( မေး )
၁။ စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
( သိလိုသူတဦး )


( ဖြေ )
၁။ စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂) နတ် (၃) လူ-ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏-ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )

မိလိန္ဒပဥှာတွင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါသည်။
မင်းမြတ်၊ ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ဤမည်သော တန်ခိုးပြာဋိဟာသည် -စေတီ၌ ဖြစ်စေသတည်း-ဟု အဓိဋ္ဌာန်၏။ ထိုရဟန္တာ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ်၊ နောက်တမျိုးကား၊ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌-ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲခချီးမြှောက်အပ်သည်ဖြစ်လတံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတံ့-ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။

မင်းမြတ်၊ နောက်တမျိုးကား၊ မိန်းမမူလည်းဖြစ်စေ၊ ယောက်ျားမူလည်းဖြစ်စေ၊ ယုံကြည်မှုသဒ္ဓါ အားရှိသော ရတနာသုံးပါး၌ ကြည်ညိုတတ်သော ပညာရှိသော, လိမ္မာသော ထိုးထွင်းနိုင်သော ပညာရှိသော, အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကို၎င်း၊ ပန်းကို၎င်း၊ အ၀တ်ပုဆိုးကို၎င်း၊ တခုခုသော လှူဖွယ်ဝတ္ထုကို၎င်း၊ ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း-ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ( မိ-ပြန် ၃-၃၁၉ )

အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးတို့၏ အဓိဋ္ဌာန်ပြုခြင်း မရှိခဲ့သော် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ စေတီတော်၌သော်မှလည်း ရောင်ခြည်တော်လွှတ်ခြင်း စသော တန်ခိုးပြာဋိဟာသည် မဖြစ်။ သို့သော်လည်း အလွန်စင်ကြယ်သော အကျင့်ကိုမြင်၍ -ဤမြတ်စွာဘုရား သားတော်သည် ကောင်းစွာ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဟု သက်ဝင်အပ်၊ ဆုံးဖြတ်အပ်၊ ယုံကြည်အပ်၏-ဟု ဆက်လက်ပြီး အကြံပြုထားပါသည်။

မှန်ပါသည်၊ တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ ။ ( ၀ိမာန-၆၆ ) ဟူသည့်အတိုင်း မည်သည့စေတီပုထိုး၌မဆို သက်တော်ထင်ရှား ဘုရားရှင်တိုင်အောင် စိတ်ထားနိုင်လျှင် (သို့မဟုတ်) ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တိုင်အောင် အာရံပြုနိုင်လျှင် ရရှိမည့်အကျိုးတရားလည်း သက်တော်ထင်ရှားဘုရားရှင်ကို ဖူးတွေ့ရသည့်နည်းတူ ထပ်တူတပ်မျှပင် ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ မိမိပူဇော်မည့် စေတီပုထိုးက ရောင်ခြည်တော် လွှတ်-မလွှတ် တန်ခိုးကြီး-မကြီးက မဓိက မဟုတ်၊ မိမိ၏စေတနာအား, သဒ္ဓါအား ဉာဏ်အား ထက်-မထက်ကသာ အရေးကြီးပေသည်။

တဖန် အထက်ပါစေတီပုထိုး၌ ရောင်ခြည်တော်လွှတ်ခြင်းကိစ္စသည် သာမန်နတ်လူတို့အား အစဉ်သနားသဖြင့် မှေးမှိန်အားနည်းနေသော သဒ္ဓါတရားများ ထက်သန်လင်းလက်လာစေရန် ကြံဖန်အပ်သော အဓိဋ္ဌာန်အစွမ်း ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်၏။ စေတီပုထိုးတို့၏ ပကတိ အုတ် အင်္ဂတေ တို့၌ကား ရောင်ခြည်တော်ကွန့်မြူးနိုင်သော သဘာဝစွမ်းအားများ မရှိကြ။

သို့ရကား သက်တော်ထင်ရှား ပကတိသမ္ဗုဒ္ဓဘုရားရှင်၏ ဓာတ်ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးခြင်း အကြောင်းကိုလည်း လေ့လာမှတ်သားသင့်သေး၏။

ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာခြင်းသည် အဓိဋ္ဌာန်ကြောင့်ဖြစ်သော တန်ခိုးတော်မဟုတ်သလို ဘာဝနာကြောင့်ဖြစ်သော တန်ခိုးတော်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် အလွန်တရာ သိမ်မွေ့နက်နဲစွာသော အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရားရှင်၏ သန္တာန်၌ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားများ ဖြစ်ပွားလာလေ၏။ ( အခြားတရားများကို ဆင်ခြင်သုံးသပ်စဉ်က ဉာဏ်တော်ကြီးကကျယ်ဝန်းကြီးမားသလောက် တရားနည်းက ကျဉ်းလွန်းရကား ဉာဏ်ကျက်စားကွန့်မြူခွင့် မရသဖြင့် ယခုလောက် ပီတိဖြစ်ဖွယ် မရှိ ) ပီတိတရားဖြစ်ပွားမှုကြောင့် သွေးတော်များ ကြည်လင်လာ၏။ သွေးတော်ကြည်လင်ခြင်းကြောင့် ဟဒယ၀တ္ထုရုပ် ကြည်လင်လာ၏၊ ဟဒယ၀တ္ထုရုပ် ကြည်လင်ခြင်းကြောင့် အရေပ=အဆင်းတော် ကြည်လင်လာ၏။ အရေအဆင်းတော် ကြည်လင်ခြင်းကြောင့် စိတ်လျှင် အကြောင်းရင်း ရှိသော ဥတုကြောင့်ဖြစ်သော အဆင်းဓာတ်ရောင်ခြည်တော်များ ထွက်ပေါ်လာ၏။ ( အဘိ-ဋ္ဌ ၁၊ ၁၄၅ )

