ငါးပါးသီလ ခံယူ၍ ပရိတ်နာယူပြီးမှ အမျှ ပေးဝေခြင်းထက် အမျှ ပေးဝေပြီးမှ ပရိတ်နာယူခြင်း မည်သည်က မှန်ပါသလဲဘုရား။
( ဦးသာအေး-တောင်ဥက္ကလာ )


( ဖြေ )
အိမ်မှာ ဘုန်းတော်ကြီးများအား ဆွမ်းကပ်ပြီးနောက် ရှေးဦးစွာ ကန်တော့၍ သီလခံယူပြီး ပရိတ်တရားတော်များကို နာယူကာ သြ၀ါဒ အနုမောဒနာတရားများ နာကြားပြီးသည့်နောက် အဆုံးမှာမှ ရေစက်ချ အမျှပေးဝေမှုမှာ ဗုဒ္ဓဘာသာ လမ်းရိုးစဉ်လာပင် ဖြစ်ပါသည်၊

အဘယ့်ကြောင့်ဆိုသော်-အမျှပေးဝေခြင်းသည် ပတ္တိဒါနကုသိုလ်မှုဖြစ်၍ မိမိပြုသမျှ ဒါနမှု, သီလမှု, ပရိတ်တရားနာခြင်း-စသော ဓမ္မဿဝနမှု-စသော ကုသိုလ်ကောင်းမှုများကို မိမိရည်ညွှန်းအပ်သော ပုဂ္ဂိုလ်နှင့်တကွ ၃၁-ဘုံရှိ သတ္တ၀ါများ မိမိနှင့်အတူ အမျှရစေလိုသော မနောအာသီသ အမှန်အတိုင်း ဖြစ်သောကြာင့်ပင်။