အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ (ထီးချိုင့်မြို့တည်တောဆရာေ တာ်)

“လာဘ်တို့တွင် အနာကင်းခြင်းလာဘ်သည် အမြတ်ဆုံးဖြစ်၏။”
“ချမ်းသာတကာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အမြတ်ဆုံးဖြစ်၏။”

ဤစကားရပ်ကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးကြ၏။ ထိုစကားရပ်၏ အဓိပ္ပါယ်အတိုင်း မိမိတို့ ခန္ဓာကိုယ်၌ အနာရောဂါမရှိ၍ ကိုယ်စိတ်ချမ်းသာခြင်းကို အမြတ်ဆုံးဟု မှတ်ယူကြ၏။ အနာရောဂါမရှိ၍ ကိုယ်စိတ်ချမ်းသာခြင်းကို အသာဆုံးသော ချမ်းသာဟု ယူဆခဲ့ကြ၏ ၊ ဟုတ်ပါ၏ ၊ ခန္ဓာကိုယ်၌ ရောဂါတစ်စုံတစ်ရာ ကပ်ငြိခဲ့ပါသော် ပစ္စည်းဥစ္စာ ဘယ်မျှ ချမ်းသာသည်ဖြစ်စေ၊ အခြံအရံပရိသတ် မည်မျှ ပေါများသည် ဖြစ်စေ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း မဖြစ်နိုင်ပါ၊ အနာရောဂါ ကင်းရှင်း၍ ကျန်းမာသောအခါမှသာလျှင် ကိုယ်၏ ကျန်းမာခြင်းကို ကြုံရသည်၊ ကိုယ်ကျန်းမာသောအခါမှ စိတ်၏ ချမ်းသာခြင်းတို့နှင့် ကြုံကြရသည်၊ ထို့ကြောင့် “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဟု ဆိုခဲ့ကြသည်။

သို့သော် ထိုသို့ အနာရောဂါကင်းရုံမျှဖြင့် ချမ်းသာခြင်း ဖြစ်ပါ၏လော၊ ကျန်းမာချမ်းသာရုံမျှဖြင့် မြတ်သော နိဗ္ဗာန် ဟုတ်ပါ၏လော၊ ဤအမေးကို ဖြေဆိုခြင်းငှာ မဇ္ဈိမပဏ္ဏာသ ပရိဗ္ဗာဇက၀ဂ်မှ လာသော မာဂဏ္ဍိယသုတ်ကို ထုတ်နုတ် ဖော်ပြပါဦးမယ်။
ကမ္မာသဒမ္မမည်သော နိဂုံးသည် ဗုဒ္ဓအလောင်းတော် သုတသောမမင်းကြီးဖြစ်စဉ်ကာလက လူသားစားသော ပေါရိသာရကို ဆုံးမသော ဌာနဟု ဆိုကြ၏၊ ဘုရားရှင်လက်ထက်တော်တွင် ကုရုတိုင်းအတွင်း၌ ပါဝင်ပါသည်။

ထိုကမ္မသဒမ္မနိဂုံး၌ ဘာရဒွါဇဂေါတ္တပုဏ္ဏား နေထိုင်သည်၊ ဘာရဒွါဇဂေါတ္တပုဏ္ဏားသည် ကမ္မာသဒမ္မရွာ၏အနီး တောအုပ်၌ မီးကိုလုပ်ကျွေးရန် မီးတင်းကုပ်ကို ဆောက်လုပ်၍ ထိုမီးတင်းကုပ်အတွင်း၌ မပြတ်မီးထည့်ပူဇော်ထားသည်။

