မေး။ ။ (2007-ခုနှစ်၊ နိုဝင်ဘာလထုတ် မြတ်ပန်းရဂှုံတွင် ပါဝင်သော ဦးသူတော်၊ မကွေးမြို့မ၏ နိဗ္ဗာန်သည် အတ္တမဟုတ်၊ အနတ္တဖြစ်သည် ဆိုရာ၌ နိဗ္ဗာန်၏အနတ္တဖြစ်ခြင်းကို မရှင်းလင်းကြောင်း မေးမြန်းထား ချက်အား ဖြေကြားခြင်းဖြစ်ပါသည်။)

သဗ္ဗေ ဓမ္မာ အနတ္တာတိ၊
ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗန္ဒတိ ဒုက္ခေ၊
ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

သဗ္ဗေ-ခပ်သိမ်းကုန်သော၊ဓမ္မာ-ခန္ဓာငါးပါးတရားတို့သည်၊ အနတ္တာ-ကိုယ်မဟုတ်ကုန်၊ဣတိ-ဤသို့၊ ယဒါ- အကြင်အခါ၌၊ ပညာယ-၀ိပဿနာပညာဖြင့်၊ ပဿတိ-မြင်တတ်၏၊ အထ- ထိုသို့ မြင်သောအခါ၌၊ ဒုက္ခေ-သံသရာဝဋ်ဆင်းရဲ၌၊ နိဗ္ဗိန္ဒတိ-ငြီးငွေ့၏၊ ဧသ ဧသော- ဤသို့ ငြီးငွေ့ခြင်းသည်၊ ၀ိသုဒ္ဓိယာ-ကိလေသာစင်ကြယ်ခြင်း၏၊ မဂ္ဂေါ-အကြောင်းတည်း ။
(ဓမ္မပဒပါဠိတော်နိဿ၊ စာ- 218)
အထက်ပါ ဂါထာ၌ ပါဝင်သော `သဗ္ဗေ ဓမ္မာ`၏ အရကို အဋ္ဌကထာတို့၌ ခန္ဓာငါးပါးကို ကောက်ယူရမည် ဟုလည်းကောင်း၊
(ဓမ္မ၊ ဋ္ဌ၊2၊ 256)၊
သင်္ခတတရားအားလုံးကို ကောက်ယူရမည်ဟုလည်းကောင်း
(နေတ္တိ၊ ဋ္ဌ၊ 45)၊
တေဘူမက တရားအားလုံးကို ကောက်ယူရမည်ဟု လည်းကောင်း (နေတ္တိ၊ ဋ္ဌ၊ 253) ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။

အထက်ပါဖွင့်ဆိုချက်များအရ အနတ္တမည်သော တရားသည် ခန္ဓာငါးပါး (၀ါ) သင်္ခတ=အ၀ိဇ္ဇာ, တဏှာ,ကံ,အာဟာရစသော အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင်အပ်သော တရား(၀ါ) တေဘူမက=ကာမ, ရူပ,- အရူပ ဟူသောဘုံသုံးပါး၌ဖြစ်သော တရားဖြစ်၏ ။ ယင်းဖွင့်ဆိုချက် သုံးမျိုးစလုံးပင် အရကောက် သရုပ် တရားကိုယ်အားဖြင့် အတူတူပင်ဖြစ်၏ ။ လောကီဓဓ္မကိုသာရ၏ ။ လောကုတ္တရာဓမ္မဖြစ်သော- နိဗ္ဗာန်မပါ ။

ယင်းသို့ဖြစ်လျှင် အဘယ်ကြောင့် `သဗ္ဗေ ဓမ္မာ အနတ္တာ´ ဓမ္မ အားလုံး အနတ္တ-ဟု ဟောတော်မူခဲ့ပါသနည်း ။ အနိစ္စ၊ ဒုက္ခ တို့ကဲ့သို့ လောကီဓမ္မကိုသာ ကောက်ယူရမည်မှန်လျှင် သဗ္ဗေ သင်္ခါရာ အနတ္တာ ဟုသာ ဟောတော်မူသင့်၏ ။ ယခုကား ထိုသို့မဟုတ်ဘဲ သဗ္ဗေ ဓမ္မာ= ဓမ္မအားလုံးဟုဆိုခြင်းကြောင့် သင်္ခတဓမ္မလည်းရ၊ အသင်္ခတဓမ္မလည်း ရရာ၏ ။ လောကီဓမ္မလည်းရ လောကုတ္တရာဓမ္မလည်းရရာ၏ ။

ထိုသို့ဖြစ်ပါလျက် အဋ္ဌကထာ ဆရာတို့က အဘယ်ကြောင့် သဗ္ဗေ ဓမ္မာ အရ သင်္ခတဖြစ်သော တေဘူမကခန္ဓာငါးပါးကိုသာ ကောက်ယူဖွင့်ပြကြပါသနည်းဟူမူ ၀ိပဿနာဘူမိကိုပြသော အရာ ဌာနဖြစ်သောကြောင့်ဟု ဖြေအပ်၏ ။

