ဇာတ်တော်များမှာ အမျိုးသမီးတို့ အာရုံကြောင့် ဈာန်ရရသေ့များ ဈာန်လျှောရကြောင်း မကြာမကြာ ဖတ်ရှုရပါသည်၊ သိုပသော် မြတ်စွာဘုရားအား အမျိုးမျိုးရန်လုပ်၍ သတ်ဖြတ်ရန်အထိ ကြံစည်ခဲ့သည့် ဒေ၀ဒတ်မှာ ဈာန် ဣဒ္ဓိပါဒ်တန်ခိုးများ ရရှိသည်ဆိုသည်မှာ ဖြစ်နိုင်ပါရဲ့လား ဘုရား။
( ဦးခင်မောင်ကြီး-ရွှေသူဌေးကုန်း၊ ချောက်မြို့ )


( ဖြေ )
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီး ၀ါတော်တ၀ါ ရပြီးနောက် ကပိလ၀တ်ပြည်သို့ ကြွရောက်၍ ပြန်လည်ကြွသွားသည့်အခါတွင် ဒေ၀ဒတ်သည် ဘဒ္ဒိယ သာကီဝင်မင်း၊ အနုရုဒ္ဓါမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဆတ္တာသည် ဥပါလိတို့နှင့် အတူ ဘုရားနောက်သို့ လိုက်သွားပြီး ရဟန်းပြုခဲ့ပါသည်၊ ထိုအချိန်က မြတ်စွာဘုရားအား ရန်ငြိုးလည်းမဖွဲ့သေး၊ ရန်လည်းမလုပ်သေး၊ သဒ္ဓါတရားအပြည့်အ၀ ရှိနေပါသေးသည်၊ ထို့ကြောင့် ရဟန်းတရားကို အားထုတ်၍ လောကီဈာန်တန်ခိုး ဣဒ္ဓိပါဒ်တို့ကို ရခဲ့ပါသည်။ နောက်အတန်ကြာမှ အလိုဆိုးနှိပ်စက်၍ အဇာတသတ်ကို ချဉ်းကပ်ကာ လာဘ်များကြောင်းကို ရှာကြံလျက် မြတ်စွာဘုရားအား ရန်ပြုသဖြင့် ရရှိသော ဈာန်တန်ခိုးများ ကွယ်ပျောက်သွားရပါသည်၊ ထို့ကြောင့် ဒေ၀ဒတ်၏ ဈာန်တန်ခိုးများမှာ အလိုဆိုးမနှိပ်သက်မီ စိတ်ကောင်းရှိစဉ်က ရရှိခြင်း ဖြစ်သဖြင့် ဖြစ်နိုင်ပါသည်။