သီလဟုဆိုသော် တွဲဖက်သရဏဂုံလည်း ပါရမည်သာပင်။

သရဏဂုံသုံးပါး တစ်ပါးပါး ပွားထုံခြင်းမရှိဘဲနှင့် သီလ၌တည်ခြင်း၊ သီလစင်ကြယ်ခြင်း အလျဉ်းမရှိချေ။

သရဏဂုံသုံးပါး တစ်ပါးပါး ပွားထုံခြင်းဖြင့် လေ့ကျင့်ပေးထားသော သီလမျိုးမဟုတ်သမျှ လောကဓံများနှင့် ပက်ပင်းတွေ့ တွေ့က စိတ်မချရသေးချေ။

ယင်း သရဏဂုံ၏ ပံ့ပိုးအားသည်

သီလကို မြဲစေ၊ စင်ကြယ်စေရာ၌ အဓိက အဆောက်အအုံကြီး တစ်ခုသာတည်း။
သရဏဂုံဟူသည် …

သတ္တ၀ါတို့ကို ရန်ဘေးမှ ကင်းဝေးစေခြင်းအမှုကိုလည်း သူပြုပေး၏ ။

သတ္တ၀ါတို့ကို ရန်မူနေသည့် ကိလေသာများကိုလည်း သတ်ဖြတ် ဖျက်ဆီးပေး၏ ။

သို့ကြောင့် …

သရဏဂုံစကား နားဆတ်ဆတ်ကြားရုံမျှဖြင့် မြွေနှင့် ဖား လုံးထွေးနေရာအကြား ရုတ်တရက် သိန်းစွန်ငှက်အနား မြွေနှင့် ဖား လုံးထွေးနေရာအကြား ရုတ်တရက် သိန်းစွန်ငှက်အနား မြွေရောဖားပါ ဒရောသောပါး ပြေးလွှားသည့်ပမာ …
ကိလေသာသည်လည်းကောင်း၊ ကိလေသာအပူးသတ်ခံနေသော စိတ်ရိုင်းသည်လည်းကောင်း၊ လှိုင်းတမျှ ထလျက်က ဆွဆွခုန်ပြေးလွှားကြတော့သည်သာ။

ကမ္မဋ္ဌာန်းအလုပ် ကြိုးကုပ်ခြင်းသည် သရဏဂုံပွားထုံသည် မည်၏ ။

သရဏဂုံပွားထုံခြင်းသည် ကမ္မဋ္ဌာန်းအလုပ် ကြိုးကုပ်သည် မည်၏ ။

စင်စစ် ထိုစကားနှစ်မျိုးတို့သည် အမည်သာကွဲ၊ ထမနဲနှင့်ယာဂု ပမာသာ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည့် ပညတ်သရဏဂုံတင်ရာ၌ ယင်းသရဏဂုံသည် သရဏဂုံဟူသော အမည်းရင်းဖြင့် ၀င်ရောက်ပြီး ၊
ခန္ဓာဖြစ်ပျက် မိမိအမှု မိမိစစ်ရာ၌ကား ကမ္မဋ္ဌာန်းအမည်ဖြင့် အရောဝင်၏ ။

သို့ကြောင့် မိမိနှစ်သက်ရာကမ္မဋ္ဌာန်းနည်းတစ်ခုခုဖြင့် ခန္ဓာပြစ်စု ဖြစ်ပျက်မှုကို ရှုကြည့်စစ်ဆေးနေခြင်းကို သရဏဂုံ ပွားထုံနေခြင်းဟု မှတ်အပ်၏ ။

၁။ ဗုဒ္ဓာနုဿတိ ကမ္မဋ္ဌာန်းသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိကို အကောင်အထည်ဖော်ပေးနေသော ဗုဒ္ဓာနုဿတိကမ္မဋ္ဌာန်းနည်းတည်း။

၂။ သံဃာနုဿတိကမ္မဋ္ဌာန်းသည် သံဃံသရဏံဂစ္ဆာမိကို အကောင်အထည်ဖော်ပေးနေသော သံဃာနုဿတိကမ္မဋ္ဌာန်းနည်းတည်း။

၃။ ကြွင်းကမ္မဋ္ဌာန်းနည်း အားလုံးသည် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်လည်းကောင်း ဓမ္မံသရဏံဂစ္ဆာမိကို သရုပ်ဖော်နေသည့် နည်းများချည်းတည်း။

