လူတိုင်း တရားအားထုတ်သင့်ပါသလားဟု မေးလျှင် လူတိုင်း တရားအားထုတ်သင့်ပါသည်ဟု ဖြေရမည်သာဖြစ်၏။ အကြောင်းကလူတိုင်းသန္တာန်၌ တရားနှင့်မတရား နှစ်ခုယှဉ်ကြည့်လျှင် မတရားက များနေသောကြောင့်ဖြစ်၏။

မိမိတို့ပုထုဇဉ်များ နှစ်ဆယ့်လေးနာရီ တစ်နေ့တာကုန်သွားတိုင်း “ငါ့အတွက် နှစ်ဆယ့်လေးနာရီ တစ်နေ့တာကုန်သွားပြီ၊ တရားနဲ့အချိန်ကုန်တဲ့နာရီက များသလား၊ မတရားနဲ့အချိန်ကုန်တဲ့နာရီကများသလား၊ ကုသိုလ်နဲ့အချိန်ကုန်တဲ့နာရီက များသလား၊ အကုသိုလ်နဲ့အချိန်ကုန်တဲ့ နာရီက များသလား” ဟု ပြန်လည်စဉ်းစားကြည့်။ တရားနှင့်ကုန်ရသောအချိန်၊ ကုသိုလ်နှင့် ကုန်ရသောအချိန်က အလွန်နည်းနေသည်ကို တွေ့ရမည်ဖြစ်၏။

ကုသိုလ်က သေချာတကူးတကန့် လုပ်ယူမှရ၏။ အကုသိုလ်က သေချာဂရုတစိုက် လုပ်ယူစရာမလိုဘဲ သူ့အလိုအလျောက်ဖြစ်နေ၏။ အကုသိုလ်က မလုပ်ဘဲနှင့် ရသောသဘောရှိ၏။
လူတစ်ကိုယ် သိုလ်နှစ်ခုဟု ဆို၏။ လူမှာ ကုသိုလ်ဖြစ်လျှင် ဖြစ်၊ ကုသိုလ်မဖြစ်လျှင် အကုသိုလ်ဖြစ်နေ၏။ ထို့ကြောင့် လူသည် ကုသိုလ်လုပ်မနေပါက အကုသိုလ်တစ်ခုခု ဖြစ်နေသည်မှာ သေချာ၏။ ရုန့်ရင်းကြမ်းတမ်းသော အပါယဂမနီယ-အပါယ်ကျစေနိုင်သော အကုသိုလ်မျိုးတော့ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် အနုစား၊ အသေးစား အကုသိုလ်တစ်ခုခုကတော့ ကုသိုလ်မလုပ်သော အချိန်တိုင်းမှာ ဖြစ်နေဖို့ သေချာ၏။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်ဆိုလျှင် ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်၊ ကုသိုလ် အကုသိုလ် နှစ်ခုကြားမှာရှိသော အဗျာကတစိတ်များ ဖြစ်နေ၏။ အိပ်ပျော်ချိန်မှအပ ကျန်အချိန်များမှာ ကုသိုလ်တစ်ခုခု လုပ်လျှင်လုပ်၊ ကုသိုလ်မလုပ်လျှင် အကုသိုလ်တစ်ခုခု ဖြစ်နေဖို့ သေချာ၏။

တန်ဖိုးရှိ၊ အသုံးဝင်သော သီးပင်၊ စားပင်၊ ပန်းအလှပင်များသည် သေချာဂရုတစိုက်၊ တယုတယ စိုက်ပျိုးယူကြရ၏။ ထို့အတူ ကုသိုလ်ဟူသည်လည်း သေချာဂရုတစိုက် လုပ်ယူရ၏။ အသုံးမ၀င်သော မြက်ပင်၊ ပေါင်းပင်များသည် သေချာဂရုတစိုက် စိုက်ပျိုးဖို့ မလိုရုံသာမက နုတ်မနိုင်၊ ရှင်းမနိုင်အောင် အလိုအလျောက် ပေါက်နေကြ၏။ ထို့အတူ အကုသိုလ်များသည်လည်း သေချာလုပ်ယူဖို့ မလိုဘဲ သူ့အလိုအလျောက် အချိန်တိုင်းနီးပါး ဖောဖောသီသီဖြစ်နေကြ၏။

“ပုထု ကိလေသေ ဇနေတီတိ ပုထုဇ္ဇနော” ၀ိဂြိုဟ်အရ ပုထုဇဉ်ဟူသည် ကိလေသာအဖြစ်များသူကို ခေါ်၏။ ကိလေသာဟူသည် ကောင်းသောတရားလား၊ မကောင်းသော တရားလားမေးမူ မကောင်းသော တရားဖြစ်၏။ မကောင်းသောတရား အဖြစ်များသော ပုထုဇဉ်သည် ကောင်းသောသူ ဖြစ်နိုင်ပါ့မလား၊ စဉ်းစားသင့်၏။ မကောင်းသောတရား အဖြစ်များသော ပုထုဇဉ်သည် မကောင်းဖို့သာများ၏။ ထို့ကြောင့် မကောင်းသော ကိလေသာများ အဖြစ်များသော ပုထုဇဉ်သည် မကောင်းသော တရားနေရာမှာ ကောင်းသောတရားနှင့် အစားထိုးဖို့ တရားအားထုတ်ခြင်းဟူသော ကောင်းသောအလုပ်၊ အကောင်းဆုံးအလုပ်ကို မဖြစ်မနေ၊ မလုပ်မနေ လုပ်သင့်ပေ၏။

