အရှင်ဘုရား၊ ရဟန်းများသည် တရားသဖြင့် မိမိပိုင်သော ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တို့အား ပေးလှူနိုင်ပါသလား။
(က) ကျောင်းရှိသံဃာအားလုံး။
(ခ) မိမိနှစ်သက်လိုလားသော ရဟန်းသာမဏေ တပါးပါး။
(ဂ) ကျောင်းသား။
(ဃ) မိဘဆွေမျိုး။
(င) လူ့ဘ၀က ဇနီး၊ သား၊ သမီး။
(စ) ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ။
(ဆ) ပစ္စည်းလေးပါး ဒါယကာမဟုတ်သော ဒါယကာ ဒါယိကာမ။


(ဖြေ)
(က-ခ) အမှတ်တွင် ပါဝင်သူတို့အား လှူနိုင်ပါ၏။
(ဂ) အမှတ်တွင် ပါဝင်သူတို့အားလည်း ပေးကောင်း၏။
သို့သော် လူတို့က လှူထားသောပစ္စည်းကို ခဏမျှဖြစ်စေ၊ နည်းနည်းဖြစ်စေ မိမိသုံးပြီးမှ ပေးကောင်း၏။
(ဃ) အမှတ်တွင် မိဘကို ပေးကောင်း၏။ ဆွေမျိုးကိုကား အကြောင်းထူးမရှိဘဲ မပေးကောင်း၊ အကြောင်းရှိ၍ တောင်းလာလျှင် တစုံတခုကို စေခိုင်းပြီးမှ ဝေယျာဝစ္စလုပ်သူအနေဖြင့် နည်းနည်းပါးပါး ပေးရသည်။ သူတို့မှာ ၀တ်ဖို့ စားဖို့ အရင်းအနှီးလုပ်ဖို့ကား မပေးရ။
(င) လူ့ဘ၀က ဇနီးမှာ ပစ္စည်းလေးပါး ဖိတ်ထားလျှင်၊
(စ) အမှတ်တွင် ပါဝင်၍ မဖိတ်လျှင်၊
(ဆ) အမှတ်တွင် ပါဝင်သွား၏။
သားသမီးတို့ကား (ဃ) အမှတ် ဆွေမျိုးတွင် ပါဝင်သည်။
(စ) အမှတ်၊ (ဆ) အမှတ်ပါ ဒကာ ဒကာမတို့အားလည်း အကြောင်းအထူးမရှိလျှင် မပေးကောင်း။
တောင်းလာလျှင် ဝေယျာဝစ္စ အလုပ်ခိုင်း၍ ကပ္ပိယအနေအားဖြင့် သစ်သီးသစ်ရွက်စသော နည်းနည်းပါးပါးကို ပေးကောင်း၏။

မှတ်ဖွယ်။ ဤနေရာ၌ ရဟန်း၊ သာမဏေတို့က-
(က) တောင်းသာတောင်းကောင်း၊ မပေးကောင်း။
(ခ) ပေးသာပေးကောင်း၊ မတောင်းကောင်း။
(ဂ) တောင်းလည်းတောင်း ပေးလည်းပေးကောင်း။
(ဃ) မတောင်းလည်း မတောင်းကောင်း၊ မပေးလည်း မပေးကောင်းသော လူဝတ်ကြောင် ၄-မျိုးကို မှတ်သားထိုက်၏။ ထိုတွင်-

(က) တပည့်တော်အထံ မည်သည့်ပစ္စည်းကို (သို့မဟုတ် ပစ္စည်း ၄-ပါးကို) အလိုရှိသောအခါ တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူကို ပ၀ါရိတ-ဟုခေါ်၏။ ထို ပ၀ါရိတနှင့် (မိဘမှတပါး ဆွေခုနစ်ဆက် စပ်၍ရသော) ဉာတိတို့အထံ၌ တောင်းသာတောင်းကောင်း၏။ မိမိပိုင်ပစ္စည်းကိုကား မပေးကောင်း။
(သွေးမစပ်သော သမက်၊ ချွေးမ၊ မယားတို့သည် ဆွေမျိုးမဟုတ်ကြ)။

(ခ) ကိုးကွယ်ရာမဲ့၍ ဆင်းရဲနေသူ (သို့မဟုတ် သူတောင်းစား) စစ်ရှုံး၍ ကျောင်းသို့ပြေးဝင်လာသော အစိုးရရိက္ခာမပါသော ခရီးသွားဧည့်သည်၊ ဤသို့သော လူဝတ်ကြောင်တို့အား ပေးသာပေးကောင်း၍ မတောင်းကောင်း။

(ဂ) မိဘတို့အား တောင်းလည်းတောင်းကောင်း၊ ပေးလည်း ပေးကောင်း၏။

(ဃ) ဉာတိပ၀ါရိတ မဟုတ်သောလူတို့အား တောင်းလည်းမတောင်းကောင်း၊ ပေးလည်း မပေးကောင်း၊ သူတို့ပိုင်ပြီးဖြစ်သော ရေကိုသော်မျှ မတောင်းကောင်း၊ သူတို့အထံမှ ပစ္စည်းတစုံတခုကို အလိုရှိလျှင် ဆွမ်းရပ်သလို ရပ်၍ဖြစ်စေ၊ မိမိရှိသောပစ္စည်းဖြင့် လူဝတ်ကြောင်တယောက်ကို အလဲခိုင်း၍ဖြစ်စေ ယူရသည်။

မှတ်ချက်။ ။ အချို့ပုဂ္ဂိုလ်များက ဉာတိပ၀ါရိ မဟုတ်သူအထံ မိမိအတွက်သာ မတောင်းကောင်း၊ သူများအတွက်ကား တောင်းကောင်း၏-ဟု ယူဆ၍ မြို့ကြီးများ၌ အခြားရဟန်း တပါးအတွက် ရဟန်းတပါးက ဆွမ်း(ဆွမ်းဟင်း) လောင်းဖို့ရန် ဖိတ်ကြ (တိုက်တွန်းကြ)၏။ ရှင်ဒကာ ခံလိုက်ပါ၊ ရဟန်းဒကာ လုပ်လိုက်ပါ-ဟု တိုက်တွန်းကြ၏။ ထိုကဲ့သို့လည်း မတိုက်တွန်းကောင်းပါ။ ထိုသို့ တိုက်တွန်းမှုကြောင့် အာပတ်သင့်၍ ပစ္စည်းကိုရသောအခါ ပစ္စည်းရှင်နှင့်တကွ ရဟန်းအားလုံး (သာမဏေများပါ) မသုံးထိုက်၊ သုံးတိုင်း သုံးတိုင်း အာပတ်သင့်၏