(၂၀၀၉-ခုနှစ်၊ မေလထုတ် မြတ်ပန်းရဂုံစာစောင်တွင် အပါယ်လေးဘုံသားများသည် လက်ရှိဘ၀တွင် မဂ်ဖိုလ် မရနိုင်ဟု သိရသော်လည်း ပါဠိတော်များ၌ အာဠာဝကဘီလူး၊ သူစိလောမ၊ ခရလောမ၊ ဟေမ၀တနှင့် သာတာဂီရိ-စသော ဘီလူးများ သောတာပန်ဖြစ်ကြသည်ဟု ဟောကြားထားကြောင်း ၊ ထိုဘီလူးများသည် အပါယ်လေးဘုံသား ဟုတ်မဟုတ် ၊ ဟုတ်လျှင် မည်သည့်ကံကြောင့် ဘီလူးဘ၀ဖြင့် သောတာပန်တည်ရကြောင်း ဆွေးနွေးထားသည့် ဦးမြဲ (စစ်ကိုင်း)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

အဘိဓမ္မာပိဋကတ်၊ ပုဂ္ဂလပညတ်ပါဠိတော်တွင် အောက်ပါအတိုင်း ဘုရားရှင်ဟောတော်မူ၏။
“အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော “အဘဗ္ဗာဂမန” ပုဂ္ဂိုဟ်ဟူသည် အဘယ်နည်း။
အကြင်ပုဂ္ဂိုလ်တို့သည် ပဉ္စာနန္တရိယကံတည်းဟူသော ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏။ နိယတ မိစ္ဆာဒိဋ္ဌိတည်းဟူသော ကိလေသာ၏ ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏။

(အဟိတ်-ဒွိဟိတ် ပဋိသန္ဓေ တည်းဟူသော) ၀ိပါက်ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏။ သဒ္ဓါတရားလည်း မရှိကုန်။ ကုသိုလ်၌ လိုလားခြင်းဆန္ဒမှလည်း ကင်းကုန်၏။ ဉာဏ်ပညာလည်း မဲ့ကုန်၏။ ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောရှိသည်ဖြစ်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော လောကုတ္တရာ အရိယာမဂ်သို့ သက်ရောက်ခြင်းငှါ မထိုက်ကုန်။ ဤပုဂ္ဂိုလ်တို့ကို အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော “အဘဗ္ဗာဂမန” ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။”

အထက်ပါ ဒေသနာတော်အရ အကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ-ဟူသော ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြရသော အပါယ်လေးဘုံသားများသည် လက်ရှိဘ၀တွင် မဂ်ဖိုလ်-မရနိုင်ကြပါ။
သို့ရာတွင် အာဠာဝကဘီလူး၊ သူစိလောမ၊ ခရလောမ၊ ဟေမ၀တနှင့် သာတာဂီရိ-စသော ဘီလူးများ အဘယ်ကြောင့် သောတာပန် ဖြစ်ကြရသနည်းဟူမူ- အပါယ်လေးဘုံသားများ မဟုတ်သောကြောင့် (၀ါ) တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ဟု အဖြေပေးရပါမည်။ ရှင်းပါဦးအံ့။
သုတ်မဟာဝါပါဠိတော်၊ မဟာနိဒါနသုတ်လာ ၀ိညာဏဌိတိ ၇-ပါးတွင် ရှေးဦးစွာသော ၀ိညာဏဌိတိ-သည် နာနတ္တကာယ နာနတ္တသညီ-မည်၏။ ၎င်းတို့၏ အရကို အောက်ပါအတိုင်း ဟောတော်မူ၏။

“အာနန္ဒာ၊ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏။ အဘယ်သတ္တ၀ါတို့နည်းဟူမူ အချို့သောနတ်၊ အချို့သော ၀ိနိပါတိကနှင့် လူတို့ပင်တည်း။”
၎င်းသုတ် ဘာသာပြန်အောက်ခြေတွင် ဤသို့ အဋ္ဌကထာနည်းကျ မှတ်ချက်ပြထားပါသည်။

၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။
၂။ ဖုတ် တစ္ဆေ သရဲစသော နာနာဘာဝသတ္တ၀ါတို့ကို အချို့သော ၀ိနိပါတိက-ဟု ဆိုသည်။
အဋ္ဌကထာလာသည့်အတိုင်း အနည်းငယ်ထပ်ရှင်းရသော်--

(၁) နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်များသည် တစ်ဦးနှင့်တစ်ဦး ကိုယ်သဏ္ဌာန်ချင်း၊ အရောင်အဆင်းချင်း၊ ဆူကြုံနိမ့်မြင့်ချင်း မတူကြသောကြောင့် နာနတ္တကာယ-မည်၏။ အချို့ဒွိဟိတ်၊ အချို့တိဟိတ်ဟု ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကြသောကြောင့် နာနတ္တသညီ-မည်၏။
(၂) ဥတ္တရမာတာ ဘီလူးမ၊ ပိယင်္ကရမာတာ၊ ဖုဿမိတ္တာ၊ ဓမ္မဂုတ္တာ-စသော အပါယ်လေးပါးမှ လွတ်သော ဝေမာနိကသတ္တ၀ါတို့သည်လည်း ကိုယ်သဏ္ဌာန် အနေအထားချင်း ကွဲပြားခြားနားသောကြောင့် နာနတ္တကာယ၊ လူတို့ကဲ့သို့ ဒွိဟိတ်၊ တိဟိတ်၊ အဟိတ်-ဟု ပဋိသန္ဓေသုံးမျိုးလုံး ရှိနိုင်သောကြောင့် နာနတ္တသညီ မည်၏။

ထိုဘီလူး၊ ပြိတ္တာတို့သည် နတ်တို့ကဲ့သို့ တန်ခိုးမကြီးကုန်၊ အထီးကျန်မွဲ သူဆင်းရဲတို့ကဲ့သို့ ရခဲသော အစားအစာ နေရာရှိကုန်သည်ဖြစ်၍ ဆင်းရဲစွာနေရကုန်၏။ အချို့ လဆုတ်ပက္ခ၌ ဆင်းရဲဒုက္ခရောက်၍ လဆန်းပက္ခ၌ ချမ်းသာရာ ရကုန်၏။ ထိုပုဂ္ဂိုလ်တို့တွင် ဥတ္တရမာတာ၊ ပိယင်္ကရမာတာ တို့ကဲ့သို့ တိဟိတ်ပဋိသန္ဓေ သညာရှိသူတို့သည် တရားထူးရနိုင်ကြကုန်၏။
ဤမျှဆိုပါလျှင် မေးခွန်းတွင်ပါသော ဘီလူးများသည် အပါယ်လေးဘုံသား ဘီလူး ပြိတ္တာများ မဟုတ်ဘဲ နတ်စာရင်းဝင် ဗိမာန်ရှင် ဘီလူးများဖြစ်ကြောင်း၊ ယင်းတို့၏ ပဋိသန္ဓေစိတ်မှာ တိဟိတ်ဖြစ်သောကြောင့် တရားထူး ရနိုင်ကြကြောင်း သိသာထင်ရှားပြီဟု ယူဆပါသည်။

မေးခွန်းပါ ပုဂ္ဂိုလ်များတွင် အာဠာဝကဘီလူးကို ၎င်း၏ မဂ်ဖိုလ်ရထိုက်သော ဥပနိဿယကို မြင်တော်မူ၍ ဘုရားရှင်ကိုယ်တော်တိုင် ယူဇနာသုံးဆယ်ခရီးကို ကြွတော်မူကာ ခြေချွတ်တော်မူ၏။
“အဘယ်သို့သောသူသည် ပညာကို ရသနည်း၊ အဘယ်သို့သောသူသည် ဥစ္စာကို ရသနည်း၊ အဘယ်တရားဖြင့် ကျော်စောခြင်းသို့ ရောက်သနည်း၊ အဘယ်သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း၊ အဘယ်သူသည် ဤလောကမှ တမလွန်လောကသို့ ရောက်၍ မစိုးရိမ်ရသနည်း” ဟု မေး၏။

