အမေး။ အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

« ပြန်ခေါက်ထားရန်

စာရေးသူ- ဦးကောဝိဒ(မြိတ်)