ထိုဘာရဒွါဇပုဏ္ဏား၌ ချစ်ကျွမ်းဝင်သော မိတ်ဆွေတစ်ဦးရှိ၏၊ မာဂဏ္ဍိယဟု ခေါ်လေသည်၊ ထိုမာဂဏ္ဍိယပုဏ္ဏား၌ အမေ၏မောင် ဦးရီးနှင့် နှမ၏သား(တူ)တစ်ယောက်ရှိ၏၊ ထိုဦးရီးနှင့် တူတို့တွင် ဦးရီးသည် ရဟန်းဝတ်၍ ရဟန္တာဖြစ်သွားလေပြီ၊ တူသည်လည်း မကြာမီ ရဟန္တာဖြစ်လိမ့်မည်၊ ထိုပုဂ္ဂိုလ်တို့၏ ဥပနိဿယကို ဘုရားရှင် မြင်တော်မူ၍ ကမ္မာသဒမ္မနိဂုံးသို့ ကြွချီတော်မူခဲ့သည်၊ ကမ္မာသဒမ္မနိဂုံးသို့ ရောက်တော်မူသောအခါ လူတို့နှင့် မပြွမ်းသော ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မီးတင်းကုပ်သို့ ကြွရောက်၍ နေသန့်တော်မူတတ်လေသည်၊ ဘာရဒွါဇဂေါတ္တပုဏ္ဏားကလည်း ဘုရားရှင်ကြွရောက် သီတင်းသုံးသောအခါ ထိုင်တော်မူရန် မြက်ခင်းတစ်ခု ပြုလုပ်၍ ထားသည်။

တစ်ရက်သောအခါ မဂဏ္ဍိယပရိဗိုဇ်သည် အညောင်းပြေလမ်းလျှောက်ရင်း ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မီးတင်းကုပ်အတွင်းသို့ ရောက်လာသည်၊ မဂဏ္ဍိယပရိဗိုဇ်သည် မီးတင်းကုပ်အတွင်း ခင်းထားသော မြက်အခင်းကို မြင်သောအခါ-
ဘာရဒွါဇဂေါတ္တပုဏ္ဏားအား “အဆွေ … ဤမြက်အခင်းကို မည်သူ့အတွက် ခင်းထားသနည်း၊ ရဟန်းအိပ်ရာနှင့် တူယောင်တကား” ဟု မေး၏ ။

အဆွေမာဂဏ္ဍိယ … သာကီဝင်မင်းမျိုးဖြစ်သော ရဟန်းဂေါတမသည် ဤသို့ ကြွရောက်လာတတ်သည်၊ ထိုရဟန်းဂေါတမ ကြွခဲ့လျှင် ထိုင်နေတော်မူရန် ခင်းထားခြင်းဖြစ်ပါသည်။

“အဆွေ ဘာရဒွါဇဂေါတ္တ … ငါတို့သည် ဆိုးဝါးသော အရာကို မြင်ရ၏ ၊ ရဟန်းဂေါတမသည် အညွှန့်တုံးသော ၀ါဒရှိ၏ ၊ ထိုအညွန့်တုံးသူ၏ အိပ်ရာကို ငါတို့မြင်ရလေ၏ ၊ သြော် ကံဆိုးစွတကား”

“အဆွေ မာဂဏ္ဍိယ … သင်၏စကားကို ရှင်းပါဦး၊ ဘုရားရှင်အား အဘယ်ကြောင့် အညွန့်တုံးဟု စွပ်စွဲသနည်း၊ လောက၌ရှိကြသော မင်း, သူဌေးသူကြွယ်, ကုန်သည်, လယ်လုပ်သမားတို့သည် ဘုရားရှင်၌ အလွန်ကြည်ညိုကြ၏ ၊ သို့ပါလျက် အဆွေက အဘယ့်ကြောင့် အညွန့်တုံးဟု ဆိုရက်ပါသနည်း”

အဆွေဘာရဒွါဇဂေါတ္တ … “ရဟန်းဂေါတမသည် အညွန့်တုံးသောကြောင့် အညွန်တုံးဟု ဆိုခြင်းဖြစ်သည်၊ ယခုလည်းဆိုမည်၊ နောင်လည်းဆိုမည်၊ အဘယ့်ကြောင့်ဆိုသော် ရဟန်းဂေါတမ၏ ၀ါဒသည် အညွန့်တုံးသောဝါဒ ဖြစ်၏”