“ဘီလူး၊ မမေ့မလျော့သော ပညာရှိသောသူသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ရဟန္တာပုဂ္ဂိုလ်တို့၏ တရားကို ယုံကြည်စွာ နာသည်ဖြစ်၍ ပညာကို ရ၏၊ သင့်လျော်လျောက်ပတ်သော အမှုကို ပြုလေ့ရှိသော (၀ီရိယဟူသော) ၀န်ရှိသော ထကြွလုံ့လရှိသောသူသည် ဥစ္စာကို ရ၏။ မှန်သောစကားဖြင့် ကျော်စောခြင်းသို့ ရောက်၏။ ပေးကမ်းသောသူသည် အဆွေခင်ပွန်းတို့ကို ရ၏။

ဤဆိုလတ္တံ့သော အကြောင်းကြောင့် ဤလောကမှ တမလွန်လောကသို့ ရောက်၍ မစိုးရိမ်ရ။
“ယုံကြည်မှု သဒ္ဓါတရားရှိသော အိမ်ထောင်မှုကို ရှာမှီးလေ့ရှိသော အကြင်သူအား မှန်ကန်မှု သစ္စာ၊ ပညာရကြောင်း ဓမ္မ၊ အားထုတ်မှု ဓိတိ၊ စွန့်ကြဲမှု စာဂ၊ ဤတရားလေးပါးတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုသူသည် စင်စစ် တမလွန်ဘ၀သို့ ရောက်၍ မစိုးရိမ်ရ။” စသော အမေးအဖြေများဖြင့် ထင်ရှား၏။

အာဠာဝကဘီလူး၏ မိဘများသည် ကဿပဘုရားရှင်ထံမှ အဖြေနှင့်တကွ သင်ယူထားသော ထိုအမေးပုစ္ဆာရှစ်ပုဒ်တို့ကို အာဠ၀ကငယ်စဉ် ကတည်းက သင်ပေးထားကြကုန်၏။ အာဠ၀ကဘီလူးသည် မိဘအမွေအနှစ်သဖွယ်ဖြစ်သော ထိုအမေးအဖြေတို့ကို ကျက်မှတ်ဆောင်ထားရာ ကာလကြာသော် အဖြေများ မေ့ကုန်၏။ အမေးပုစ္ဆာတို့ကိုသာ မှတ်မိတော့၏။ ထိုအမေးပုစ္ဆာတို့ကို ရွှေပြားတွင် ရေးမှတ်ထားကာ မိမိဗိမာန်တွင် သိမ်းထား၏။ ထိုမေးခွန်းများကို ဘုရားရှင်အား မေးခြင်းဖြစ်၏။ ထိုအမေးအဖြေများကို ယက္ခသံယုတ်၊ အာဠ၀ကသုတ်တွင် ဖတ်ရှုနိုင်ပါသည်။

သူစိလောမနှင့် ခရလောမဘီလူးတို့ကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် သွားရောက်ခြေချွှတ်တော်မူ၏။
“ရဟန်း၊ တပ်မက်မှု ရာဂ-သည်လည်းကောင်း၊ အမျက်ထွက်မှု ဒေါသ-သည်လည်းကောင်း အဘယ်လျှင် အကြောင်းရင်း ရှိကုန်သနည်း”
“ဘီလူး၊ တပ်မက်မှု ရာဂသည်လည်းကောင်း၊ အမျက်ထွက်မှု ဒေါသသည်လည်းကောင်း ဤအတ္တဘောသည် အကြောင်းရင်း ရှိကုန်၏။”စသော အမေးအဖြေများကို ယက္ခသံယုတ်၊ သူစိလောမသုတ်တွင် ဖတ်ရှုနိုင်ပါသည်။

