☆“အလောင်းတော်ကြီးတွေရဲ့ စိတ်ထားကို အတုယူပါ”☆
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
☆ လောဘမကင်းပေမယ့် လောဘကို ထိန်းသိန်းနိုင်တဲ့ အလောင်းတော်ကြီး
တွေရဲ့စိတ်ထားကို အတုယူရမယ်။ အလောင်းတော်ကြီးတွေဟာ ပုထုဇဉ်ဘဝ
နဲ့ ပါရမီဖြည့်ရတယ်။ ပုထုဇဉ်ဆိုတာ လောဘအပြည့်အဝရှိတာပဲ။ ဒါပေမဲ့
ဘဝတိုင်း ဘဝတိုင်း ဖြည့်ခဲ့တဲ့ ပညာပါရမီကြောင့် လူ့လောက နတ်လောက
ဗြဟ္မာလောက ဘယ်လောကမှ မခိုင်မြဲဘူး။ ခေတ္တခဏပဲ။ ပြောင်းလဲနေတာ
ပဲ။အဲဒီလိုသုတမယဉာဏ်နဲ့လည်းသိတယ်။ စိန္တာမယဉာဏ်နဲ့လည်း သဘော
ပေါက်တယ်။ ဝိပဿ နာအားထုတ်လို့ ဘာဝနာမယဉာဏ်နဲ့လည်းပဲ ထိုးတွင်း
ပြီးတော့ မြင်တယ်။

☆ အဲဒါကြောင့်မို့လို့ ... အလောင်းတော်ကြီးတွေဟာ ပုထုဇဉ်ဘဝနဲ့လောဘမ
ကင်းသော်လည်းပဲ လောဘရဲ့ အပြစ်ကိုမြင်တယ်။ အလောဘရဲ့အကျိုးကို
လည်းမြင်တယ်။ ဒီတော့ လောဘကို ထိန်းသိမ်းနိုင်တယ်။ အတုယူတတ်
အောင် ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ဗြဟ္မဒတ္တဇာတ်ကို နည်းနည်းဟောဦး
မယ်။

☆ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ် အခါတုန်းက အလောင်း
တော်ရသေ့ဟာ ဟိမဝန္တာတောင်မှာ သီတင်းသုံးပြီး တရားအားထုတ်တော်မူ
တယ်။ မိုးရာသီရောက်ရင်တော့ အချဉ်တို့ ဆားတို့ မှီဝဲဖို့အတွက် မြို့ရွာနဲ့နီးတဲ့
နေရာမှာ သီတင်းသုံးတယ်။

☆ ဗြဟ္မဒတ်မင်းကြီးဟာ အလောင်းတော်ရသေ့ကိုတွေ့တယ် ဆိုရင်ပဲ အင်မ
တန် ကြည်ညိုတဲ့အတွက် သူ့မင်းဥယာဉ်ထဲမှာ ကျောင်းဆောက်လှူပြီး ကိုး
ကွယ်ထားတယ်. သီတင်းကျွတ်လို့ ဟိမဝန္တာကို ပြန်ခါနီးမှာ အလောင်းတော်ရ
သေ့က ...

‘ဒကာတော်မင်းကြီးကို နှစ်ယောက်တည်း ပြောချင်တဲ့စကားတစ်ခုရှိတယ်’

‘ဒါဆိုလည်း ခဏလေးစောင့်ပါအုံး ဘုရား’

☆ မိဖုရားတွေ၊ မှူးကြီးမတ်ကြီးတွေကို ဗြဟ္မဒတ်မင်းကြီးက အဝေးမှာ ခဏ
သွားနေခိုင်းလိုက်တယ်။ ပြီးတော့မှ ...

‘အရှင်ရသေ့ နှစ်ယောက်တည်းပြောချင်တဲ့စကားကို ပြောလို့ ရပါပြီဘုရား’

☆ အလောင်းတော်ရသေ့ဟာ ပြောမယ်လုပ်ပြီးကာမှ ...

