အမေး။ တပည့်တော်သိချင်တာက ဗုဒ္ဓကိုပူဇော်တဲ့တေးသီချင်းများကတော့ အပြစ်မဖြစ်ဖူးလားဆိုတာလေးပါ။ ဓမ္မစကြာရွတ်ဖတ်တဲ့ အခါမျိုးမှာရော အသံဆွဲရွတ်ဖတ်လို့ရပါသလား.။
အနမ်း
ရန်ကုန်


အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီး ဓမ္မဂီတ ၊ ဂီတဓမ္မ ဆိုပြီး နှစ်မျိုးရှိတယ်။ ဓမ္မဂီတဆိုတာက တရားကို သီချင်းလုပ်ပြီးဆိုတာဖြစ်တယ်။ ဆိုလိုတာ က တရားကို အသံတို၊အသံရှည်၊ အချီ၊အချ၊ အနိမ့်၊အမြင့်တွေနဲ့ သီချင်းသီဆိုသလိုဆိုပြီး တရားဟောတာပါ။ တကယ်ကတရားနာတယ်ဆိုတာ သံဝေဂရအောင် မသိတာတွေသိအောင်ဆိုပြီးတရားနာတာဖြစ်တယ်။ တရားဟောတဲ့သူက သီချင်းဆိုသလို ဟောနေရင် နာတဲ့သူမှာ တရားအနက်သဘောမထင်တော့၊ အသံနောက်လိုက်ကာ သံဝေဂမရတဲ့အပြင် တဏှာဖက်တောင်ကူးသွားနိုင်ပါတယ်။ ဒါကြောင့် “ဓမ္မဂီတ” တရားကိုသီချင်းဆိုသလို ဟောတဲ့သူကလဲ မဟောသင့်သလို နာတဲ့သူကလဲ မနာသင့်ပါဘူး။ ဓမ္မဂီတ ဖြင့် အသံရှည်ဆွဲဟောပြောမှုကို လူဓမ္မကထိကများလဲ မဟောသင့်ဘူး လို့ ယူဆမိပါတယ်။ ဘာ့ကြောင့်ဆိုရင် တရားကို တရားလိုပဲ ဟောရင်အကောင်းဆုံးမို့လို့ပါပဲ။ ယနေ့ခေတ် ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ပူဇော်တဲ့နေရာမှာ အသံအရှည်ကြီးမဆွဲဘဲ၊ သာယာနာပျော်ဘွယ်ဖြစ်အောင် ပုံမှန်လေးရွတ်ဖတ်ပူဇော်က ပိုကောင်းပါ လိမ့်မယ်။
နောက်တစ်ခုက “ဂီတဓမ္မ”…၊ ဒါက သံဝေဂနဲ့စပ်ယှဉ်ပြီး ဆိုလွယ်၊ရွတ်လွယ်အောင် စပ်ဆိုထားတဲ့ သမ္ဗုဒ္ဓေ၊ အောင်ခြင်းရှစ်ပါး စတဲ့ တေးသီချင်းမျိုးတွေပါ။ ဒီသီချင်းမျိုးတွေကို ကြားရတဲ့အခါ သံဝေဂတရား၊ ဥာဏ်တရားတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် လူတွေအနေနဲ့ ထိုသီချင်းမျိုး ကို သီဆိုနိုင်သလို နားလဲနားထောင်နိုင်တယ်။အစမှာတော့ သီချင်းကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတယ်ဆိုပေမဲ့ နောက်တော့ တရားနဲ့ပတ်သက်တဲ့အရာကို နားထောင်ရတော့ သံဝေဂတွေရနိုင်ပါတယ်။
အရေးကြီးတာက ဓမ္မဂီတနဲ့ ဂီတဓမ္မကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဘုန်းကြီးများမှာတော့ ဓမ္မဂီတနဲ့ဂီတဓမ္မ နှစ်မျိုးစလုံးနဲ့ မသင့်တော် ပါဘူး။ ဒီလောက်ဆိုရင်သဘောပေါက်လောက်ပါပြီ။ (ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ်၊ အရှင်ပညာဇောတ)