ဟေမ၀တနှင့် သာတာဂီရိ နတ်ဘီလူးမင်းတို့ကား ဘုရားရှင်ထံသွားကာ မေးခွန်းများမေး၍ တရားနာယူကြသဖြင့် သောတာပန်ဖြစ်ကြ၏။
ဟေမ၀တဘီလူးသည် ဤသို့ မေးလျှောက်၏။ “အဘယ်တရားဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောကသည် အဘယ်တရား၌ တဏှာဒိဋ္ဌိဟူသော ပေါင်းစပ်မှုကို ပြုပါသနည်း၊ အဘယ်တရားကို စွဲ၍ လောကဟု ခေါ်ပါသနည်း၊ အဘယ်တရားကြောင့် လောကသည် ပင်ပန်းပါသနည်း”
မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏။ “ဟေမ၀တ၊ အာယတနခြောက်ပါးတို့ ဖြစ်ကုန်လတ်သော် လောကသည် ဖြစ်၏။ လောကသည် အာယတနခြောက်ပါးတို့၌

တဏှာဒိဋ္ဌိဟူသော ပေါင်းစပ်မှုကို ပြု၏။ အာယတနခြောက်ပါးကိုပင် စွဲ၍ လောကဟုခေါ်၏။ အာယတနခြောက်ပါးတို့ကြောင့် လောကသည် ပင်ပန်းရာ၏” စသော အမေးအဖြေများကို သုတ္တနိပါတ်ပါဠိတော်၊ ဟေမ၀တသုတ်တွင် ဖတ်ရှုနိုင်ပါသည်။
မေးခွန်းတွင် မပါသော ပုဂ္ဂိုလ်များတွင် ပိယင်္ကရမာတာဘီလူးမသည် အရှင်အနုရုဒ္ဓါမထေရ်၏ တရားတော်ကို နာကြားရကာ သောတာပတ္တိဖိုလ်ကို ရ၏။

အရှင်အနုရုဒ္ဓါမထေရ်သည် ဇေတ၀န်ကျောင်းတိုက် ကောသမ္ဗကကုဋိကျောင်းတွင် သီတင်းသုံးနေခိုက် နံနက်စောစောထ၍ ဓမ္မပဒလာ အပ္ပမာဒ၀ဂ်ကို သံနေသံထားဖြင့် ရွတ်ဆိုနေ၏။ ထိုအချိန်တွင် ပိယင်္ကရမာတာ ဘီလူးမသည် သားငယ်ပိယင်္ကရကို ရင်ခွင်ပိုက်လျက် ဇေတ၀န်ကျောင်းတိုက်၏ အနောက်ဘက်မှ မြို့ဘက်သို့ ရှေ့ရှု အစာရှာထွက်လာစဉ် ကျင်ကြီးကျင်ငယ် တံတွေး နှပ်စသော စားဖွယ်တို့ကို ရှာဖွေရင်း အရှင်အနုရုဒ္ဓါမထေရ် နေထိုင်ရာ ကျောင်းနားသို့ ရောက်လာကာ သာယာသော တရားသံကို ကြားလေ၏။ ထိုအသံသည် အရေထူအရေပါးတို့ကို ထွင်းဖောက်လျက် ရိုးတွင်ချဉ်ဆီထိရောက်ကာ နှလုံးသား၌ တည်လေသည်။ အစာရှာလိုစိတ်လည်း မရှိတော့။ သားငယ်ကား ငယ်သေးသောကြောင့် တရားနာလိုစိတ် မရှိ။ ဆာလွန်းသဖြင့် “မိခင်၊ အဘယ်ကြောင့် ရောက်ရာအရပ်၌ သစ်ငုတ်ကြီးကဲ့သို့ ရောက်တည်နေဘိသနည်း။ သားအတွက် ခဲဘွယ် ဘောဇဉ်များ ရှာပေးပါလော့”ဟု ပူဆာလေ၏။