‘ဘာမှမဟုတ်ပါဘူး ကျုပ် ပြန်ကြွတော့မယ်’ ဆိုပြီး တော်ထဲကို ပြန်ကြွသွား
တယ်။

☆ နောက်တစ်နှစ် ဝါဆိုခါနီးတော့လည်း အလောင်းတော်ရသေ့ ရောက်လာ
တယ်။ မင်းဥယျာဉ်ထဲမှာပဲ သီတင်းသုံးတယ်။ ဝါတွင်းသုံးလကို မင်းကြီးကပဲ
ဆွမ်းဝေယျာဝစ္စ ပြုစုတယ်။ သီတင်းကျွတ်လို့ တောထဲပြန်ခါနီးမှာ သူပြောချင်
တာပြောမယ်လုပ်ပြီးကာမှ မပြောဘဲ ပြန်ကြွသွားပြန်ရော။

☆ ဒီလိုနဲ့ အလောင်းတော်ရသေ့ဟာ ပြောမယ့်စကားကို မပြောဘဲနဲ့ မျိုသိပ်
ပြီးတော့ ပြန်ပြန်ကြွသွားတာ ဘယ်လောက်ကြာသွားတုန်းဆိုတော့(၁၂)နှစ်
ကြာသွားတယ်။(၁၂)နှစ်မြောက် သီတင်းဝါလကျွတ်လို့ ရသေ့ကြီး တောအရပ်
ကိုပြန်ခါနီးမှာ ဗြဟ္မဒတ်မင်းကြီး စဉ်းစားတော်မူတယ်။

☆ အရှင်ရသေ့ နှုတ်ကပြောမထွက်တာကိုထောက်ရင် ဧကန္တ ငါ့မိဖုရားကြီး
ကို လိုချင်တာဖြစ်လိမ့်မယ်။ ဒါကြောင့် သူပြောရမှာ ရှက်နေတာ။ တကယ်လို့
မိဖုရားကိုအလိုရှိတယ်ဆိုရင်လည်း ငါကတော့ လှူမှာပဲလို့ စိတ်ဆုံးဖြတ်လိုက်
ပြီး အလောင်းတော်ရသေ့ကို ဝမ်းသာအားရ လျှောက်ထားတော်မူတယ်။

‘အရှင်ရသေ့ ... အရှင်ရသေ့လိုချင်တာကို တပည့်တော်သိပြီ။ အရှင်ရသေ့ တ
ပည့်တော်မိဖုရားကြီးကို လိုချင်နေတာမဟုတ်လား ဘုရား။ မိဖုရားကြီးကို အ
ရှင်ရသေ့အား တပည့်တော်လှူပါတယ်ဘုရား’

‘ကြံကြီးစည်ရာ ဒကာတော်မင်းကြီးရာ ... မဟုတ်သေးပါဘူး’

‘ဒါဖြင့် တိုင်းပြည်ကို လိုချင်တာလားဘုရား။ တိုင်းပြည်ကိုလိုချင်ရင်လည်း တစ်
ဝက်ခွဲပြီး လှူပါ့မယ်ဘုရား’

‘မဟုတ်ပါဘူး ဒကာတော်မင်းကြီး’

‘တိုင်းပြည်တစ်ဝက်ကနည်းတယ်ထင်ရင် တစ်တိုင်းပြည်လုံး လှူမယ်ဘုရား’

‘အဲဒီလို မဟုတ်ပါဘူး။ ဒကာတော်မင်းကြီး အထင်လွဲနေတာပါ။ ကျုပ်ပြန်ကြွ
တော့မယ်’

‘ဒီနှစ်တော့ မပြောဘဲနဲ့ပြန်မကြွရဘူးဘုရား။ အရှင်ရသေ့လိုချင်တာကို ပြော
ပြီးမှ ပြန်ကြွခွင့် ပြုမယ်ဘုရား’

‘ဒါဆိုရင်လည်း လွှာချင်းဖိနပ်တစ်ရံနဲ့ သစ်ရွက်ထီးတစ်လက်လောက် လှူပါ ဒကာတော်မင်းကြီး...’