အဆွေမာဂဏ္ဍိယ … အဆွေ၏ပြောစကားကို အရှင်ဂေါတမအား လျှောက်ကြားလိုက်ရမည်လော၊ ပြောကြားလိုက်ပါအဆွေ ရဟန်းဂေါတမကို ဘာမျှ ဂရုစိုက်ဖို့မရှိပါ၊ ပြန်လည်ပြောကြားရန် ငါ့မှာ အရန်သင့်ရှိပါသည်၊ ဘာရဒွါဇဂေါတ္တနှင့် မာဂဏ္ဍိယပရိဗိုဇ်တို့ ဤသို့ အပြန်အလှန် ပြောဆိုနေကြခြင်းကား အချင်းချင်း စကားနိုင်ပြောဆိုကြခြင်းမျှသာဖြစ်၍ အဟုတ်အလှန် ပြောဆို နေကြခြင်းကား မဟုတ်ပါချေ၊ သို့သော် သူတို့ အပြန်အလှန် ပြောဆိုနေကြခြင်းကို ဘုရားရှင်က ဒိဗ္ဗသောတဖြင့် ကြားတော်မူခဲ့ပါပြီ။

ထိုနေ့ညနေတွင် ဘုရားရှင်သည် တစ်ပါးတည်း နေ့သန့်တော်မူရာမှ ဘာရဒွါဇဂေါတ္တ၏ မီးတင်းကုပ်သို့ကြွ၍ ခင်းထားသောမြက်အခင်း၌ ထိုင်နေတော်မူ၏ ၊ ဘုရားရှင် ကြွတော်မူလာ၍ ဘာရဒွါဇဂေါတ္တပုဏ္ဏားသည်လည်း ဘုရားရှင်ထံ ချဉ်းကပ်ပြီးနောက် သင့်တင့်ရာဌာန၌ ထိုင်နေ၏ ။
ထိုအခါ ဘုရားရှင်က “ဘာရဒွါဇ … ဤမြက်အခင်းကို အကြောင်းပြု၍ မာဂဏ္ဍိယနှင့် တစ်စုံတစ်ရာ စကားပြောဆိုခြင်းရှိသလော” ဟု မေး၏ ။

ဘုရားရှင်၏အမေးစကားကိုကြားလျှင် ဘာရဒွါဇဂေါတ္တသည် ကြက်သီး မွေးညင်းထ၍ “ဤအကြောင်းကို အကျွန်ုပ် အရှင့်အား ပြောကြားရန် ကြံစည်နေပါသည်၊ အကျွန်ုပ်မပြောမီ အရှင်က မိန့်သဖြင့် အံ့သြမိပါသည်ဟု ဆို၏ ၊ ထိုစကားမပြတ်မီ မာဂဏ္ဍိယပရိဗိုဇ်လမ်းလျှောက်ရင်း မီးတင်းကုပ်သို့ ရောက်လာ၍ ဘုရားနှင့် ဘာရဒွါဇတို့ ရှိရာသို့ လာရောက်ထိုင်လေသည်၊ ထိုအခါ ဘုရားရှင်က -

“မာဂဏ္ဍိယ … မျက်စိသည် ရူပါရုံ၌ မွေ့ပျော်၏ ၊ ရူပါရုံ၌ နှစ်ခြိုက်၏ ၊ ထိုမျက်စိကို ငါဘုရား ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆို့ထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆို့ထားပြီ၊ ထိုမျက်စိကို ပိတ်ဆို့ထားရန်လည်း ငါဟောသည်၊ ဤသည်ကို ရည်ရွယ်၍ သင်ကငါ့ကို အညွှန့်တုံးဟု ဆိုသလောဟု” မေး၏ ။

“အရှင်ဂေါတမ … ဟုတ်ပါ၏ ၊ မျက်စိ၏အညွှန့်ကို တုံးစေသောကြောင့် အညွှန့်တုံးဟု ဆိုပါ၏ ၊ အကျွန်ုပ်တို့ ကျန်းဂန်၌လည်း ထိုအယူဝါဒကို အညွှန့်တုံးဝါဒ” ဟုပင် ဆိုပါသည်။

“မာဂဏ္ဍိယ … နားသည် သဒ္ဒါရုံ၌ မွေ့ပျော်၏ ၊ နှာခေါင်းသည်၊ ဂန္ဓာရုံ၌ မွေ့ပျော်၏၊ လျှာသည် ရသာရုံ၌ မွေ့ပျော်၏ ၊ ကိုယ်သည် အတွေ့အထိ၌ မွေ့ပျော်၏၊ စိတ်သည် ဓမ္မာရုံ၌ မွေ့ပျော်၏ ၊ ထိုစိတ်ကို ငါသည် ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ ပိတ်ဆို့ထားပြီ ၊ ပိတ်ဆို့စေခြင်းငှါ ငါဟော၏ ၊ ဤကို ရည်ရွယ်၍ ရဟန်းဂေါတမသည် အညွှန့်တုံးသူဟု ဆိုသလော”

