အရှင်ဘုရား၊ မြင်းမိုရ်တောင်သည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် မြင့်သည်။ မြင်းမိုရ်တောင်ခြေတွင် လူ့ပြည်ရှိသည်။ ထက်ဝက်တွင် စတုမဟာရာဇ်နတ်ပြည် ရှိသည်။ ထိပ်ဆုံးတွင် တာဝတိံသာနတ်ပြည် ရှိသည်။ နေသည် မြင်းမိုရ်တောင်ကို လှည့်၍သွားသည် စသည်ဖြင့် မြင်းမိုရ်တောင်အကြောင်း ဖတ်ရပါသည်။ သို့သော် မြင်းမိုရ်တောင်ကို မြင်ဖူးသူ မရှိကြပါ။ ဓာတ်ပုံ ပန်ချီများနှင့်သာ စိတ်ကူးဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရပါသည်။ သွား၍ရပါသလား၊ တကယ်ရှိပါသလား။ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
(မောင်လင်း-မုဒုံ၊ အရှင်ပညိဿရ-နတ္တလင်း၊ အောင်မိုးရွှေ-မြောက်ဥက္ကလာ)


(ဖြေ)
မြင်းမိုရ်တောင်နှင့်ပတ်သက်၍ စာအရှိ၊ စာအသိ အမျိုးမျိုး ရှိကြ၏။ ပြောကြ၊ ရေးကြသူများကလည်း စာအရှိ၊ စာအသိကိုပင် လိုက်ပြီး ရေးကြ၏။ အချို့ကလည်း မိမိတို့မှတ်သားထား၊ သဘောပေါက်ထားသလို ရေးကြ ပြောကြ၏။

မန္တလေးတဖက်ကမ်း မင်းကွန်းခေါင်းလေင်းကြီးအနီးတွင် သီတာ ၇-တန်၊ တောင်ရန် ၇-ထပ်၊ စကြာဝဠာ တံတိုင်း အထပ်ထပ်နှင့် မြင်းမိုရ်တောင်၏ တည်နေဟန်ကို သရုပ်ဖော်ထားသော မြသိန်းတန်စေတီတော်ကြီးတဆူ ရှိသည်။ စာလာ ပေလာ အရှိအတိုင်း နီးနီးစပ်စပ် သရုပ်ဖော်ထားပုံရသည်။ တဖန် ဆရာတော်ကြီးများ ယူဆကြသည်မှာ မဟာစည်ဆရာတော်ကြီးက လေးကျွန်းတမြင်းမိုရ်ကို ယခုခေတ် ဥရောပနိုင်ငံများရှိ အနောက်ကျွန်း စသည်ဖြင့် ယူဆသည်။
ကမ္ဘာ့သာသနာပြု အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ကြီးလည်း ဤကမ္ဘာကြီးသည်ပင် မြင်းမိုရ်တောင်အလား ဟု ယူဆသည်။ ဤသည်တို့မှာလည်း ယူဆချက်များသာ ဖြစ်ပါသည်။

သီရိလင်္ကာဆရာတော်ကြီးတပါး၏ အယူအဆမှာ ကံအလျောက်ဖြစ်သော မြင်းမိုရ်တောင်စသည်တို့သည် သာမန်လူတို့ မမြင်နိုင်ကောင်းဟု ယူဆပါသည်။
သူ့ကျွန်းနှင့် သူ့သက်တမ်းကံအလျောက် အရှေ့ကျွန်း သက်တမ်း ၇၀၀၊
အနောက်ကျွန်း သက်တမ်း ၅၀၀၊
မြောက်ကျွန်း သက်တမ်း ၁၀၀၀၊
တောင်ကျွန်း သက်တမ်း အမြဲမရှိ-ဟု ဆို၏။

တောင်ကျွန်းတခုသာ သက်တမ်းအတိုးအဆုတ်ရှိသည်။ ကျန် ၃-ကျွန်းမှာ သူ့သက်တမ်းနှင့် သူ့ကံနှင့် သီးသန့်ရှိပြီး နတ်သက်တမ်းများလို သတ်မှတ်ထားချက်ရှိသည်။ ကံနှင့်ဘုံကို သာမန်လူတို့ မမြင်နိုင်ခြင်းမှာ သဘာဝကျသည်။
ထို့ကြောင့်ပင် လူမရောက် မြင်းမိုရ်တောင်ဟု ဆိုစကားရှိခဲ့သည်။ လောက၌ မကြံစည်အပ်သော အရာလေးမျိုးတို့မှာ ဘုရားအရာ၊ ဈာန်အရာ၊ ကံအရာ၊ လောကအရာတို့ဖြစ်သည်။