အရှင်ဘုရား၊ တပည့်တော် ဖတ်ဖူးသော ဗုဒ္ဓ၀င်အကျဉ်းတွင် မြတ်စွာဘုရား၏ အလုပ်အကျွေးသည် အရှင်အာနန္ဒာ-ဟု သိရပါသည်။ အရှင်အာနန္ဒာသည် ဘုရားရှင် အသက်ဘယ်အရွယ်ရောက်မှ အလုပ်အကျွေးပြုသည်ကို၎င်း၊ အရှင်အာနန္ဒာ အလုပ်အကျွေးမပြုခင်က အဘယ်ရဟန်းများ၊ အလုပ်အကျွေး ပြုစုခဲ့ကြသည်ကို၎င်း၊ အရှင်အာနန္ဒာသည် ညီတော်အာနန္ဒာလား၊ ဖွားဖက်တော် အာနန္ဒာလား ဖြေကြားပေးတော်မူပါဘုရား။
(အရှင်သာသန၊ မန္တလေး)


(ဖြေ)
အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် သက်တော် ၅၅-နှစ်အလွန် ၀ါတော် ၂၀-ကျော်အချိန်မှစ၍ အမြဲတမ်း အလုပ်အကျွေးအဖြစ် လှည့်လည်လိုက်ပါတော်မူပါသည်။
မြတ်စွာဘုရား၏ ပထမဗောဓိခေါ် ၀ါတော် ၂၀-အတွင်းတွင် အမြဲတမ်းအလုပ်အကျွေး မရှိဘဲ တခါတရံ အရှင်နာဂသမာလမထေရ်၊ တခါတရံ အရှင်နာဂိတ၊ အရှင်မေဃိယ၊ အရှင်ဥပ၀ါန၊ လိစ္ဆ၀ီမင်းသား သုနက္ခတ္တရဟန်း၊ အရှင်သာရိပုတ္တရာ၏ ညီတော် အရှင်စုန္ဒ၊ အရှင်သာဂတ၊ အရှင်ရာဓမထေရ် စသော မထေရ်တို့ အလျဉ်းသင့်သလို ပြုစုလုပ်ကျွေး လှည့်လည်လိုက်ပါကြ၏။

ဘုရားရှင် ၀ါတော် ၂၀-ကျော်လာသောအခါ ရဟန်းတို့-ငါဘုရားသည် အသက်အရွယ် ကြီးရင့်လာပြီ။ အချို့ရဟန်းများသည် ငါဘုရားက ဤလမ်းခရီးဖြင့် သွားကြကုန်စို့-ဟု ပြောဆိုသော်လည်း အခြားခရီးဖြင့်သွား၍ ငါဘုရားကို စွန့်ခွာသွားကြကုန်၏။( အရှင်မေဃိယကို ညွှန်းပါသည်)။
အချို့ရဟန်းများကမူ ငါဘုရား၏ သပိတ်သင်္ကန်းတို့ကို မြေ၌ချထားမည့် အခြေအနေထိ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကြသေးသည်။ (အရှင်မေဃိယကို ညွှန်းသည်)။
သို့အတွက်ကြောင့် ငါဘုရားအတွက် အမြဲပြုစုလုပ်ကျွေးမည့် ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစားရွေးချယ်ကြလော့-ဟု မိန့်တော်မုရသည်။

ထိုစကားကိုကြား၍ ရဟန်းအပေါင်းတို့ ဓမ္မသံဝေဂကြီးစွာ ဖြစ်တော်မူကြကုန်၏။ ဤသို့ အမြတ်ဆုံးဘုရားရှင်ကို လုပ်ကျွေးရသည်ကိုပင် မထေရ်မဲ့မြင် ပြုတော်မူကြကုန်သေး၏။ ထို့ကြောင့် အရှင်အာနန္ဒာက တာဝန်ယူခြင်း ဖြစ်သည်။
အရှင်အာနန္ဒာကိုပင် ဖွားဖက်တော် အာနန္ဒာဟု၎င်း၊ ညီတော် အာနန္ဒာဟု၎င်း၊ အမျိုးမျိုးခေါ်ခြင်းဖြစ်ပါသည်။

ဖွားဖက်တော် စာရင်းလင်္ကာမှာ-
ယသော်ခင်လေး၊ ညီထွေးအာနန်၊ ကဏ္ဍကမြင်း၊ ကျွန်ရင်းမောင်ဆန်၊ ကာဠုဒါယိ၊ ဗောဓိရုက္ခံ၊ ရွှေအိုးစွက်၊ ဖွားဖက်ခုနစ်တန်။
ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ-ဟု၎င်း။
အာ-ဗော-ကာ-ယ-ဆန်-ရွှေ-ကဏ် ဟု၎င်း။ အမျိုးမျိုး စပ်ဆိုထားကြကုန်၏။