မိခင်သည် “ပိယင်္ကရ၊ အသံ မပြုလင့်၊ ရဟန်းသည် ဓမ္မအစုတို့ကို ရွတ်ဆိုနေ၏။ ငါတို့သည် တရားအစုကို သိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ၊ ငါတို့အား စီးပွားဖြစ်ခြင်းငှါ ဖြစ်ကုန်ရာ၏။
သတ္တ၀ါတို့၌လည်း စောင့်စည်းကြရကုန်အံ့၊ သိလျက် မမှန်သောစကားကိုလည်း မဆိုကြရကုန်အံ့၊ မိမိ၏ ကောင်းသော အကျင့်သီလကိုလည်း ကျင့်သုံးကြရကုန်အံ့၊ မြေဘုတ်ဘီလူးဘ၀မှလည်း လွတ်ကြကောင်းတန်ရာ၏” ဟု နှစ်သိမ့်စေ၏။ (ယက္ခသံယုတ်၊ ပိယင်္ကရသုတ်)

ဥတ္တရမာတာ (ပုနဗ္ဗသုမာတာ) ဘီလူးမသည် ဘုရားရှင်၏ နိဗ္ဗာန်နှင့်စပ်သော တရားတော်ကို နာကြားရကာ သောတာပန်ဖြစ်၏။ ဥတ္တရာမည်သော သမီးငယ်၏ မိခင်ဖြစ်သောကြောင့် ဥတ္တရမာတာ-ဟု ခေါ်၏။ ပုနဗ္ဗသု-မည်သော သားကြီး၏ မိခင်ဖြစ်သောကြောင့် ပုနဗ္ဗသုမာတာ-ဟုလည်းခေါ်၏။ ထိုဘီလူးမသည်လည်း သမီးငယ် ဥတ္တရာကို ပွေ့ချီလျက် သားကြီး ပုနဗ္ဗသုကို လက်ကဆွဲကာ နေ၀င်စအချိန်တွင် အစာရှာထွက်လာရာ ဇေတ၀န်ကျောင်းတိုက် တံခါးမုခ်ဦးသို့ ရောက်လာ၏။

ထိုအချိန်တွင် ဘုရားရှင်သည် နိဗ္ဗာန်နှင့်စပ်သော တရားစကားကို ဟောကြားတော်မူနေ၏။ ဥတ္တရမာတာဘီလူးမသည် တရားနာပရိသတ်ကို ကြည့်၍ အစားအစာ ရလိုရငြား ချဉ်းကပ်သွား၏။ တံခါးစောင့်နတ်လည်း ဘီလူးမ၏ ဥပနိဿယကို မြင်၍ မတားမြစ်။ ဘုရားရှင်၏ တရားသံကို ကြားရသောအခါ ရပ်၍ နာနေမိ၏။ အစာရှာဖို့လည်း မသိတော့။ သားသမီးများက ပူဆာသောအခါ ဤသို့ နှစ်သိမ့်၏။
“ချစ်သမီး ဥတ္တရိကာ၊ ငါသည် နတ်လူတို့ကို ဆုံးမတော်မူတတ်သော ဘုရားမြတ်၏ တရားကို နာနေသမျှအတွင်း ဆိတ်ဆိတ်နေပါလော့။ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ်နေပါလော့။
မြတ်စွာဘုရားသည် အလုံးစုံသော အထုံးအဖွဲ့မှ လွတ်မြောက်စေသော နိဗ္ဗာန်နှင့်စပ်သော တရားစကားကို ဟောတော်မူ၏။ ဤတရားတော်၌ မြတ်နိုးခြင်းသည် ငါ့အား ကြာမြင့်မှသာလျှင် ဖြစ်ရာ၏။