ဤတွင် ဘုရားရှင်၏ ကိုယ်တော်မှ ရောင်ခြည်တော်တို့သည် အပြင်သို့ထွက်လာကုန်၏-ဆိုရာ၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကား ကိုယ်မှအပြင်သို့ မထွက်နိုင်။ ထိုနှစ်သက်ကြည်လင်နေသော စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တွင် ဥတုပါဝင်၏။ ထိုဥတု (အပူဓာတ်၊ အအေးဓာတ်) သည် ရုပ်ကိုဖြစ်စေနိုင်၏။ ထိုဥတုဇ (ဥတုကြောင့်ဖြစ်သော) ရုပ်တွင် ဥတုပါဝင်ပြန်၏။ ထိုဥတုကလည်း ရုပ်ကိုဖြစ်စေပြန်သည်။ ဤသို့အားဖြင့် ဥတုဇရုပ် အဆက်ဆက်ဖြစ်သောအခါ ကိုယ်တော်မှအပြင်သို့ ရောင်ခြည်တော် ဥတုဇရုပ် ၀ဏ္ဏဓာတ်တွေ ထွက်ပေါ်လာနိုင်ကုန်၏-ဟု ဋီကာဆရာက ရှင်းပြပါသည်။ ( မူလဋီကာ )

( လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ဥတုဇရုပ် ရောင်ခြည်ဓာတ်တွေ အဆက်ဆက်ဖြစ်ပေါ် ထိုးထွက်သွားသည်ကို မျှော်ခေါ်ကြည့်လေ။ အဘိဓမ္မာလေ့လာဖူးသူတို့အတွက်ကား ရှင်းလှ၏ )။

ထိုသို့ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာရာ၌
(၁) ဆံမုတ်ဆိတ်တော်၊ မျက်နက်တော်ဟုဆိုအပ်သော ညိုသောအရပ်တို့မှ ညိုသောရောင်ခြည်တော်။
(၂) ရွှန်းအိကိုယ်ရေ ၀ါရွှေသောအရပ်တို့မှ ၀ါရွှေသော ရောင်ခြည်တော်။
(၃) မျက်စိသားသွေး နီတွေးရာအရပ်တို့မှ နီသောရောင်ခြည်တော်။
(၄) အရိုးတော် သွားတော် မျက်ဖြူတော်ဟုဆိုအပ်သော ဖြူသောအရပ်တို့မှ ဖြူသောရောင်ခြည်တော်။
(၅) လက်ဖ၀ါးပြင်၊ ခြေဖ၀ါးပြင် အစရှိသော စဉ်းငယ်နီမြန်းရာအရပ်တို့မှ မှည့်မောင်းသော ပန်းရောင်အဆင်းရှိသော ရောင်ခြည်တော်။
(၆) ဥဏ္ဏလုံမွေးရှင်တော်၊ လက်သည်း ခြေသည်းတော် အစရှိသော အရောင်တလက်လက် ထွက်ရာအရပ်တို့မှ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူလာကုန်၏။ (ပဋိသံ-ဋ္ဌ၊ ၂-၁၃) ( လက်နှိပ်ဓာတ်မီး၊ ဆလိုက်မီးတို့၏ ရှေ့၌ အနီရောင်ကာလျှင် အနီ၊ အ၀ါရောင်ကာလျှင် အ၀ါ၊ စသည်ဖြင့် ဓာတ်ရောင်ခြည်များ ဖြာထွက်သွားသည်ကို မျှောခေါ်ကြည့်ကြလေ )။

ယခုအခါတွင် ရောင်ခြည်တော်များ စေတီပုထိုး ရုပ်ပွားဆင်းတုအမျိုးမျိုးမှ (အကြောင်းမတိုက်ဆိုင်၍) မဖူးတွေ့ရလျှင် ရှိစေ၊ ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်စုံတို့ဖြင့် တင့်တယ်စွာ စံပယ်တော်မူနေပုံကို အာရုံပြု မှန်းဆ၍ ပူဇော်နိုင်လျှင်လည်း ကောင်းကျိုးများစွာ ရပါလိမ့်မည်။

ပုံတော် ဂုဏ်တော်၊ လုံးစုံမျှော်၊ ပူဇော်နိုင်ကြစေ။
ဘုရားရှင်အား၊ ပူဇော်ငြား၊ ကြီးမား တန်ခိုးပေ။
အရှင်ကောဝိဒ (ယော)