အရှင်ဘုရား၊ ၀ါသနာဓလေ့ကို ရဟန္တာပုဂ္ဂိုလ်ကြီးများတောင် မပယ်နိုင်-ဟု ဓမ္မစကား တော်တော်များများတွင် ကြားနေရပါသည်။ ထိုစကားမှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။
(အောင်မှူးဝေ-တမူးမြို့)


(ဖြေ)
ဘုရားရှင်၏ ကိလေသာပယ်ပုံ ပဟာနသမ္ပဒါတွင် (၀ါသနာနှင့်တကွ) အလုံးစုံသော ကိလေသာတို့ကို စင်စစ်တဖန် ပြန်မဖြစ်စေသောအားဖြင့် ပယ်သတ်ခြင်းဟု ဆိုသဖြင့် ဘုရားရှင်သာ (၀ါသနာနှင့်တကွ) ပယ်နိုင်ပြီး၊ ကျန် ရဟန္တာမထေရ်မြတ်များမှာ ကိလေသာတို့ကိုသာ ပယ်နိုင်ပြီး ၀ါသနာကို မပယ်နိုင်ဟု ဆိုရာ ရောက်ပါသည်။

(သ၀ါသန သကလသံကိလေသာန မစ္စန္တမနုပ္ပါဒ ဓမ္မတာ ပါဒနံ=ပဟာနသမ္ပဒါ) ပညာဧတဒဂ်ရ-ရဟန္တာ သာဝကကြီး အရှင်သာရိပုတ္တရာသည်ပင်လျှင် ၀ါသနာကို မပယ်နိုင်ကြောင်း အာစရိယပရမ္ပရ-ရှေးမထေရ် အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိသော ဇာတ်လမ်းလေးတခု ရှိပါသည်။

တချိန်တွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးအား ဒါယကာတဦးက ဆွမ်းလာပင့်၍ ကြွလိုက်အသွား လမ်းခုလပ်တွင် ရေမြောင်းလေးတခုတွေ့ရာ အရှင်သာရိပုတ္တရာမထေရ်ကြီးက ခုန်ကျော်၍ သွားသောဟူ၏။ ထိုအခါ ဒါယကာ၏စိတ်ထဲတွင် ရဟန်းကြီးနှယ် ဣနြေ္ဒမရလိုက်တာ-ဟု တွေးပြီး သင်္ကန်းသုံးထည် လှူဒါန်းဖို့ စီမံထားရာ နှစ်ထည်သာလှူတော့မည်ဟု စိတ်ပြောင်းသွားလေ၏။ နောက်တဖန် ရေမြောင်းတခုတွေ့၍ ခုန်လိုက်ပြန်ရာ (တစ်)ထည်သာ လှူတော့မည်ဟု လျော့သွားပြန်၏။ (သုံး)ခုမြောက် ရေမြောင်းတခုတွေ့ရာတွင် မထေရ်ကြီးက မခုန်တော့ဘဲ ဆင်းသွားသောဟူ၏။ ထိုအခါ ဒကာက အရှင်ဘုရား ရှေ့ကရေမြောင်းနှစ်ခု ခုန်ကျော်ခဲ့ပြီး ယခုရေမြောင်းကို အဘယ့်ကြောင့် မခုန်ကျော်ပါသနည်းဟု မေးရာ

ဒကာ-ငါ ဒီရေမြောင်းကို ခုန်ကျော်လိုက်လျှင် သင်္ကန်းတထည်မျှ ရမှာမဟုတ်တော့ဘူး။ ဟုဖြေရာ ထိုအခါကျမှ မထေရ်ကြီးကို ကြည်ညို၍ သုံးထည်လုံး လှူသောဟူ၏။
ဤဇာတ်လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးသည်ပင် မျောက်ဘ၀တွင် အဖြစ်များခဲ့ဖူး၍ ၀ါသနာအငွေ့အသက် ကျန်နေကြောင်း ပိဋကတ်တော်တွင် မပါဝင်သော်လည်း အကြောင်းအရာလည်းပေါ်လွင် ဟာသရသပါ ခံစားရသောကြောင့် မထေရ်အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိနေသော ဇာတ်လမ်းဖြစ်ပါ၏။