“ဟုတ်ပါသည် ၊ အရှင်ဂေါတမ … အကျွန်ုပ်တို့ ကျန်းဂန်၌လည်း ဤသို့ပင်ဆိုပါသည်”

“မာဂဏ္ဍိယ … လူအချို့တို့သည် ကာမနှင့် စပ်ကုန်သော တပ်မက်နှစ်သက်ဖွယ်တို့ဖြင့် မွေ့ပျော်ဖူး၏ ၊ ထိုသူသည် နောင်အခါ၌ တပ်နှစ်သက်ဖွယ် ကာမဂုဏ်တို့ကို စွန်၍ စိတ်ဓာတ်ငြိမ်းချမ်းနေ၏ ၊ ထိုသူ့ကို သင် မည်သို့ ဆိုမည်နည်း”

“ဘာမျှ ဆိုဖွယ်မရှိပါ အရှင်ဂေါတမ”

“မာဂဏ္ဍိယ … ငါသည် ရှေး လူဖြစ်စဉ်ကာလက ထိုငါးပါးသော ကာမဂုဏ်တို့ကို လုံလုံလောက်လောက် ခံစားဖူး၏ ၊ ငါ့အား ဆောင်း, နွေ, မိုးအား လျောက်ပတ်သော ပြာဿဒ်တို့၌ ယောကျာ်းကင်းသော တူရိယာ အမျိုးမျိုးတို့ဖြင့် မွေ့ပျော်၍ ပြာသာဒ်အောက်သို့ မဆင်းသက်ခဲ့ပေ၊ ငါသည် နောင်အခါ၌ ထိုကာမဂုဏ်တို့၏ ဖြစ်ခြင်း, ချုပ်ခြင်း ၊ သာယာဖွယ်တို့၏ ထွက်မြောက်ရာတို့ကို ဟုတ်တိုင်းမှန်စွာသိ၍ ထိုထိုကာမဂုဏ်တို့၌ တပ်မက်မှုကို ပယ်စွန့်သောကြောင့် ပူပန်ဆာလောင်မှုကင်းသော ငြိမ်းချမ်းသောစိတ် ဖြစ်လာ၏ ၊ ထိုအခါ ကာမကြောင့် ပူလောင်ကုန်သော သတ္တ၀ါတို့ကို ငါ မြင်၏ ၊ ထို့ကြောင့် ပူလောင်စေတတ်သော ထိုကာမတို့ကို မတောင့်တပေ။

မာဂဏ္ဍိယ … ဥပမာအားဖြင့် ပစ္စည်းချမ်းသာသော သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏ သားသည်လည်းကောင်း ငါးပါးသော ကာမဂုဏ်တို့ဖြင့် မွေ့ပျော်ရာ၏ ၊ ထိုသူ ကွယ်လွန်၍ နတ်ဖြစ်သောအခါ လူ့ဘ၀က ခံစားခဲ့ဖူးသော ကာမဂုဏ်တို့အပေါ် တပ်မက်ခြင်း မရှိသကဲ့သို့ ငါသည် လူ့ဘ၀က ခံစားခဲ့ဖူးသော ကာမဂုဏ်တို့အပေါ် မွေ့ပျော်မှု မရှိတော့ပြီ၊ အဘယ့်ကြောင့်ဆိုသော် လူ့ချမ်းသာ နတ်ချမ်းသာထက် သာလွန်သော ဓမ္မချမ်းသာ၌ တည်နေရသောကြောင့် ဖြစ်ပေသည်။

ဥပမာတစ်နည်းသော်ကား နူနာစွဲကပ်သော ယောကျာ်းသည် နူနာထ၍ တစ်ကိုယ်လုံး ယားယံစဉ်ကာလက ထိုယားနာကို မီးပူ၌ကင်ရခြင်း၌ သာယာတောင့်တသော်လည်း နူနာကင်းသောအခါ မီးပူကို မတောင့်တ မသာယာသကဲ့သို့ နူနာရောဂါကင်းပြီးသော ငါသည်လည်း ထိုထိုကာမဂုဏ်တို့၌ တောင့်တခြင်း သာယာခြင်း မရှိတော့ပြီ။

