ဘုရားမှာ တံခွန်၊ ကုက္ကား၊ ထီး၊ အလံ၊ ဂြိုဟ်တိုင် စသည်များကို ဘယ်အဓိပ္ပါယ်ဖြင့် လှူကြပါသနည်း၊ ထိုသို့လှူသဖြင့် မည်သို့ အကျိုးရှိပါသနည်း အရှင်ဘုရား။
( မတင်တင်လှိုင်-ကမာရွတ် )


( ဖြေ )
တံခွန်တိုင်ဆိုသည်မှာ=ဤနေရာတွင် ဘုရားစေတီ ရှိသည်၊ လာရောက် ပူဇော်ကြပါ-ဟူသော အဓိပ္ပါယ်ဖြင့် တိုင်မြင့်မြင့်ထူ၍ အဝေးက မြင်နိုင်အောင် အ၀တ်ကို အပြား၊ အလုံးရှည်ရှည် ပြုလုပ် ဆွဲလှူသည်ကို တံခွန်၊

အ၀တ်စက္ကူစသည်များကို ကားကားစွင့်စွင့် ပြုလုပ် စိုက်ထူထားသည်ကို ကုက္ကားခေါ်၍ ဘုရားစေတီတို့တွင် ဝေေ၀ဆာဆာနှင့် ကြည်ညိုဖွယ်ဖြစ်အောင် လှူဒါန်းကြပါသည်။

တံခွန်တွင်ဆွဲသော အပြားတွင် အလွတ်မထားဘဲ ဂြိုဟ်ရုပ်များ ရေးခြယ်လှူဒါန်းခြင်း၊ ကြိုးဆွဲ၍ ကြက်လျှာ အလံများဆွဲခြင်း၊ ထီးဖြူ ရွှေထီးများ လှူဒါန်းခြင်းမှာလည်း ရှေးဟောင်းဓလေ့များပင် ဖြစ်ပါသည်။ ဘုရားကိုးဆူ ကပ်ရာ၌ကား တံခွန်ကုက္ကား အသေးစားများ ပြုလုပ်လေ့ရှိကြပါသည်၊ ဘုရားစေတီများ၌ ထင်ရှားပေါ်လွင်အောင် လှလှပပ ဆွဲချိတ်လှူဒါန်းခြင်းကြောင့် အခြံအရံများခြင်း၊ အန္တရာယ်ကင်းခြင်း စသော အကျိုးများ ဖြစ်ထွန်းနိုင်ပါသည်။