အရှင်ဘုရား၊ ဂေါတမဘုရားရှင်သည် နတ်ပြည်တက်၍ မယ်တော်ဖြစ်ဖူးသော နတ်သားကို တရားဟောသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။ မယ်တော်ဖြစ်ဖူးသော နတ်သားသည် တရားနာရသော်လည်း ကျွတ်တမ်းမ၀င် ဟု ထင်ပါသည်။ တပည့်တော်ကြားဖူးသည်မှာ မယ်တော်မာယာဒေ၀ီ မိဖုရားကြီးသည် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရာငါးဆူလုံး၏ မယ်တော်ဖြစ်ရပါလို၏ဟု ဆုတောင်းထား၍ အရိမေတ္တေယျ ဘုရားလောင်း ကို ဖွားမြင်ပြီးမှ ကျွတ်တမ်းဝင်မည်ဟု ကြားသိဖူးပါသည်။ မှန်-မမှန် ကျမ်းအကိုးအကားနှင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။
(ဦးမြဟန်-ရန်ကုန်မြို့)


(ဖြေ)
မမှန်ပါ၊ ဘုရားလောင်းကို မွေးဖွားပြီးသော မယ်တော်သည် ၇-ရက်မျှသာ လူ့ဘုံ၌ နေ၍ နတ်ရွာစံရသည်။ တုသိတာနတ်ပြည်၌ ဖြစ်မြဲဖြစ်သည်။ အဘယ့်ကြောင့် ၇-ရက်မျှသာ နေရသည်ဆိုသော် ဘုရားတဆူ ကိန်းပြီးသော မယ်တော်ဝမ်းတိုက်သည် စေတီကိန်းသော စေတီတိုက်နှင့်တူ၏။ စေတီထိုက်သောနေရာသည် တပါးသောသူတို့ သန္ဓေယူ ကိန်းအောင်းခြင်းငှါ၎င်း၊ သုံးဆောင်ခြင်းငှါ၎င်း၊ မထိုက်တော့ပေ။ ထို့ကြောင့် ၇-ရက်မျှသာနေ၍ တုသိတာနတ်နန်းသို့ စံမြန်းရမြဲ ထုံးစံဖြစ်လေ၏။

မယ်တော်မာယာ၏ ရှေးဘ၀အစဉ်အဆက်ကိုကြည့်လျှင် ၀ိပဿီမြတ်စွာဘုရားလက်ထက်တွင် ဗန္ဓုမမင်းကြီး၏ သမီးကြီးဖြစ်ပြီး ဘုရားရှင်အား စန္ဒကူးမှုန့်ဖြင့် ပူဇော်၏။ ကျောင်းတော်ကိုလည်း စန္ဒကူးမှုန့်တို့ဖြင့် ကြဲ၍ ပူဇော်၏။ နောင်အခါ မြတ်စွာဘုရားရှင်၏ မယ်တော်ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။

တဖန် ကဿပဘုရားရှင်လက်ထက၌ ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာ မည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစရိယသိက္ခာပုဒ် ထိန်းသိမ်း၍ နေသွားခဲ့၏။ ထို့နောက် ဝေဿန္တရာဇာတ်တော်၌ မယ်တော်မာယာလောင်းသည် ဝေဿန္တရာမင်းကြီး၏ မယ်တော် ဖုဿတီ မိဖုရားကြီး ဖြစ်လာ၏။ ငါတို့ဂေါတဘုရားလက်ထက်တွင် ဂေါတမဘုရား၏ မယ်တော်မာယာ ဖြစ်လာသည်ဟုဆိုသဖြင့် ဘုရားငါးဆူလုံး၏ မယ်တော်ဖြစ်ရမည်ဆိုလျှင် ကဿပဘုရားရှင်၏ မယ်တော်လည်း ဖြစ်ရမည်သာ။ ထိုသို့ကား မဖြစ်ခဲ့။ ကဿပဘုရားရှင်လက်ထက်တွင် ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာမည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစိရိယသိက္ခာပုဒ် ထိန်းသိမ်းသော အပျိုစင်ဘ၀ဖြင့် နေထိုင်သွားခဲ့၏။ ကဿပဘုရား၏ မယ်တော်သာ ဖြစ်ရရိုးမှန်လျှင် မွေးဖွားပြီး ၇-ရက်သာနေ၍ နတ်ရွာစံရမည်သာ ဖြစ်လေသည်။ ဤအချက်ကိုထောက်၍လည်း မမှန်ကန်ကြောင်း သိသာလှပါသည်။
(သုတ်မဟာဝါ-ဋ္ဌ၊ မဟာပဒါနသုတ်နှင့် ဝေဿန္တရာဇာတ်တို့၌ ဖော်ပြချက်အရ ဖြစ်သည်)။

ထို့ပြင် ဘုရားရှင်တို့သည် သူ့ခမည်းတော်၊ မယ်တော် အသီးသီးရှိကြကုန်၏။ ဗုဒ္ဓ၀င်ပါဠိ၌-
(က) ကကုသန်-ခမည်းတော် ပုဏ္ဏားမျိုး အဂ္ဂိဒတ္တ။ မယ်တော် ၀ိသာခါ။
(ခ) ကောဏာဂုံ-ခမည်းတော် ပုဏ္ဏားမျိုး ယညဒတ္တ။ မယ်တော် ဥတ္တရာ။
(၈) ကဿပ-ခမည်းတော် ပုဏ္ဏားမျိုး ဗြဟ္မဒတ္တ။ မယ်တော်-ဓန၀တီ။
(ဃ) ဂေါတမ-ခမည်းတော် မင်းမျိုး သုဒ္ဓေါဒန။ မယ်တော် မာယာဒေ၀ီ။
(င) အရိမေတ္တေယျ-ပုဏ္ဏားမျိုး သုဗြဟ္မာ။ မယ်တော် ဗြဟ္မ၀တီ တို့ဖြစ်သည်။

အထက်လေးဆူကို ဗုဒ္ဓ၀င်ပါဠိ၌ပြပြီး အရိမေတ္တေယျ အကြောင်းကိုကား ၀ိသုဒ္ဓ်မဂ် ဋ္ဌ-အနာဂတံသဉာဏ် အဖွင့်တွင် အနာဂတေ မေတ္တေယျောနာမ ဘဂ၀ါ ဥပ္ပဇ္ဖိဿတိ၊ သုဗြဟ္မာ နာမဿ ဗြဟ္မဏော၊ ပိတော ဘ၀ိဿတိ။ ဗြဟ္မ၀တီနာမ ဗြဟ္မဏီ မာတာတိ-ဟု မဟာဝင်၊ ထူပ၀င်၊ အနာဂတ၀င်ကျမ်းတို့၌လည်း သိဝုဒ္ဓိမဂ်နှင့်အတူ ပြဆိုထားသဖြင့် ခမည်းတော် မယ်တော် သီးခြားစီသာ ဖြစ်ကြကုန်၏။

မယ်တော်တဦးတည်းဖြစ်သည်ဟု ပြဆိုထားသော ကျမ်းဂန်မရှိ၍ မမှန်ကန်ကြောင်း မှတ်ယူရာ၏။
မယ်တော်ဖြစ်ဖူးသော သန္တုတိနတ်သားသည် အဘိဓမ္မာတရားကို နာကြား၍ သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့သည်။ အထက်မဂ်ဖိုလ်အဆင့်ဆင့်သို့ တက်ရောက်ပြီး နိဗ္ဗာန်ဝင်မည်။