မာဂဏ္ဍိယ … တပ်မက်မှုကာမတဏှာသည် စိတ်ဓာတ်၏ပူလောင်မှုကို ဖြစ်စေတတ်သောကြောင့် မီးပင်ဖြစ်၏ ၊ ထိုမီးတည်းဟူသော ကာမဂုဏ်ကို မပယ်စွန့်ဘဲ စိတ်ဓာတ်၏ငြိမ်းအေးချမ်းသာခြင်း ဖြစ်နိုင်ပါမည်လော”

“မဖြစ်နိုင်ပါ အရှင်ဂေါတမ”

“မာဂဏ္ဍိယ … မင်း မင်းအမတ်စသည်တို့သည် ကာမဂုဏ်ကို ခံစားလျက် ကာမဂုဏ်ကို မပစ်ပယ်ဘဲ အေးငြိမ်းချမ်းသာသောစိတ်ဖြင့် ရှေးကလည်း နေဖူးပြီ၊ ယခုလည်း နေဆဲ၊ နောင်လည်း နေလတ္တံ့သည်ကို ငါသည် မြင်ဖူး ကြားဖူးခြင်း မရှိချေ၊ ကာမအပူကို ပယ်ဖျောက်၍ အေးငြိမ်းချမ်းသာ သော စိတ်ရှိသည်တို့ကိုသာ မြင်ဖူး ကြားဖူးသည် ဘုရားရှင်သည် ဤသို့ မိန့်တော်မူပြီးနောက် -

အာရောဂျ ပရမာလာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂိကော စ မဂ္ဂါနံ ၊ ခေမံ အမတ ဂါမိနံ။
ဟူသော ဥဒါန်းဂါထာကို ကျူးရင့်တော်မူသည်။

လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်း၊ ချမ်းသာတကာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အသာဆုံးဖြစ်၏ ၊ လမ်းခရီးတို့တွင် နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အသာဆုံးဖြစ်၏ ။

မာဂဏ္ဍိယပရိဗိုဇ်သည် ဘုရားရှင်၏ ဥဒါန်းဂါထာကို ကြားသောအခါ တစ်ချိန်လုံး ဘုရားရှင် ဟောသမျှ ငိုက်၍ နားထောင်နေရာမှ ဦးခေါင်းကိုထောင်၍ -

“အို အရှင်ဂေါတမ … အံ့ဖွယ်ကောင်းလှပါသည် ၊ ယခုအရှင်ဂေါတမြွက်ဆိုသော အာရောဂျ ပရောမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ ဟူသော ဂါထာသည် ကျွန်ုပ်တို့၏ ပရိဗိုဇ်ဆရာ အဆက်ဆက်မှလည်း လာပါ၏ ၊ အလွန်ကောင်းသော ဂါထာလည်းဖြစ်ပါ၏” ဟု လျှောက်ထားလေသည်။

“မာဂဏ္ဍိယ … သင်တို့ဆရာ အဆက်ဆက်မှလာသော ဤဂါထာ၏ အဓိပ္ပာယ်ကို သိသလော”

“သိပါ၏ အရှင်ဂေါတမ”

“အကယ်၍ သိခဲ့လျှင် အနာကင်းခြင်းဟူသည် အဘယ်နည်း၊ နိဗ္ဗာန်ဟူသည် အဘယ်နည်းအဖြေကို ဆိုစမ်းလော့”

“အရှင်ဂေါတမ … အနာကင်းခြင်းဟူသည် ဤကိုယ်ပင်တည်း၊ နိဗ္ဗာန်ဟူသည်လည်း ဤကိုယ်ပင်တည်း၊ ဤကိုယ်သည် ယခုအခါ အနာရောဂါ မရှိပါ၊ အနာရောဂါမရှိ၍ ဤကိုယ်ကို ဆင်းရဲတို့က မနှိပ်စက်ပါ၊ ထို့ကြောင့် ဤကိုယ်သည်ပင် ချမ်းသာသော နိဗ္ဗာန်ဖြစ်ပါသည်”

