အရှင်ဘုရား၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ် စဏ္ဍာလသုတ်တွင်
ရဟန်းတို့၊ တရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်
ဥပါသကာဒွန်းစဏ္ဍာလည်း မည်၏။
ဥပါသကာညစ်လည်းမည်၏။
ဥပါသကာ ညံ့လည်းမည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ -ဟုဆိုကာ ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏-ဟု တပါးပါရှိပါသည်။
ကောတုဟလမင်္ဂလာကို ကွဲကွဲပြားပြား သိလိုပါသည်ဘုရား။
( ကိုဟန်ဝင်း-အင်းစိန်မြို့သစ် )


(ဖြေ )
ပါဠိအမှန် ကောတူဟလ-ဖြစ်၍ အုတ်အုတ်ကျက်ကျက် အသံဟု ဆိုလိုပါသည်။
ဤသူသည် လူအများ အုတ်အုတ်ကျက်ကျက် ဖြစ်လောက်အောင် ထူးဆန်းသောအမူအရာ ( အတတ်ပညာ )၊ အပြုအမူ အပြောအဆိုရှိသည်။
ဤသူကို ဆည်းကပ်လျှင် လာဘ်လာဘပေါများမည်၊ စည်းစိမ်ဥစ္စာတိုးတက်မည်-ဟု ယူဆ၍ အုတ်အုတ်ကျက်ကျက် ဖြစ်စေသူအား ကိုးကွယ်ဆည်းကပ်ခြင်းမျိုး ဖြစ်သည်။ ဤခေတ်တွင် ရိုးရိုးသံဃာတော်ထက် ဘိုးတော် ၀ိဇ္ဇာ ထွက်ရပ်ပေါက်ဆိုသူများကို ကိုးကွယ်ခြင်းမျိုးကို ဆိုလိုပါသည်။