အရှင်ဘုရား၊ ဥပုသ်သီလဆောက်တည်ရာတွင် လပြည့်လကွယ်ဥပုသ်နေ့တွင် ဆောက်တည်ခြင်းသည် အခြားသောနေ့များတွင် ဆောက်တည်ခြင်းထက် အကျိုးများပါသလား။

(ဖြေ)
ဥပုသ်သီလအတွက် ထူးခြား၍ အကျိုးမများပါ။ သို့ရာတွင် ရှေးအစဉ်အလာဖြစ်၍ ဥပုသ်နေ့ဟု သတ်မှတ်ထားရာနေ့၌သာ စောင့်သုံးလေ့ ရှိကြပါသည်။

အကျယ်ပြပါဦးမည်။
ဥပေါသထ-ဟူသော ပါဠိကို ဥပုသ်-ဟု မြန်မာပြန်ကြ၏။
ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်း စသော ကောင်းသောအကျင့်နှင့် ပြည့်စုံ၍၊
ဝသထ-နေထိုင်ခြင်း-ဟု အနက်ထွက်၏။
ထိုသို့ နေထိုင်ခြင်းကိုပင် သီလ-ကို မပျက်အောင် စောင့်ခြင်း၊ ကျင့်သုံးခြင်း ဖြစ်သောကြောင့်
ဥပုသ်စောင့်သုံးခြင်း-ဟု ခေါ်စမှတ်ပြုကြသည်။ ထိုဥပုသ်စောင့်ပုံအကျယ်ကို ရတနာ့ဂုဏ်ရည်၌ ပြထားပြီးဖြစ်ပါသည်။

( နေ့ရက် )
ထိုဥပုသ်စောင့်ဖို့ရာ နေ့ရက်ကို ဘုရားပွင့်တော်မမူမီ ရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏။
တလလျှင် (၁) အဋ္ဌမီ (ရှစ်ရက်မြောက်နေ့) ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် ၁၄-ရက်မြောက်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅-ရက်မြောက်နေ့) ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်-ဟု အကျဉ်းအားဖြင့် ၄-မျိုး ရှိ၏။

ပါဋိဟာရိက (အကြိုဥပုသ်၊ အပိုဥပုသ်) သည် ထို ၃-ရက် မရောက်မီ ကြိုတင်၍ စောင့်ရသော ၇-ရက်မြောက်၊ ၁၃-ရက်မြောက်၊ ၁၄-ရက်မြောက် ဥပုသ်၊
ထို ၃-ရက်၏နောက်၌ အပိုဖြည့်စွက်၍ စောင့်ရသော ၉-ရက်၊ လပြည့်ကျော် ၁-ရက်၊ လဆန်း ၁-ရက် ဥပုသ်၊
ထို့ပြင် ၀ါတွင်း၌ ၀ါ၏အလယ်ဝယ် ၁၅-ရက်မျှဖြစ်စေ၊ တ၀ါတွင်းလုံးဖြစ်စေ စောင့်သုံးကြသော ဥပုသ်များဖြစ်၏။
ဤသို့အားဖြင့် ဥပုသ်စောင့်ရက်ဟု ရှေးရှေးက သတ်မှတ်ထားအပ်သော ရက်တွေအတော်များစွာ ရှိပေသည်။

( စဉ်းစားဖွယ် )
ဥပုသ်စောင့်ဖို့ရာ ရက်တွေများလှချေတကား၊ ဘာကြောင့် ထိုမျှလောက် များပြားအောင် ရှေးက သတ်မှတ်ခဲ့လေသနည်း-ဟု စဉ်းစားဖွယ်၊ မေးမြန်းဖွယ် ရှိ၏။
အဖြေကား လူများ၏ စိတ်အစဉ်၌ ကိလေသာမြူတွေ နေ့စဉ်တင်နေရကား ထိုကိလေသာမြူတွေကို ဆေးကြော သုတ်သင်ဖို့ရာ ထိုကဲ့သို့ မကြာမကြာ ဥပုသ်စောင့်ဖို့ရက်ကို သတ်မှတ်ခဲ့ကြပေသည်။

ချဲ့ပါဦးမည်-
ဗုဒ္ဓမြတ်စွာသည် ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနှင့် ဥပမာပြ၍ ၀ိသာခါအား သြ၀ါဒပေးတော်မူ၏။ လဆန်း ၁-ရက်နေ့၌ နေရောင်ရှိသဖြင့် ဆံပင်ခြောက်သွေ့မည်ကို မြင်သော အမျိုးသမီးသည် ရေချိုးခေါင်းလျှော်၏။ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်း၍ ဆံပင်လည်း သွေ့ခြောက်သောကြောင့် ဦးခေါင်းသည် သန့်ရှင်းပေါ့ပါး၏။ နောက်နောက်ရက်များ၌ ဦးခေါင်းဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းထက်၌လည်း ထွက်ခြင်းကြောင့် ၇-ရက်လောက်ကြာလျှင် ဦးခေါင်းသည် လေးလံလာပြန်၏။ ထိုအခါ တကြိမ် ခေါင်းလျှော်ရပြန်၏။

ထို့အတူ လူဝတ်ကြောင်တို့၏ စိတ်၌ ရာဂ ဒေါသ စသော မြူမှုန်တွေသည် ပျော်ပျော်ရွှင်ရွှင် နေစဉ်လည်း ကျရောက်၏။ အလုပ်အကိုင်လုပ်ကိုင်ရင်း ရောင်းရင်း ၀ယ်ရင်းလည်း ကျရောက်၏။ ထို့ကြောင့် ထိုစိတ်အစဉ် ထိုမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးကာ မေထုန်ကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်စောင့်သောအားဖြင့် ဆေးကြောပစ်ရလေသည်။

တနေ့တရက်စောင့်ရုံဖြင့် ကောင်းစွာမရှင်းတတ်သောကြောင့် အကြိုရက်၊ အပိုရက်များ၌လည်း စောင့်ရ၏။ တကြိမ်စောင့်ပြီးနောက် ၇-ရက်လောက်ကြာလျှင် ကိလေသာမြူတွေ အတော်များစွာ တင်ပြန်သောကြောင့် ဥပုသ်စောင့်၍ ဆေးကြောရပြန်သည်။ ထို့ကြောင့် ဥပုသ်စောင့်ဖို့ရက်ကို ရှေးရှေးကပင် သတ်မှတ်ထားခဲ့ကြ ပေသည်။
ယခုခေတ်အလိုက် ဥပုသ်နေ့မဟုတ်ဘဲ စနေ၊ တနင်္ဂနွေ ၂-ရက်မျှ ဆက်လက်၍ စောင့်ကြလျှင်လည်း ထိုရှေးရှေးစံချိန်ကို မီနိုင်ပါ၏။ သို့သော် စောင့်နိုင်ကြမည်တဲ့လော။