မှန်ပါသည်၊ ဂါထာတွင် ခပ်သိမ်းသော (ခန္ဓာငါးပါး) တရားတို့ သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာ ရှုနိုင်သောအခါ ၀ဋ်ဒုက္ခ၌ ငြီးငွေ့လာ၏။ ထိုသို့ ငြီးငွေ့လာခြင်းသည် ကိလေသာစင်ကြယ်ခြင်း၏ အကြောင်းဖြစ်၏ ဟူသော စကားအသွားအလာအရ ၀ိပဿနာအရှုခံ တရားကိုသာ အရာဌာနအားလျော်စွာ ကောက်ယူရမည် ဖြစ်ကြောင်း ထင်ရှား၏ ။

ထို့ကြောင့် နိဗ္ဗာန်သည် အနတ္တဖြစ်သော်လည်း ၀ိပဿနာရှုပွားဖို့ ရာ ဟောတော်မူသော ဒေသနာခြင်းကြောင့် သဗ္ဗေ ဓမ္မာ-အရ သင်္ခတ ဖြစ်သော တေဘူမက ခန္ဓာငါးပါးကိုသာ အဋ္ဌကထာ ဆရာတို့ ကောက် ပြတော်မူကြခြင်းဖြစ်၏။

သင်္ဂဇာဆရာတော်ကလည်း ဓမ္မပဒ ပါဠိတော် နိဿယ၌ အောက်ပါအတိုင်း မှတ်ချက်ပေးထားပါသည်-
´နိဗ္ဗာန်သည် နိစ္စ,သုခမည်၏ ဟု နိစ္စ,သုခစင်စစ်ကိုရှာသော် ရသကဲ့သို့ အတ္တစင်စစ် ရှာ၍ မရကောင်း၊နိဗ္ဗာန်လည်း အနတ္တ ပင်တည်း။ ထို့ကြောင့် အဆုံးဂါထာ၌ ´သဗ္ဗေ ဓမ္မာ အနတ္တာတိ`ဟု ဟောတော်မူသည်။

ထိုသို့ နိဗ္ဗာန် အနတ္တဖြစ်ငြားသော်လည်း နိဗ္ဗာန်ကို ပုထုဇဉ်တို့ အရာမဟုတ်သောကြောင့် အတ္တဟု စွဲလမ်းသူမရှိ။ ခန္ဓာငါးပါးကိုသာ အတ္တဟု စွဲလမ်းကုန်သည်ဖြစ်၍ စွဲလမ်းအပ်သော ခန္ဓာငါးပါး၏သာလျှင် အနတ္တအဖြစ်ကို ပြတော်မူသည်ဟု နှလုံးထား၍ ´သဗ္ဗေ ဓမ္မာတိ ပဉ္စက္ခန္ဓာဧ၀ အဓိပ္ပေတာ` (သဗ္ဗေ ဓမ္မာအရ ခန္ဓာငါးပါး ကိုသာ အလိုရှိအပ်၏။)ဟု အဋ္ဌကထာဆရာ ဖွင့်တော်မူသည်။
(နှာ-218)၊ (ထေရ၊ ဋ္ဌ၊ 2၊ 255 ၌လည်း ကြည့်လေ။)

ပရိဝါပါဠိတော်၌ ဘုရားရှင်ကိုယ်တော်တိုင် နိဗ္ဗာန်သည် အနတ္တ ဖြစ်ကြောင်း ဤသို့ ဟောတော်မူ၏။
အနိစ္စာ သဗ္ဗေ သင်္ခါရာ၊
ဒုက္ခာနတ္တာ စ သင်္ခတာ။
နိဗ္ဗာနဉ္စေ၀ ပညတ္တိ၊
အနတ္တာ ဣတိ နိစ္ဆယာ။ (၀ိ၊ 5၊ 157)

သဗ္ဗေ-အလုံးစုံကုန်သော၊ သင်္ခါရာ-ရုပ်နာမ်နှစ်ဝ သင်္ခါရတို့သည်၊ အနိစ္စာ-မမြဲကုန်၊ သဗ္ဗေ-အလုံးစုံကုန်သော၊ သင်္ခတာ-အ၀ိဇ္ဇာ တဏှာ ကံ အာဟာရ စသော အကြောင်းတရားတို့သည် ကောင်းစွာရောက်၍ ပြုစီမံအပ်သော တရားတို့သည်၊ ဒုက္ခာ-ဒုက္ခတို့သာတည်း၊ အနတ္တာစ- အသက်ကောင် ၀ိညာဉ်ကောင်ဟူသော အတ္တလည်း မဟုတ်ကြကုန် (၀ါ) အတ္တလည်း မရှိကြကုန်၊ နိဗ္ဗာနဉ္စေ၀- အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကိုလည်းကောင်း၊ ပညတ္တိစ- ပုဂ္ဂိုလ်သတ္တ၀ါ သူငါ စသော နာမည် ပညတ်ကိုလည်းကောင်း၊ အနတ္တာ ဣတိ- အနတ္တ တို့ ဟူ၍ ၊ နိစ္ဆယာ- ဆုံးဖြတ်အပ်ကုန်၏။ (ပရိဝါ-ဘာဋီ၊ 398)

