြရသံ ။
သံဆိန္နကံ ဘဝေ အာသံ ၊
သံဃံ အပိ သုမာနသံ ။

သံသာရစက္က၀ိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ဖျက်တော်မူတတ်သော။ ဗုဒ္ဓံအပိ-သစ္စာလေးပါး ဉေယျငါးကို ခွဲခြားပိုင်နိုင် ကိုယ်တိုင်သိတတ် ဘုရားမြတ် ရတနာကို၎င်း။
သံသာရစက္က၀ိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ျဖက်တော်မူတတ်သော။ သံသုဒ္ဓံ-ခရုသင်းပွတ်သစ် ပုလဲနှစ်အတူ ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းတော်မူသော။ ဓမ္မံအပိ-မဂ်ဖိုလ်ရှစ်တန် နိဗ္ဗာန်ပရိယတ် ဆယ်ပါးသောတရားမြတ်ကို၎င်း။
သံသာရစက္က၀ိဒ္ဓံသံ-ရုပ်နာမ်နှစ်ဖြာ ခန္ဓာစဉ်ဆက် သံသရာစက်ကို ပယ်ဖျက်တော်မူတတ်သော။ သံသုဒ္ဓံ-ခရုသင်းပွတ်သစ် ပုလဲနှစ်အတူ ဖြူစင်သန့်ရှင်း ညစ်ကြေးကင်းတော်မူသော။ အဿ-ထိုသံသရာဖြတ် ဘုရားမြတ်၏။ သြရသံ-တရားရင်နှစ် သားတော်စစ် ဖြစ်တော်မူသော။ ဘဝေ-ကာမ ရူပ အရူပဟု ဘ၀သုံးစား ဘုံသုံးပါး၌။ အာသံ-တွယ်တာစုံမက် နှစ်သက်ငြိကပ် တဏှာငတ်ကို။ သံဆိန္နကံ-ငွေ့သက်မချန် အမြစ်လှန်၍ မဂ်ဉာဏ်ဖြင့်သတ် ကောင်းစွာဖြတ်တော်မူတတ်သော။ သုမာနသံ-ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းကြောင်း စိတ်ကောင်းရှိတော်မူသော။ သံဃံအပိ-ရဟန်းမြတ်အစု လေးစုံပြု၍ ပုထုအရိယာ ကုန်စွာပေါင်းအပ် ရှစ်ပါးသော သံဃာတော်မြတ်ကို၎င်း။
အဟံ-သံသရာစက် ပြတ်ချက်ရည်မျှော် ဘုရားတပည့်တော်သည်။ နမာမိ-ရုပ်နာမ်ဆက်စပ် ခန်-အာ-ဓာတ်ကို ဖြတ်ရန်ရွယ်ကိုး ရှိခိုးပါ၏ဘုရား။

ဤပဏာမအနက်သည် ဘုရားဂုဏ်အနည်းအပါး၊ တရားဂုဏ် အလတ်စား၊ သံဃာ့ဂုဏ် အများအပြားဖြင့် သြစိတျဂုဏ်ရောက်အောင် စီစဉ်ထား၍ ဆုမတောင်းဘဲ နိဗ္ဗာန်ဆုကြီးပင် ပြီးစေလေသည်.
တွင်းပအန္တရာယ် အသွယ်သွယ်ကို ကွယ်စေ ပျောက်စေလေသည်။
( ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ ပဏာမ-မှ )