‘အောင်မလေး .... အံ့ပါရောဘုရား၊ တပည့်တော်လို ဘုရင်တစ်ပါးထံက ဒီ
လောက်လေး အလှူခံချင်တာကို (၁၂)နှစ်ကြာအောင် မျိုသိပ်ထားရသလား
ဘုရား’

‘ဒကာတော်မင်းကြီး ... တောင်းသူဟာ ငိုသူနဲ့တူတယ်။ တောင်းတာမပေးသူ
ကလည်း ပြန်ငိုသူနဲ့တူတယ်။ နှစ်ဦးနှစ်ဝ မငိုရအောင်လို့ မတောင်းတာပါ’တဲ့။

☆ ဒီဇာတ်တော်မှာ လိုချင်တဲ့လောဘကို ထိန်းသိမ်းနိုင်တဲ့ အလောင်းတော် ရ
သေ့ရဲ့ စိတ်ထားကို နည်းနည်းလေးပဲဖြစ်ဖြစ် အတုယူနိုင်မယ်ဆိုရင် မ
ကောင်းဘူးလား။

‘ကောင်းပါတယ်ဘုရား’

☆ လောဘကို မထိန်းနိုင်တဲ့သူတွေ အတောင်းအရမ်း ထူတာပဲ။ တောင်းရင်
မုန်းတယ် သူတော်ကောင်းတို့။ အလိုက်ကန်းဆိုးကိုမသိဘူး။ ကိုယ်လိုချင်တာ
ပဲ သိတယ်ဆိုပြီး တောင်းတဲ့သူကို မုန်းတတ်တယ်လေ။ ဒါက အတောင်းခံရ
တဲ့ဘက်က အမြင်။

☆ တောင်းတဲ့သူဘက်ကအမြင်ကျတော့ ... ဒီလောက်လေး တောင်းတာကို မ
ပေးရကောင်းလားဆိုပြီး စိတ်ဆိုးမယ်။ မပေးတဲ့သူကို မုန်းမယ်။ ဒီလိုမဟုတ်
လား သူတော်ကောင်းတို့ ...။

‘ဟုတ်ပါတယ်ဘုရား’

☆ ဒါကြောင့်မို့ တောင်းလို့မပေးရင် မုန်းတတ်တယ်ဆိုတာကို သိတဲ့သူတွေက
လောဘကိုအတတ်နိုင်ဆုံး ထိမ်းသိမ်းကြတယ်။ အဲဒီလို လောဘကို ထိန်း
သိမ်းနိုင်တဲ့သူတွေကျတော့ လူသားအချင်းချင်း ဆက်ဆံတဲ့အခါမှာ အနစ်နာခံ
ပြီး ဆက်ဆံတယ်။

☆ အလောင်းတော်ကြီးတွေဟာ လောကကြီးကို ကျေးဇူးတင်တဲ့ မျက်လုံးနဲ့
ကြည့်တယ်။ လောဘကြီးတဲ့ပုဂ္ဂိုလ် အဲဒီလိုမကြည့်နိုင်ပါဘူး။ လောဘကြီးတဲ့
ပုဂ္ဂိုလ်က အမြတ်ထုတ်ဖို့လောက်ပဲကြည့်တယ်။ ဘယ်သူတွေအပေါ် ဘယ်လို
အမြတ်ထုတ်ရပါ့မလဲ။ ဘယ်သူတွေကို အနိုင်ကျင့်ရပါ့မလဲ။ ဘယ်သူတွေကို ခုတုံးလုပ်ပြီးတော့ အပေါ်တက်ရပါ့မလဲ။ ဒါပဲ စိတ်ကူးနေတယ်။

