အရှင်ဘုရား၊ ဗောဓိပင်သည် ပရိဘောဂစေတီ ထိုက်တော်မူသည်ကို တပည့်တော် နားလည်ပြီး ဖြစ်ပါသည်ဘုရား၊ ထိုဗောဓိပင်အား စေတီတော်များကဲ့သို့ ထီးတော်တင်လှူ ပူဇော်ထားသည်ကို မြင်ရပါ၍ ပို၍ အကျိုးသက်ရောက်မှု ရှိ-မရှိ၊ လုပ်သင့်-မလုပ်သင့်နှင့် သာသနာတော်အတွက် အနှောက်အယှက် ဖြစ်နိုင်-မဖြစ်နိုင်ကို ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးသောင်း-ဒဂုံမြို့သစ် တောင်ပိုင်း )


( ဖြေ )
ဗောဓိပင်ကို စေတီတော်များကဲ့သို့ ထီးတင်ခြင်း ထုံးစံမရှိပါ၊ ညောင်ရေလောင်းခြင်းစသော သင့်လျော်သောပူဇော်မှုမျိုးကိုသာ ပြုသင့်ပါသည်။
မဟာဝင်ဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗောဓိပင်ကို ပူဇော်ဦးအံ့-ဟုကြံ၍ ဗောဓိပင်ကို ပလ္လင်မြှင့်ခြင်း၊ တံတိုင်းကာခြင်း၊ တံခွန်ဆွဲခြင်း၊ ရွှေသလဲ ငွေသလဲ ကြဲခြင်း၊ အစရှိသော ပူဇော်ခြင်းအထူးကို ပြုတော်မူ၏။
( မဟာဝင်ဝတ္ထု ၃၃၈ ) စသည်ဖြင့် ပါရှိသဖြင့် ဗောဓိပင်နှင့် သင့်လျော်သော ပူဇော်ခြင်းမျိုးတို့ဖြင့် ပူဇော်ခြင်းသည်သာ သူတော်ကောင်းတို့ ချီးမွမ်းဖွယ်ဖြစ်ပါသည်။

သာသနာတော် တလျှောက်လုံး၌ ဗောဓိပင်ကို ထီးတင်ခြင်းဟူသော ပူဇော်မှုမျိုး မရှိခဲ့ဘူးကြောင်း သတိပြုဖွယ် ဖြစ်ပါသည်။