[`နိစ္ဆယာ´၌ နိ-ပုဗ္ဗ စိ-ဓာတ် (ဆုံးဖြတ်ခြင်း အနက်ဟော) ၊ အ-ပစ္စည်းကို ကံ-ဟောဟု သိစေလို၍ နိစ္ဆိတာ- ဟု အဋ္ဌကထာဖွင့်သည်။ ပရိဝါအဋ္ဌကထာ၏ နိဿယ၌ကား `နိဗ္ဗာန်နှင့် ပညတ်ကို အနတ္တဟူ၍၊ နိစ္ဆိတာ-န ဣစ္ဆိတာ-အလိုမရှိအပ်`ဟု အနက်ပေးသတတ်၊ သဘာဝဓမ္မ နှင့် ဆန့်ကျင်လေစွ။ (အံ၊ သျ၊ ပ၊ နိဒါန်း၊ ဂေါ။)

သာသနာပ တိတ္ထိတို့သည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဖြင့် ပြုလုပ် ပြောဆိုသမျှ ၊ ၀ါ- ကောင်းမှု မကောင်းမှု ဟူသမျှ အတ္တက ပြုလုပ်ခြင်း ဖြစ်၏။ (ကာရက) ထိုကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တ သည်ပင် ခံစား၏။ (ဝေဒက) -၏ဟု ယူကြ၏။ နိဗ္ဗာန်၌ကား ထိုသို့ တိတ္ထိတို့ ကြံဆပြောဆိုအပ်သော ကာရက ဝေဒက-စသော သဘော ရှိသော အတ္တမရှိ၊ ထို့ကြောင့် နိဗ္ဗာန်သည် အနတ္တ-မည်၏။ (ငါ သူတပါး ယောက်ျား မိန်းမ တော တောင် အိမ် ကျောင်း- စသော နာမည် ပညတ် အရပ်ရပ်၌လည်း အတ္တမရှိ။) (၀ိမတိ၊ 2၊272။ ၀ဇိရ၊ 545)

ကမ္မဿ ကာရကော နတ္ထိ= ကံကိုပြုတတ်သော ပုဂ္ဂိုလ် သတ္တ၀ါ မည်သည် မရှိ၊ ၀ိပါကဿ စ ဝေဒကော= အကျိုးဝိပါက်ကို ခံစားတတ် သော ပုဂ္ဂိုလ် သတ္တ၀ါသည်လည်း မရှိ၊ သုဒ္ဓဓမ္မာ ပ၀တ္တန္တိ = ပုဂ္ဂိုလ် သတ္တ၀ါ သူငါ မဖက် သက်သက်သော ရုပ်နာမ်တရားတို့သည်သာလျှင် ဖြစ်ကုန်၏။ ဧဝေတံ သမ္မဒဿနံ= ဤသို့သော မြင်ခြင်းသည်သာလျှင် မဖောက်မပြန် ဟုတ်မှန်သော မြင်ခြင်းမည်၏။ (၀ိသုဒ္ဓိ၊ဋ္ဌ၊2၊237)

အတ္ထိ နိဗ္ဗုတိ = နိဗ္ဗာန်သည် ရှိ၏။

န နိဗ္ဗုတော ပုမာ= နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ်သတ္တ၀ါ မရှိ။ (၀ိသုဒ္ဓိ၊ဋ္ဌ၊2၊143)
မဟာယာန၀ါဒီတို့ကား အနောက်အရပ် တနေရာ ကောင်းကင် ဘုံ၌ သုခ၀တီဟူသော နိဗ္ဗာန်ရွှေပြည်ကြီး ရှိ၏။ ထိုနိဗ္ဗာန်၌ ဘုရားလောင်းများ ထာဝရချမ်းသာ ခံစားနေကြပြီး တစ်ခါတစ်ရံ လူ့ပြည်သို့ ဆင်းသက်ကာ တရားဓမ္မများ ဟောပြောကြသည်ဟု ယူဆ ကြ၏။ သူတို့အလို နိဗ္ဗာန်၌ အတ္တရှိ၏ဟု ဆိုရမည် ဖြစ်၏။ ထေရ၀ါဒ နိဗ္ဗာန်ကား အနတ္တနိဗ္ဗာန် စင်စစ်တည်း။


အရှင်ကောဝိဒ (ယော)