“မာဂဏ္ဍိယ … ဥပမာဖြင့် ငါဆိုအံ့၊ ၀မ်းတွင်းမှကန်းလာသော မျက်မမြင်သည် ဖြူနီပြာဝါ အရောင်အဆင်းကိုလည်း မထင်၊ အနိမ့်အမြင့်ကိုလည်းမမြင်၊ ကောင်းကင်ရှိ နက္ခတ်, တာရာ, လ, နေတို့ကိုလည်း မသိ၊ ထိုဝမ်းတွင်းကန်းကို တစ်စုံတစ်ယောက်သောသူက အညစ်အကြေးကင်းစင်သော ဤအ၀တ်သည် အလွန်ကောင်း၏ဟု ဆိုသည်ကို ကြား၍ အ၀တ်ဖြူ အရှာ ထွက်၏ ၊ ထိုသူကန်းကို ယောကျာ်းတစ်ဦးက မဲညစ်စုတ်ပေနေသော ပုဆိုးကြမ်းကိုပေး၍ ဤအ၀တ်ကား သင်ရှာဖွေသော စင်ကြယ်သော အ၀တ်ဖြူတည်းဟု ဆို၏ ၊ ၀မ်းတွင်းကန်းသည် မျက်စိမမြင်သောကြောင့် သူတစ်ပါးပေးသော ပုဆိုးကြမ်းညစ်ပေကို ၀တ်ရုံပြီး နှစ်သက်ရာ၏ ၊ ဤသို့ ၀တ်ရုံ နှစ်သက်ခြင်းကား ကိုယ်တိုင် သိမြင်၍ မဟုတ်၊ သူတစ်ပါး ပြောကြားသောကြောင့်သာ ဖြစ်၏ ။

ဤဥပမာအတူ သင်ပရိဗိုဇ်တို့သည် ၀မ်းတွင်းကန်းနှင့် တူကုန်၏ ၊ အနာကင်းခြင်းကိုလည်းမသိ၊ နိဗ္ဗာန်ကိုလည်း မသိ၊ ထိုသို့မသိဘဲ သိ၏ဟု မှတ်ထင်ပြောဆိုကုန်၏ ၊ အမှန်သော်ကား ဤခန္ဓာကိုယ်သည် ရောဂါတုံးကြီးဖြစ်၏ ၊ အနာတုံး, ဆူးငြောင့်တုံး, ဆင်းရဲတုံးကြီး ဖြစ်၏ ၊ ဤမျှ အနာရောဂါပေါများသော ဤခန္ဓာကိုယ်ကိုပင်လျှင် သင်သည် အနာကင်း၏ဟု ထင်၏ ၊ နိဗ္ဗာန်ဟူ၍ ထင်၏ ။

မာဂဏ္ဍိယ … အနာကင်းခြင်းကို သိနိုင်သော, နိဗ္ဗာန်ကို မြင်နိုင်သော, စင်ကြယ်သော ဉာဏ်မျက်စိသည် သင့်မှာမရှိ” ဟု မိန့်တော်မူ၏ ။

ထိုအခါ မာဂဏ္ဍိယသည် သတိရ၍ ဘုရားရှင်အား လက်အုပ်ချီပြီးလျှင် “အရှင်ဂေါတမ … အရှင့်အား အကျွန်ုပ် ယုံကြည်ပါ၏ ၊ အနာကင်းခြင်းနှင့် နိဗ္ဗာန်ကို ကျွန်ုပ် သိမြင်နိုင်သောနည်းဖြင့် ဟောပြတော်မူပါ” ဟု လျှောက်ထားလေ၏ ။

“မာဂဏ္ဍိယ … ဥပမာစကားကို ငါဆိုအံ့၊ မျက်စိကန်းသောသူကို ဆေးဆရာသည် ဆေးကု၏ ၊ သို့သော် ရောဂါမပျောက်၊ ကန်းမြဲ ကန်းနေပါက ဆေးဆရာသည် ပင်ပန်းရုံမျှသာ ဖြစ်မည်မဟုတ်လော”

“မှန်ပါသည် အရှင်ဂေါတမ”

