အရှင်ဘုရား၊ လင်ယောက်ျားက တနေရာတွင် ကုသိုလ်ပြုခဲ့ပါလျှင် အိမ်မှာနေသော မယား ကုသိုလ် ရ-မရ ၊
မယား အိမ်က လှူဒါန်းမှု ပြုလျှင် ခရီးသွားနေသော လင် ကုသိုလ် ရ-မရ သိလိုပါသည်။
မယာြးုက သိသိ၊ မသိသိ လင် ကုသိုလ်ရသည်ဟု ပြောကြားသည်ကို ကြားရပါသည်၊ ရှင်းရှင်းဖြေကြားတော်မူပါဘုရား။
( ဒေါ်ညီမ-ပြည်မြို့ )


( ဖြေ )
အပါဒါန်ပါဠိတော် အဋ္ဌကထာ, ထေရီထေရာ ပါဠိတော် အဋ္ဌကထာတို့၌ ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ ရဟန္တာယောက်ျားအလောင်း၊ ရဟန္တာမိန်းမအလောင်းတို့သည် ဆုတောင်း၍ ကုသိုလ်ပြုသဖြင့် မိမိတို့ကုသိုလ် ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရကြသည်၊
ယောက်ျားဆုတောင်း၍ ပြုသောကြောင့် ယောက်ျားသာ ဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သည်။
မိန်းမဆုတောင်း၍ ပြုသောကြောင့် မိန်းမသာ ရဟန္တာ(မိန်းမ) ဖြစ်သည်-ဟု လာသည်။

ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ယသော်ဓရာအလောင်း သုမိတ္တာ သူဋ္ဌေးသမီးဖြစ်စဉ်က ငါတို့ဘုရားလောင်း၏ ဇနီးမယားဖြစ်ရန် ဆုတောင်း၍ ဘုရားလောင်းနှင့်အတူ ဖြစ်ရသော ဘ၀တိုင်း၌ ကုသိုလ်ပြုဖက်ဖြစ်သော်လည်း ရဟန္တာမလောင်းအဖြစ် ပါရမီမဖြည့်နိုင်ခဲ့သေးပါ။ ဘုရားလောင်းသာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်၊

ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက် ( ကမ္ဘာတသိန်းအလို ) ကျမှ ယသော်ဓရာ အလောင်း ကုသိုလ်ပြု ဆုတောင်း၍ ရဟန္တာမ-ဖြစ်ရန် ပါရမီဖြည့်ရသည်၊ ထိုအခါမှ ပါရမီရှင် စစ်စစ် ဖြစ်ရ၏၊ ဤခေတ်တွင် ပါရမီရှင်ဟု လွယ်လွယ်ခေါ်နေကြသည်၊ ရှေးဦးစွာ ဗောဓိဆု တဆုဆုကို တောင်းရဦးမည်ဖြစ်၏၊ ဆုတောင်းပြီးမှ ထိုဆုပြည့်ရန် ဒါနစသည့် ပါရမီတို့ကို ပြုလုပ်ရမည်ဖြစ်သည်၊ ဆုမတောင်းဘဲ လှူဒါန်းခြင်းစသည်မှာ ပါရမီ မဟုတ်သေးကြောင်း သတိပြုရပေမည်။