☆ မြတ်စွာဘုရားအလောင်းတော်ကြီးများကျတော့ လောကကြီးဟာ ငါ့အတွက်
မဟုတ်ဘူး။ ငါဟာ လောကအတွက်။ လောကကြီးရဲ့အကျိုးကိုဆောင်ဖို့ အမြဲ
တမ်းနှလုံးသွင်းတယ်။ ဘုရားမဖြစ်မီ အလောင်းတော်ဘဝကတည်းက ရှိနေ
တဲ့ အဲဒီလိုမြင့်မြတ်တဲ့ နှလုံးသားတွေကို အတုယူရမှာ။ ဒါဟာ ရဟန္တာဖြစ်
ကြောင်း စိတ်ထားကောင်းတွေပဲ။ ဗုဒ္ဓဘာသာဖြစ်ရတာ အရမ်းတန်တယ်။
အင်မတန်အရတော်တာပဲ။ မကျင့်နိုင်သေးတာ အသာထားဦး။ နည်းလမ်း
တွေကို သိခွင့်ရတယ်။

☆ ကိုယ့်ရှေ့ကနေ လမ်းပြနေတာ။ လောကကြီးကို ကျေးဇူးရှင်လို့ သဘော
ထားတော့ ကျေးဇူးဆပ်ဖို့ ဝန်မလေးဘူး။ များသောအားဖြင့် ရန်သူလို့ သတ်
မှတ်ကြတယ်။ လူဆိုးသူခိုးလို့ သတ်မှတ်ကြတယ်။ အောက်တန်းစားတွေလို့
သတ်မှတ်ကြတယ်။ ဒါမှမဟုတ် ဒီပုဂ္ဂိုလ်တွေဟာ ငါ့ရဲ့ အသုံးတော်ခံတွေပဲလို့ သဘောထားကြတယ်။

စိတ်ထားညံ့တဲ့ ပုဂ္ဂိုလ်တွေအတွက် လောကကြီးဟာ ငါ့အတွက်ဖြစ်သွားတယ်။ ဒါကြောင့်မို့လည်း

အပါယ်လေးပါးကို ရောက်နေကြတာ။

☆ ဒို့သူငါတွေက စိတ်ကောင်းတဲ့အခါ ကောင်းလိုက်။ မကောင်းတဲ့အခါ မ
ကောင်းလိုက်ဖြစ်နေတော့ စိတ်ထားမကောင်းတဲ့အခါမှာ လုပ်တဲ့ကာယကံ,
ဝစီကံ, မနောကံတွေကြောင့် အပါယ်ကျလိုက်။ စိတ်ထားကောင်းတဲ့အခါမှာ
လုပ်တဲ့ ကာယကံ, ဝစီကံ, မနောကံတွေကြောင့် လူ့ပြည်နတ်ပြည်ရောက်
လိုက် ဖြစ်နေကြတာ။

☆ ကုသိုလ်ကံကြောင့် အခုလိုလူလာဖြစ်တုန်းမှာ အလောင်တော်ကြီးတွေရဲ့

စိတ်ကောင်းစိတ်မြတ်တွေကို အတူယူတတ်ရမယ်။ မြတ်စွာဘုရားလည်း အ
လောင်းတော်ဘဝမှာ ပုထုဇဉ်ပဲ။ သားတွေ, မယားတွေနဲ့ လောဘအပြည့်ရှိ
တယ်။ ဒါပေမဲ့ မကောင်းတဲ့အလုပ်တွေကို ရှောင်တယ်။ လောဘအလိုကို မ
လိုက်ဘူး။ လောဘကိုထိန်းသိမ်းတယ်။ များသောအားဖြင့် ကောင်းတဲ့ပါရမီ
အလုပ်တွေကိုပဲ ကြိုးစားတယ်။ ဒါကို အတုယူရမှာနော်။

☆ ဒို့သူငါတွေလည်း လောကကြီးကို ကျေးဇူးရှင်မျက်လုံးနဲ့ ကြည့်နိုင်အောင်
ကြိုးစားရမယ်။ ကျေးဇူးတင်တတ်ရမယ်။ ကျေးဇူးဆပ်တတ်ရမယ်။ လောဘအ
လိုမလိုက်ဘဲ လောဘကို ထိန်းသိမ်းရတယ်။ အဲဒီလိုဆိုရင် အချင်းချင်း ဆက်
ဆံတဲ့နေရာမှာ အနစ်နာခံပြီး ဆက်ဆံနိုင်ပါလိမ့်မယ်။

☆မြစိမ်းတောင်ဆရာတော်☆