အရှင်ဘုရား၊ ပါဏာတိပါတကံ ကျူးလွန်ရာတွင် လူသတ်ခြင်း၊ ဆင်သတ်ခြင်းနှင့် ပုရွက်ဆိတ်သတ်ခြင်းတို့၌ မည်သို့ အပြစ်ခြားနားပါသနည်း။

(ဖြေ)
ပါဏာတိပါတကံ၏ အပြစ်အကြီးအငယ်ကို စိစစ်ရာ၌
အသတ်ခံရသူ၏ ဂုဏ်၊
သို့မဟုတ် သတ်သူ့အပေါ်မှာ တင်နေသော ကျေးဇူး၊
သတ်ရာ၌ လုံ့လထုတ်မှု၊
သတ်အပ်သော သတ္တ၀ါ၏ အကြီးအငယ် ဤအချက်များကိုလိုက်၍ စိစစ်ရပါသည်။ ထို့ကြောင့်-

(က) လူသတ္တ၀ါနှင့် တိရစ္ဆာန်သတ္တ၀ါ ၂-မျိုးတွင် လူသတ္တ၀ါသည် ကုသိုလ်ကံကြောင့် ဖြစ်လာသော ရုပ် နာမ်ခန္ဓာဖြစ်၍ သဘာဝအားဖြင့် တိရစ္ဆာန်ထက် ဂုဏ်ရှိ၏။ အသိအလိမ္မာလည်း အထိုက်အလျောက် သာနေတတ်သေး၏။ ထို့ကြောင့် တိရစ္ဆာန်ကို သတ်ခြင်းထက် လူကိုသတ်ခြင်းက အပြစ်ပိုကြီး၏။

လူတွင်လည်း သီလ စသော ဂုဏ်အဆင့်ဆင့်မြင့်သူကို သတ်ခြင်းက အပြစ်ကြီး၏။
ဘုရား-ရဟန္တာကို သတ်လျှင်၎င်း၊ ကျေးဇူးကြီးလှသော မိဘကိုသတ်လျှင်၎င်း အ၀ီစိအကျိုးကို မုချပေး၏။

(ခ) တိရစ္ဆာန်တို့တွင် အကောင်ကြီးကို သတ်ရာ၌ လုံ့လစိုက်မှု ပယောဂကြီးမားရကား အကုသိုလ်စေတနာ တွေလည်း ရှေ့အဖို့၌ အများအပြား ဖြစ်ရလေ၏။
ပယောဂချင်း (သေနတ်တချက်အားဖြင့်) တူစေကာမူ အားစိုက်အားထုတ်မှု မတူသေး။
အားစိုက်အားထုတ်မှု တူစေကာမူ အကောင်ကြီး၌ ရုပ်အစုများစွာကို ဖျက်ဆီးရာရောက်၏။
ထို့ကြောင့် ပုရွက်ဆိတ်ကို သတ်ခြင်းထက် ဆင်ကိုသတ်ခြင်းက အပြစ်ကြီးသည်။