လောက၌ မိမိ၏ သားသမီးကို ချစ်အပ်၏။ လောက၌ မိမိ၏ခင်ပွန်းကို ချစ်အပ်၏။ ငါ့အား သားသမီး ခင်ပွန်းလင်ကို ချစ်သည်ထက် ဤတရားကို တောင့်တရှာမှီးမှုကို ပိုလွန်၍ ချစ်မြတ်နိုးပါ၏။
သူတော်ကောင်းတို့၏ တရားကို နာကြားခြင်းသည် သတ္တ၀ါတို့အား ဆင်းရဲမှ လွတ်စေသကဲ့သို့ ချစ်ခင်အပ်သော သားသမီးသည်လည်းကောင်း၊ ခင်ပွန်းလင်သည်လည်းကောင်း ဆင်းရဲမှ မလွတ်စေနိုင်။

ဆင်းရဲဖြင့် နှိပ်စက်အပ်သော အိုခြင်း သေခြင်းနှင့်စပ်သော လောက၌ အိုခြင်းသေခြင်းမှ လွတ်ခြင်းငှါ (မြတ်စွာဘုရား) ထိုးထွင်း၍ သိတော်မူသော တရားကို နာခြင်းငှါ ငါသည် အလိုရှိပါ၏။ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ် နေပါလော့” ဟု နှစ်သိမ့်စေ၏။
“မိခင်… ငါသည် စကားမပြော ဆိတ်ဆိတ်နေအံ့၊ ဤ ဥတ္တရာသည်လည်း ဆိတ်ဆိတ်နေပါ၏။ တရားကို သာလျှင် နှလုံးသွင်းပါလော့၊ သူတော်ကောင်းတို့၏ တရားကို နာကြားရခြင်းသည် ချမ်းသာပါ၏။

မိခင်… သူတော်ကောင်းတို့၏ တရားကို မသိသောကြောင့် ဆင်းရဲငြိုငြင်စွာ လှည့်လည်နေရကုန်၏။ ပြင်းစွာတွေဝေကုန်သော နတ်လူတို့အား အလင်းရောင်ကို ပြုတတ်သော ၊ အဆုံးစွန်သော ကိုယ်တော်နှင့်လည်း ယှဉ်တော်မူသော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဤမြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏”ဟု (ဆို၏)။
“ရင်၌ဖြစ်သော သားသည် ပညာရှိဖြစ်၍ ကောင်း၏။ ငါ့သားသည် ဘုရားမြတ်၏ စင်ကြယ်စွာသော တရားကို ချစ်မြတ်နိုး၏။ ချစ်သား ပုနဗ္ဗသု.. ယခု ငါသည် ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပြီ၊ သင်ချစ်သားသည်လည်း ချမ်းသာခြင်းရှိသည် ဖြစ်လော့၊ အရိယသစ္စာတို့ကို (ငါတို့သားအမိတစ်စုတို့သည်) မြင်အပ်ကုန်ပြီ၊ ငါ၏ ဥတ္တရာမည်သော ချစ်သမီးသည်လည်း (တရားကို) နာပါလော့”။ (ယက္ခသံယုတ်၊ ပုနဗ္ဗသုသုတ်)

အထက်ပါ ပုဂ္ဂိုလ်များ၏ ရှေးအတိတ်ကံနှင့် စပ်၍ လေ့လာသိရှိရသမျှ တင်ပြရသော်…
သူစိလောမဘီလူး
သူစိလောမဘီလူးသည် ကဿပဘုရားရှင်လက်ထက်က သာသနာတော်ထမ်း ရဟန်းတစ်ပါး ဖြစ်ခဲ့၏။ ထိုရဟန်းသည် တနေ့သောအခါ ခရီးဝေးတစ်ခုမှ ပြန်ရောက်ခိုက် ကောင်းစွာခင်းထားအပ်သော သံဃိကညောင်စောင်း တစ်ခုပေါ်တွင် ချွေးအညစ်အကြေးရှိသော ခန္ဓကိုယ်ဖြင့် မလေးမစား မရိုသေသော စိတ်ထားဖြင့် အိပ်ခဲ့မိ၏။ ထိုကံသည် သီလရှိသော သူ့အတွက် ဖြူဖွေးစင်ကြယ်သော အ၀တ်ပေါ်တွင် အမည်းစက်ထင်သကဲ့သို့ ဖြစ်ခဲ့၏။