အကုသိုလ်ကိလေသာက အဆိပ်ဖြစ်၏။ ကုသိုလ်က ဗီတာဇုံအားဆေး၊ သို့မဟုတ် ဖြေဆေးဖြစ်၏။ ပုထုဇဉ်သည် နေ့စဉ် အဆိပ်သောက်နေသည်က များ၏။ အဆိပ်သောက်နေသည်က များသဖြင့် လောဘ အဆိပ်တက်၊ ဒေါသအဆိပ်မွှန်နေသူက များ၏။ ကျန် မောဟ မာနစသော ကိလေသာအဆိပ်များလည်း မွှန်ထူနေကြ၏။ ထို့ကြောင့် ကုသိုလ်ဆိုသည့်အားဆေး၊ တရားဘာဝနာဆိုသည့် ဖြေဆေးကို မဖြစ်မနေ သောက်သုံးကြဖို့ အထူးလိုအပ်လှ၏။ ဖြေဆေးမသောက်လျှင် အားလုံး အဆိပ်သင့် ဒုက္ခရောက်ကြရမည်ဖြစ်၏။

မိမိတို့ နှစ်ဆယ့်လေးနာရီ တစ်နေ့တာ ဘာတွေပဲ လုပ်လုပ်၊ ဘာတွေပဲ ပြောပြော၊ ဘာတွေပဲရရ တကယ်ရလိုက်သည်က ဓမ္မနှင့် အဓမ္မ၊ တရားနှင့် မတရား၊ ကုသိုလ်နှင့် အကုသိုလ် ဤနှစ်မျိုးသာ ရရှိခြင်းဖြစ်၏။ သေသောအခါ သုဿန်ဟိုဘက် ယူသွားနိုင်သည်က ဤနှစ်မျိုးသာ ရှိသောကြောင့် နေ့စဉ် ရနေသည်ကလည်း ကုသိုလ်နှင့် အကုသိုလ် ဤနှစ်မျိုးသာ ရှိ၏။ ထို့ကြောင့် နေ့စဉ်နေ့စဉ် မိမိကိုယ်ကို ကုသိုလ်က ပိုရသလား၊ အကုသိုလ်က ပိုရသလား၊ မည်သည့်အရာက ပိုအရများသနည်း၊ သေချာ သုံးသပ်သင့်၏။

ဘုရားရှင်က “ပါပသ္မိံ ရမတိ မနော” - စိတ်သည် မကောင်းမှုမှာသာပျော်မွေ့၏။ ဟု ဟောတော်မူ၏။ မကောင်းမှုမှာ ပျော်မွေ့သော စိတ်သည် မည်သူ့စိတ်ဖြစ်သနည်းဟု ကြည့်လိုက်သောအခါ ပုထုဇဉ်စိတ်ဖြစ်နေ၏။

မကောင်းမှုမှာ ပျော်မွေ့သောစိတ်သည် ကောင်းသောစိတ် မဖြစ်နိုင်၊ မကောင်းသောစိတ်သာ ဖြစ်၏။ မကောင်းသောစိတ်ရှိသော ပုထုဇဉ်သည် စိတ်ကောင်းမရှိသူဟုပြောလျှင် လွန်ရာကျမည်လော။

ဘုရားရှင်က “စိတ်သည် မကောင်းမှုမှာသာ ပျော်မွေ့၏” ဟု သိမ်မွေ့စွာ ဟောတော်မူ၏။ ဆိုလိုရင်းက ပုထုဇဉ်ဟူသည် မကောင်းသောသူကသာ များသည်ဟု ဆိုလိုရင်း ဖြစ်၏။ ပုထုဇဉ်သည် မကောင်းသည့်စိတ်က များသောကြောင့် မကောင်းမှုများကိုသာ လုပ်မိ၊ ကိုင်မိ၊ ပြောမိ၊ တွေးတောမိလေ၏။ ထို့ကြောင့် မကောင်းမှုအဖြစ်များသော ပုထုဇဉ်သည် မကောင်းမှုနေရာမှာ ကောင်းမှုနှင့် အစားထိုးဖို့ တရားဘာဝနာအလုပ်ကို မဖြစ်မနေလုပ်သင့်၏။

မေတ္တာဖြင့်..

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ ဘာဝနာကထာ မှ ကောက်နှုတ်ဖော်ပြပါသည်။