ပရမတ်အရာ၌ဘုရားသည်လည်းကောင်းသံဃာသည်လည်းကောင်းသဘော၏သဘောမျှဟူသော ဓမ္မ၏ နယ်ပယ်အတွင်းသို့သာ ဥက္ခောင်းစင်းကြရလေရာ ကြွင်းအားလုံးတို့လည်း အဘယ်မှာလျှင် ဓမ္မနှင့် လွတ်ပါအံ့နည်း။

ထိုသို့ ဓမ္မသရဏဂုံ ပွားထုံခြင်းဖြင့် …

က။ တရားက မိမိစိတ်ကို လက်ရှိလောင်မြိုက်ခံနေရသည့် ကိလေသာမီးကြားမှ ဆီးတား ထုတ်ဆောင် ပေးလျက်ကသာ ရှိ၏ ။

ခ။ တရားက မိမိ၏အရိုင်းစိတ်ကို အေးရိပ်ကြားထား၍ယဉ်ပါးအောင် ဆုံးမပေးလျက်ကသာ ရှိ၏ ။

တစ်ချက်မှတ် တစ်ချက်ကိန်း နှစ်ဖက်စလုံးကို ထိန်းသိမ်း ပေးထားခြင်းတည်း ။

မိမိသရဏဂုံအရိပ် ငြိမ်ဆိတ်လျက်ရှိသော စိတ်ကလေးသို့ တစ်ပါးသူတို့ထံမှ အာရုံကအတိုက် ကိလေသာက
သိမ်းပိုက်လာခြင်းကို …
ရေနက်ပိုင်းသို့ ပစ်ပေါက်လိုက်သော မီးတုတ်မီးခဲ စဲသွားလေသည်ပမာ၊
မိမိကိုယ်အထိ မကူးစက်မလောင်ကျွမ်းတော့ခြင်းသည် ဓမ္မသရဏဂုံ၏ အစွမ်းပင်။

တစ်ဖန် အာရုံဖြင့်တိုက် ကိလေသာဖြင့် သိမ်းပိုက်လာသူ၏ ကိုယ်သို့လည်း …
မိုးဖွဲဖွဲအကြားကိုင်ထားသောမီးတုတ်စဲသွားလေသည်ပမာအကာအကွယ်ပေးငြိမ်းအေးဆေးတိုက်ကျွေးပြီးစီးခြင်း
သည်လည်း ဓမ္မသရဏဂုံ၏ အစွမ်းပင်။

စင်စစ် …
သရဏဂုံသည် …
မိမိကိုရော မိမိနှင့် ပတ်သက်နေသူကိုပါ အကာအကွယ်ပေးနိုင်စွမ်းရှိသော လက်နက်ကောင်းတစ်ခု ဖြစ်၏ ။

တစ်ချက်ဖောက် ရှိသမျှ စိတ်စွဲစုံ အကုန်ပျောက်စေသော လက်နက်ဆန်းကြီးတစ်ခုလည်း ဖြစ်၏ ။
ထိုအင်အားသတ္တိများသည်
သရဏဂုံ ပွားထုံရာမှ ထုတ်ယူရရှိသော အရာများချည်းဖြစ်ရာ
ယင်းသရဏဂုံသည် ကိုယ်ကျင့်သီလ ဖြူစင်တောက်ပခြင်း၊ စိတ်တန်ခိုး စိတ်သတ္တိများ အင်အားကြီးထွားခြင်း၏
ပင်မကျောရိုးဟူ၍ တစ်ထစ်ချ မှတ်အပ်၏ ။

ကိုယ့်စိတ်ကိုစိုးပိုင်ချင် သရဏဂုံအလျင်ပွား

သရဏဂုံတည်အားကြီး အထူးကောင်းမွန်လာချေသော် မိမိစိတ်ယဉ်ကျေးပြီး သိမ်မွေ့ပြီး ဖြစ်ရကား မိမိစိတ်
မိမိအစိုးရ ပိုင်ဆိုင်ခွင့် ရှိလာချေ၏ ။

သို့ကြောင့် မနောကံသောင်းကျန်းမှုဘေး ကင်းဝေးစေ၏ ။

ကာမ၏ အရင်းခံသည် တွေးတောကြံစည်ရာမှ စတင်၏ ။

ထို တွေးတောကြံစည်မှုကို မနောကံကမှ လက်ခံကာ ကြံစည် သုံးသပ်မပေးတော့လျှင် နောက်လိုက် ကာယကံ
ဝစီကံများလည်း သောင်းကျန်းစရာလမ်းစ မပေါ်လွင်ပြီ။

ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ပိုင်ကျုံးအစိုးရနေသူအဖို့ တစ်လောကလုံးကိုလည်း ပိုင်ကျုံးအစိုးရခွင့် လွှမ်းမိုးခွင့်
ရရှိတော့သည်သာ ။

ဤ၌ သီလနှင့် သရဏဂုံဟူ၍ နှစ်မျိုးရှိကြလေရာတွင် …

က။ သရဏဂုံသည် စိတ်တွင်းထကြွ ပရိယုဌာန ခေါ် ကိလေသာ အတွေးအဆများကို ဖိချနှိပ်ကွပ်ခြင်းကို တာဝန်ခံ၏ ။

ခ။ သီလကား ကိုယ်ထိ နှုတ်လွန် ကျွံထွက်လာသော ၀ိတိက္ကမ ခေါ် ကိလေသရမ်း ထိုသောင်းကျန်များကို ငြိမ်ဝပ်ပိပြားစေရာ၌ တာဝန်ခံ၏ ။

မမေ့မလျော့ မပေါ့မဆသော အပ္ပမာဒသတိဖြင့် ထိထိမိမိ သရဏဂုံ ပွားရှိသူ၏ စိတ်သည် အဟောင်းကိုလည်း
မတွေးမိ အသစ်သို့လည်း ပြေးမသိမိပြီ ။

စိတ်သည် အာရုံတစ်ခုတစ်ခု၌ အစနှင့်အဆုံးမျှချည်းသာ သိခွင့်ရနေရာ ကိလေသာတို့ မစည်းရုံးသာ
တော့ရကား ထိုကိလေသာနှင့်ထိုစိတ် မချိတ်မိကြတော့ပြီ ။

ထိုသို့သော သရဏဂုံတည် သီလကြောင့် ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့သို့ ကိလေသာကပ်ခွင့် မရလေသောအခါ …

လူ၏ လူ့သတ္တိဖြစ်သော ပင်ကိုယ်စိတ်သည် ကိုယ်ဝယ် နေခွင့်ရချေပြီ ။ ထိုလူ့ပင်ကိုစိတ် ၀င်နေသူအဖို့
အရာရာတွင် စိတ်သဘောထား ကြီးမြင့်စွာဖြင့် ခွင့်လွှတ်နိုင်တော့သည်သာ တစ်ဖက်သို့ တန်းတူထားလို
စိတ် ၀င်နေတော့ရကား မည်သူနှင့် ဆက်ဆံဆက်ဆံ နူးညံ့သိမ်မွေ့ဟန် ပေါ်လွင်နေတော့သည်သာ ။

ထိုသူ၏ သည်းခံတတ်မှုသည် ခွင်လွှတ်မှုပါသော သည်းခံမှုတည်း ။

ထိုသူ၏ မေတ္တာထားတတ်မှုသည် ကိုယ်ချင်းစာ အညှာပါသော မေတ္တာဓာတ်သက်မှုတည်း ။

ထိုသူ၏ သစ္စာစကားသည် ကျိန်စာမတိုက်သော တဲ့တိုးလိုက် အမှန်စကားသက်သက်ချည်းတည်း ။

စမ်းရေသည် သစ်ရိပ်တောရိပ်တို့ဖြင့် အေးသောမြေမှသာ ပေါ်ထွန်း၏ ။

မေတ္တာသည်လည်း ဘုရားအရိပ် တရားအရိပ်တို့ဖြင့် အေးသော စိတ်မှသာ ပေါ်ထွန်း၏ ။

သရဏဂုံတည်သဖြင့် ကိုယ်ကျင့်သီလမြဲသူ၌ ကံသုံးပါးစလုံးပင် လုံ၏ ။ ယင်း ကံလုံမှုကြောင့် ၄င်း၏ ထံ
(သန္တာန်)တွင် ကိလေသာဘေးမှဝေး၍ အေးသော ဓမ္မသတ္တိသည် ကိန်းတည်ချေတော့၏ ။

မဟာဗောဓိမြိုင်ဆရာတော် (၀န၀ါသီဉေယျဓမ္မသာမိထေရ်) ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ဖော်ပြပါသည်။