“မာဂဏ္ဍိယ … ထိုဥပမာအတူ သင့်အား ငါ တရားဟော၍ အနာကင်းခြင်းနှင့် နိဗ္ဗာန်ကို မသိငြားအံ့၊ ငါ့အား ပင်ပန်းခြင်းသာ ဖြစ်သည်မဟုတ်လော”

“အရှင်ဂေါတမ …အနာကင်းခြင်းနှင့် နိဗ္ဗာန်ကို အရှင်သည် အကျွန်ုပ်အား သိမြင်အောင် ဟောနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်ဘုရား”

“မာဂဏ္ဍိယ မျက်စိရောဂါကို ကုစားတတ်သော ဆရာသည် ဆေး အမျိုးမျိုးတို့ဖြင့် မျက်စိအလင်းကို ရခဲ့သော် ထိုသူသည် ယခင်ကကဲ့သို့ သူတစ်ပါးပြောတိုင်း မယုံကြည်ဘဲ အ၀တ် ဖြူသည် မည်းသည်ကို ကိုယ်တိုင် သိမြင်နိုင်သကဲ့သို့ ဤအတူ သင့်အား အနာကင်းခြင်းကား ဤသည်ပင်တည်း၊ နိဗ္ဗာန်ဟူသည် ဤသည်ပင်တည်းဟု တရားဟော၍ အနာကင်းခြင်းနှင့် နိဗ္ဗာန်ကို မြင်ငြားအံ့၊ ထိုမြင်သောခဏ၌ ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်းရာ၏၊ စွဲလမ်းမှုကြောင့် ဘ၀သည်ဖြစ်၏ ၊ ဘ၀ကြောင့် ဇာတိဖြစ်၏ ၊ ဇာတိကြောင့် ဇရာ, မရဏ, သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဆင်းရဲအစုဖြစ်၏ ဟူသော အကြံဖြစ်ရာ၏” ဟု ဘုရားရှင်ဟောတော်မူ၏ ။

“အရှင်ဂေါတမ … ဤနေရာမှ မထဘဲ အကန်းဖြစ်သော အကျွန်ုပ်အား မျက်စိအလင်းရအောင် ဟောနိုင်လိမ့်မည်ဟု အကျွန်ုပ် ယုံကြည်ပါသည်ဘုရား”

“မာဂဏ္ဍိယ … အကန်းမှ အလင်းဖြစ်လိုမူ သူတော်ကောင်းကို ဆည်းကပ်လော, မှီဝဲလော, သူတော်ကောင်းကို ဆည်းကပ်မှီဝဲ၍ လောကုတ္တရာ ၉-ပါး အားလျော်သော အကျင့်ကို ကျင့်ခြင်းကြောင့် ဤကား ရောဂါ၊ ဤကား အနာ၊ ဤကား ရောဂါအနာတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲသက်သက်ဖြစ်သော ရုပ်နာမ်၏ချုပ်ငြိမ်းခြင်းကို သိလတ္တံ့ဟု မိန့်တော်မူ၏”

မာဂဏ္ဍိယပရိဗိုဇ်သည် ဘုရားရှင်၏ ဒေသနာတော်ကို နှစ်သက်၍ သာသနာတော်အတွင်း ရဟန်းပြုခဲ့ရာ မကြာမီပင် အာသဝေါကုန်ခန်းသော ရဟန္တာအရှင်မြတ် ဖြစ်တော်မူပါသည်။

ဤဒေသနာတော်အရ အနာကင်းခြင်းနှင့် နိဗ္ဗာန်ဟူသည် အများထင်သကဲ့သို့ ခန္ဓာကိုယ်၏ အနာရောဂါကင်းခြင်းနှင့် အနာရောဂါကင်း၍ ချမ်းသာခြင်းကို ဆိုလိုသည်မဟုတ်ဘဲ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကိုသာ အနာကင်းခြင်းနှင့် နိဗ္ဗာန်ဟု ဆိုလိုခြင်းဖြစ်ပါသတည်း။

သဗ္ဗေ သင်္ခါရာ အနိစ္စာ။ သဗ္ဗေ သင်္ခါရာ ဒုက္ခာ။ သဗ္ဗေ ဓမ္မာ အနတ္တာ။