ထိုရဟန်းသည် ထိုဘ၀၌ တရားထူးမရနိုင်တော့ဘဲ သေလွန်သောအခါ ဂယာရွာ၏ တံခါးဝ အမှိုက်ပုံတွင် ဘီလူးသွားဖြစ်၏။ ဘီလူးဖြစ်လျှင်ဖြစ်ချင်း သူ၏တစ်ကိုယ်လုံးတွင် ကြမ်းတမ်းသော ဆူးတောင်အမွေးအမှင်များ ဖုံးလွှမ်းလျက် ရှိ၏။ ထို့ကြောင့် သူ့ကို သူစိလောမ (သူစိ-အပ်၊ လောမ=အမွေး) ဟု ခေါ်ကြ၏။
ခရလောမဘီလူး
သူသည် ကဿပဘုရားရှင်လက်ထက်တော်၌ ဥပါသကာတစ်ဦးဖြစ်၍ သံဃိကအခင်းပေါ်တွင် မလေးမစား ညစ်ပေစွာ ထိုင်ခဲ့သောကြောင့် မိကျောင်းကျောပြင်ကဲ့သို့ ကြမ်းတမ်းသော အမွေးရှိသည့် ဘီလူးဖြစ်ခဲ့ရ၏။ သံဃာတော်အား လှူဒါန်းထားသော ဆီများကိုလည်း မိမိလက်ဖြင့် ခန္ဓာကိုယ်ကို လိမ်းကျံခဲ့၏။ ထိုကံကြောင့် ဂယာရွာ၏ အမှိုက်ပုံတွင် ဘီလူးဖြစ်ခဲ့ရ၏။ ထိုဘီလူးသည် သူစိလောမဘီလူးနှင့် အဆွေခင်ပွန်းဖြစ်၏။ သူစိလောမဘီလူးနှင့်အတူ ဘုရားရှင်၏ တရားတော်ကို နာယူရင်း သောတာပန်ဖြစ်ခဲ့၏။
ဟေမ၀တနှင့်သာတာဂီရိ

သူတို့သည် ကဿပဘုရားရှင်၏ သာသနာတော်၌ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်များဖြစ်၏။ အထူးသဖြင့် ၀ိနည်းပိဋကတ်၌ ကျွမ်းကျင်လိမ္မာကုန်၏။ သူတို့၏ ပရိယတ်တတ်ကျွမ်းမှုကို အကြောင်းပြု၍ အခြံအရံ ပရိသတ် ပေါများ၏။ ပရိသတ်ကို အကြောင်းပြု၍ လာဘ်လာဘပေါများ၏။ တစ်ပါးတစ်ပါးလျှင် တပည့်ပရိသတ် ငါးရာစိ ရှိ၏။
တစ်နေ့သောအခါ တောရွာကျောင်းနေ ရဟန်းနှစ်ပါးတွင် နှုတ်ထွက်ကြမ်းသူ အဓမ္မ၀ါဒီရဟန်းသည် သိက္ခာပုဒ်တစ်ခုကို လွန်ကျူး၏။

