ဘ၀ဟူသည်မှာ ခန္ဓာငါးပါးတို့၏ အပေါင်းအစု ဖြစ်၏ ။ ခန္ဓာငါးပါးတို့တွင် ရုပ်လည်း ပါ၏ ။ ဝေဒနာလည်း ပါ၏။ သညာလည်းပါ၏။ သင်္ခါရလည်း ပါ၏ ။ ၀ိညာဏ်လည်း ပါ၏ ။ ထိုသို့ ပါဝင်ရာတွင် ‘အရော’ အနေဖြင့် ပါဝင်သည် မဟုတ်။ ‘တစ်သားတည်း အစုပေါင်း’ အနေဖြင့် ပါဝင်ခြင်း ဖြစ်၏ ။ ‘အရော’ အနေဖြင့် ပါဝင်ခြင်းကို ‘သံယောဂ’ ဟူ၍ ခေါ်ရ၏ ။ ‘တစ်သားတည်း အစုပေါင်း’ အနေဖြင့် ပါဝင်ခြင်းကို ‘သမ၀ါယ’ ဟူ၍ ခေါ်ရ၏ ။


ယင်းကို ဥပမာဖြင့် ဆိုရလျှင် ဟင်းမချက်မီ ဟင်းအမည်များကို ဟင်းအိုး၌ စုပေါင်းထားခြင်းသည် အရော သံယောဂ ဖြစ်၏ ။ ဟင်းချက်ပြီးနောက် ဟင်းအမည်များကို ဟင်းအိုး၌ စုပေါင်းထားခြင်းသည် တစ်သားတည်း အစုအပေါင်း သမ၀ါယမ ဖြစ်၏ ။ အရော သံယောဂတွင် ဆန်နှင့်သံ ရောနှောထားသလို အမည်များနှင့် ပတ်သက်၍ ဘာမျှ ထူးခြားမှု ထွက်ပေါ်မလာ။ ဟင်းအမည်များ အတိုင်းပင် သီးခြားစီ သီးခြားစီ ဖြစ်၏ ။ အစုအပေါင်း တစ်သားတည်း သမ၀ါယမတွင် အောက်ဆီဂျင်နှင့် ဟိုက်ဒြိုဂျင် စုပေါင်းထားသောအခါ ‘ရေ’ အဖြစ် ထူးခြားမှု ထွက်ပေါ်လာသလို ဟင်းအမည်များနှင့် ပတ်သက်၍လည်း ‘ဟင်း’ အဖြစ် ထူးခြားမှု ထွက်ပေါ်လာ၏ ။ ယင်းထူးခြားမှုကား ဟင်းအမည် တစ်မျိုးစီ မရှိဘဲ အားလုံးပေါင်းမှ ထွက်ပေါ်လာသော ဟင်းပင် ဖြစ်၏ ။


ထိုနည်းအတူပင် ခန္ဓာငါးပါးကို အစုအပေါင်း တစ်သားတည်း အနေဖြင့် စုပေါင်းထားသောအခါ ထူးခြားမှုတစ်ခု ထွက်ပေါ်လာ၏ ။ ယင်းထူးခြားမှုကို ဘ၀ဟူ၍လည်းကောင်း၊ အတ္တဟူ၍ လည်းကောင်း၊ ပုဂ္ဂိုလ် သတ္တ၀ါဟူ၍ လည်းကောင်း ခေါ်ရ၏ ။ အမှန်အားဖြင့် ဟင်းအမည်များကို မချက်ဘဲ စုပေါင်းလိုက်ရုံနှင့် ဟင်းမဖြစ်လာသလို ခန္ဓာငါးပါးကို စုပေါင်းလိုက်ရုံမျှနှင့်လည်း ဘ၀ဟူ၍ လည်းကောင်း၊ အတ္တဟူ၍ လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍ လည်းကောင်း၊ သတ္တ၀ါဟူ၍ လည်းကောင်း ဖြစ်မလာနိုင်ချေ။


ထို့ကြောင့် ဘ၀တွင် ပါဝင်သော ခန္ဓာငါးပါးတို့သည်ကား ဘ၀ (သို့မဟုတ်) အတ္တ (သို့မဟုတ်) ပုဂ္ဂိုလ် (သို့မဟုတ်) သတ္တ၀ါအဖြစ်သို့ ရောက်အောင် အနုသယကိလေသာများ၊ ကံများဖြင့် စုပေါင်းထားသော ခန္ဓာငါးပါးတို့ ဖြစ်ကြ၏ ။


ခန္ဓာငါးပါးတွင် ရုပ် ပါဝင်၏ ။ ရုပ်သည်လည်း ရုပ်ပိုင်းဆိုင်ရာများကို ပြည့်စုံအောင် တောင့်တ၏ ။ ယင်း၏ တောင့်တချက်များမှာ ကောင်းကောင်း စားဖို့၊ ကောင်းကောင်း ၀တ်ဖို့၊ ကောင်းကောင်း နေဖို့၊ ကျန်းမာဖို့ ဖြစ်၏ ။ ဤလေးမျိုး ပြည်စုံအောင် ဘ၀ရုပ်ပိုင်းက တောင့်တ၏ ။ တောင့်တသည့် အလျောက် လူသည် ဆောင်ရွက်ရ၏ ။


အမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ တောင့်တမှုများသည် ဘ၀တွင် အခြေခံအကျဆုံး ဖြစ်သော်လည်း မြင့်မြတ်မှု တန်ဖိုးအရ ဆိုရလျှင် အနိမ့်ဆုံး ဖြစ်၏ ။ အနိမ့်ဆုံး ဖြစ်သော်လည်း လောကတွင် အချို့သူများက အမြင့်ဆုံးအဖြစ် သတ်မှတ်ကြ၏ ။


ပိဋကတ်တော်များတွင်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူ၍ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒကို လေးမျိုး သတ်မှတ်ထားပါ၏ ။ သို့ရာတွင် ယင်းလေးမျိုးကို အမြင့်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားခြင်း မရှိ။ အထောက်အပံ့ လှေကားအဖြစ်သာ သတ်မှတ်ထားပါ၏ ။


ထို့ကြောင့် လောကတွင် အစား၊ အ၀တ်၊ အနေနှင့် ဆေးဝါးများကို ပြည့်စုံအောင် ဖန်တီးပေးနိုင်ရုံမျှနှင့် ဘ၀တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း ဖြစ်သည် ဟူ၍ မမှတ်ယူအပ် ။ အကယ်၍ မှတ်ယူလျှင် လူ့ဘ၀သည် တိရစ္ဆာန်ဘ၀နှင့် အထူးတလည် ဘာမျှ ခြားနားခြင်း မရှိ ဟူ၍ မှတ်ယူရာ ရောက်ပါသည်။


ဦးရွှေအောင် အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစုများ မှ