အရှင်ဘုရား၊ ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းဖြင့် အကျိုးမည်သို့ရှိပါသနည်း။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူစဉ်က တပည့်သား သာဝကနှင့် ဒါယကာ ဒါယိကာမတို့ မည်ကဲ့သို့ ပူဇော်ခဲ့ကြပါသနည်း။

(ဖြေ)
ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ၌ ယခုကာလကဲ့သို့ ပွဲမျိုးစုံထည့်သွင်း၍ ကျင်းပခြင်းမှာ ဆရာသမား၏ ဂုဏ်ကျေးဇူးကို ပူဇော်ရာမရောက်ဘဲ ဆရာဘုန်းကြီး ပျံတော်မူသည့်အတွက် ပျော်ပွဲရွှင်ပွဲတခု ပြုခွင့်ရသကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ယခုခေတ် ကျင်းပနည်း၌ ကုသိုလ်အကျိုးရ နည်း၍ အကုသိုလ် အပြစ်တွေသာ အရများ၏။

အကယ်ပင် ဆရာသမား၏ ဂုဏ်ကျေးဇူးကို အမှတ်တရပူဇော်လိုကြလျှင်ကား ပျော်ပွဲရွှင်ပွဲ မပါစေဘဲ သံဝေဂ ဖြစ်ရာ (ရုပ်နာမ်အပေါ် ငြီးငွေ့စရာ) ငြိမ့်ညောင်းသော တေးဂီတဂါထာတို့ကို ရွတ်ဆို၍၄င်း၊ တပည့်တပန်း ရဟန်းသံဃာ ဒကာ၊ ဒကာမအားလုံး သန့်ရှင်းသော သက်သတ်လွတ် ဆွမ်းဒါနကို ပြု၍၄င်း၊ တတ်နိုင်ပါမူ ရက်အပိုင်းအခြား၊ အချိန်အပိုင်းအခြားဖြင့် ဘာဝနာပွား၍၄င်း၊ ရက်ပေါင်းများစွာ ကြာချင်တိုင်းကြာအောင် ဘုန်းကြီးပျံပွဲ ဆင်နွှဲသင့်ကြပါသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာက အလောင်းတော်ကို မည်သို့ပူဇော်ရပါမည်နည်း-ဟု လျှောက်သောအခါ ဘုရားရှင်ကိုယ်တော်တိုင် အာနန္ဒာ-သင်တို့သည် မြတ်စွာဘုရား၏ ကိုယ်တော်ကို ပူဇော်ဖို့ရန် ကြောင့်ကြမစိုက်ရစ်ကြနဲ့၊ အနှစ်သာရဖြစ်သော အရဟတ္တဖိုလ် ရဖို့ကိစ္စ၌သာ မမေ့မလျော့ မပေါ့မဆ ကြောင့်ကြစိုက်ရစ်ကြ-ဟု မိန့်တော်မူပါသည်။

ထိုအမိန့်တော်အတိုင်းပင် ရဟန်းတော်များ အထူးကြောင့်ကြမစိုက်ကြပါ။ ဒါယကာ၊ ဒါယိကာမတို့ကသာ အ၀တ်အသစ်တထပ်၊ ၀ါဂွမ်းတထပ်၊ အစုံပေါင်းငါးရာဖြင့် အလောင်းတော်ကို ရစ်ပတ်၍ ဆီလောင်းထားသော ရွှေခေါင်းတော်၌ထည့်ကာ မီးပူဇော်ကြလေသည်။
(ထိုမီးပူဇော်သည့်ရက်အထိ ရက်ပေါင်း ၁၄-ရက်သာ ကြာ၏။ ပထမ ၇-ရက်သည် ပြင်ဆင်ရင်း ပူဇော်ခြင်းဖြင့် ကုန်သွား၏။ ပူဇော်ရာ၌ ကိုယ်တိုင်ကမှု၊ သံဝေဂသီးချင်းဆိုမှု၊ တီးမှုတ်မှုများ ပါဝင်၏။ ဒုတိယ ၇-ရက်ကား စန္ဒကူးနံ့သာပုံပေါ်၌ မီးပူဇော်ဖို့ပြင်ဆင်ရင်း ကြာသွားလေသည်။ တချို့ကလည်း မီးပူဇော်ရာ၌ ၇-ရက်မကြာ၊ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ၈-ရက်မြောက်မှာပင် မီးသင်္ဂြိုဟ်ပြီးဖြစ်သည်-ဟု ဆိုကြသေး၏။)