ဓမ္မ၀ါဒီရဟန်းက အပြစ်တင်သည်ရှိသော် “ငါ့ရှင်.. ၀ိနည်ဓိုရ်မထေရ်ကြီးများ သိကြပါလိမ့်မည်”ဟု ဓမ္မ၀ါဒီရဟန်းက ပြောဆိုလတ်သော် ၀ိနည်းဓိုရ် ရဟန်းများအား တိုင်ကြားလျှင် ဧကန်မုချ သာသနာတော်မှ ဆုံးရှုံးရတော့မည်ကို သိသော အဓမ္မ၀ါဒီရဟန်းသည် ၀ိနည်းဓိုရ်မထေရ်ကြီးများကို ကြိုတင် ချဉ်းကပ်ထား၏။ တရားဆုံးဖြတ်သောအခါ အဓမ္မ၀ါဒီရဟန်း၏ လာဘ်ထိုးမှုကြောင့် ဟေမ၀တနှင့် သာတာဂီရိလောင်း မထေရ်ကြီးနှစ်ပါးသည် အဓမ္မ၀ါဒီ ရဟန်းကို အနိုင်ပေးမိကြလေ၏။

အဓမ္မ၀ါဒီရဟန်းသည် ဓမ္မ၀ါဒီရဟန်းကို ကျောင်းမှ နှင်ထုတ်လေပြီ။ ဓမ္မ၀ါဒီရဟန်းသည် ၀ိနည်းဓိုရ်မထေရ်ကြီးများထံသို့ ချဉ်းကပ်၍ “အရှင်ဘုရားတို့သည် သာသနာတော်၏ မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်၏ မျက်နှာကို ကြည့်ကြကုန်၏။ သာသနာတော်ကို မစောင့်ရှောက်ကြဘဲ အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို စောင့်ရှောက်ကြကုန်၏။ ယနေ့မှစ၍ အရှင်ဘုရားတို့သည် ၀ိနည်းအဆုံးအဖြတ်ကို မဆုံးဖြတ်သင့်တော့ချေ၊ ယနေ့မှာမှ ကဿပ မြတ်စွာဘုရားသည် အမှန်တကယ် ပရိနိဗ္ဗာန်စံခဲ့လေပြီတကား”ဟု ကျယ်လောင်စွာ မြည်တမ်း၍ “သာသနာတော်သည် ပျက်စီးခြင်းမလှ ပျက်စီးရလေပြီ”ဟု ငိုကြွေးလျက် ဖဲသွားလေ၏။

ထိုအခါ ၀ိနည်းဓိုရ်မထေရ်ကြီးနှစ်ပါးသည် သံဝေဂရကြကုန်လျက် “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကိုသာ ငဲ့ညှာစောင့်ရှောက်ကြကုန်လျက် သာသနာတော်တည်းဟူသော ရတနာစိုင်ကြီးကို ထူးအိုင်ကျောက်ကမ်းပါး၌ ပစ်ချမိခဲ့လေကုန်ပြီ”ဟု နောင်တတဖန် ပူပန်ကြရကုန်၏။ ထိုကုက္ကုစ္စ ဒဏ်ချက်ကြောင့် သေလွန်သောအခါ အထက်နတ်ပြည်များ၌ မဖြစ်နိုင်ကြဘဲ တစ်ပါးသည် ဟိမ၀န္တာတောအတွင်း ဟေမ၀တမည်သော တောင်၌ ဟေမ၀တမည်သော နတ်ဘီလူးမင်း ဖြစ်လေ၏။ အခြားတစ်ပါးသည် မဇ္ဈိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂီရိမည်သော နတ်ဘီလူးမင်း ဖြစ်လေ၏။(သုတ္တနိ၊ဋ္ဌ၊ ၁-၁၉၃။ အကျယ်ကို မဟာဗုဒ္ဓ၀င် ဒု-တွဲကြည့်)

“အကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးလျက်လည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကို ချီးမွမ်းလျက်လည်းကောင်း တစ်ရွာမှတစ်ရွာ တစ်ပြည်မှတစ်ပြည်သို့ လှည့်လည်ပါအံ့”ဟု လျှောက်ထားသော အာဠာဝကဘီလူး၏ သဒ္ဓါတရားမျိုး ဖြစ်ပွားကာ ကြိုးစားအားထုတ် နိုင်ကြပါစေ….။ ။

အရှင်ကောဝိဒ (ယော)