ဆရာတော်ဘုရား တပည့်တော်မေးခွန်းလေးတစ်ခုပေါ်လာလို့ပါဘုရား။ ဘုရားစေတီတွေ တည်ကြတဲ့အခါ ဌာပနာ ပစ္စည်းတွေ အဖိုးတန်တွေ ထည့်ပြီး တည်ခဲ့ကြတာတွေရှိတယ်မို့လားဘုရား။

အဲဒီဘုရားတည်တဲ့ ဘုရားဒကာ တစ်ချို့တွေက ဒီပစ္စည်းတွေက ဘုရားအတွက်ပဲ လှူထား တာဖြစ် လို့ ယူငင်သုံးဆောင်တဲ့သူတွေ ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုပြီး တကယ့်ကို ကြောက်စရာ ကျိန်စာတွေ တိုက်ခဲ့ကြတယ်ဆိုတာ ကြားဖူးပါတယ်ဘုရား။

တပည့်တော်တို့ ကံသုံးပါး ကျူးလွန်မှုထဲမှာ မနောကံက အပြစ်အကြီးဆုံး၊ နောက်ဝစီကံ ကာယကံ စသည်ဖြင့်သွားတဲ့အခါ အခုလို ကျိန်စာတိုက်တဲ့သူဟာ မနော ကံနဲ့ဝစီကံကိုကျူးလွန်ခဲ့ တာမို့နောက်သူ့ကျိန်စာစူးရင် စူးရောက်သလို တဖက်သားတွေမှာ လည်းဆွေ စဉ်မျိုးဆက်ကျိန်စာသင့်ကြရတာမို့အဲဒီလို ကျိန်စာတိုက်တဲ့ ဘုရားဒကာမှာ ဘုရားတည်တဲ့ ကုသိုလ်ထက် ငရဲမျိုးစေ့တွက ပိုများမနေဘူးလားဘုရား၊ရွှေ၊ငွေပစ္စည်းတွေလည်း လှူရသေးတယ်၊ ကုသိုလ်တစ်ပဲ၊ ငရဲ တစ်ပိဿာဖြစ်နေသလိုဖြစ်မနေဘူးလားဘုရား။ အကယ်လို့ ကျိန်စာတိုက်ထားတာကို မသိဘဲ သုံးစွဲခဲ့မိ တဲ့ ကာယကံရှင်ရဲ့ဆွေစဉ် မျိုးဆက်တွေဟာ ဘုမသိ၊ ဘမသိ အခုအထိ ကျိန်စာမိနေခဲ့ ရင်ပြေအောင် လုပ်လို့ရတဲ့နည်း ရှိပါသလားဘုရား။ အရှင်ဘုရား အယူအဆလေးကို နဲနဲပြောပြ ပေးပါဘုရား၊

ဆရာတော်ကျန်းမာစွာဖြင့် သာသနာ့အကျိုးသည်ပိုးဆောင်ရွက်တိုင်းအမြဲအောင်တော်မူပါစေ၊

ရိုသေစွာဖြင့် တပည့်တော် ရွှေမာသန်း အီဟွာအမျိုးသမီးတက္ကသိုလ် ဆိုးလ်၊ ကိုရီးယား။

 

မရွှေမာ၏ မေးခွန်းတွင် အရှင်ဘုရား အယူအဆလေးကို နဲနဲပြောပေးပါဟု မေးခွန်းတွင် ပါဝင်ပါသည်၊

ဖြေဆိုရန် စဉ်းစားမိသောအခါ ဘုရားအယူအဆကို ပြောပြရမည်ဟု နှလုံးသွင်းမိပါသည်။ အယူအဆမှာဒေါက်တာနန္ဒက၏ အလိုမဟုတ်ပါ ဘုရားရှင်ဟောတရားများကို သိစေရပါသည်။ ဤမေး ခွန်းတွင်ကြံဆချက်များ များစွာပါဝင်နေပါသည်။ လတ်တလောဖြစ်နေသည့်အဖြစ်အပျက်များ မဟုတ် သည့်ပြင်မေးခွန်းရှင်ကလည်းကိုယ်တိုင်တွေ့ဖူးသည် မဟုတ်သဖြင့် ကြားဖူးသည်ဟု ဆိုထားပါသည်။ ကျိန်စာဆိုသည်မှာ ကျိန်ဆဲသောစာဟု ယူဆပါသည်။ ဆဲရေးသဖြင့် စကားလုံး မချော၊ နားမခံသာဖြစ် ရပါသည်။ မရွှေမာ၏မေးခွန်းတွင် မနောကံသည် အပြစ်အကြီးဆုံးဟု ဆိုထားလေသဖြင့် ကျိန်စာတိုက် သူ၏ မနောကို စောကြောကြည့်သင့်ပါသည်။ အလွန်အဖိုးတန် ပစ္စည်းကို မလှူဘဲ ၀တ်ဆင်ထားသူပင် မိမိပစ္စည်းပျောက်မှာစိုးသဖြင့် အလွန်သတိကြီးစွာစောင့်ရှောက် ကြရပါသည်။ လှူဒါန်းမည်ဟု စိတ်ကူးရဲ သူမှာ အတော်ပင်ရှားလှပေမည်။ တကယ်လှူဒါန်းဖြစ်သူမှာမူ အလွန်ပင် နည်းပါးပေမည်။ လှူဒါန်းသူမှာ ရက်ရက်ရောရော စွန့်လွှတ်သည် ဆိုပါသော်လည်း အကျိုးများစေချင်သည်မှာသေချာပါသည်။ မိမိ ပစ္စည်းများကို စွန့်လွှတ်ပြီး ရဟန်းဒကာပြုလုပ်သော ရဟန်းဒကာ၊ ရဟန်းအမများမိမိတို့၏ ရဟန်းတော် ကိုတော်စေချင်၊ သာသနာအတွက် အကျိုးများစေချင်သည်မှာ သဘာဝကျပါသည်။ ဤနည်းတူပင် ဘုရားဒကာမှာလည်း မိမိပစ္စည်းများ မပျောက်ပျက်စေချင်သည်မှာ သဘောသဘာဝတူမည်ဟု ခန့်မှန်းရ ပါသည်။ ဤသို့ဆိုလျှင် သူ၏ မနောကံသည် မဆိုးနိုင်ပေ။ ပထမပိုင်း မနောကံသည် မဆိုးလှပေ။ ဒုတိယပိုင်း ၀စီကံနှင့် မနောကံသည် ဆိုးသည်ဟု မြင်နိုင်စရာ ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျိန်ဆဲသောကြောင့်ဖြစ်ပါသည်။ ဤသို့ ယူနိုင်မည်လား ဆက်လက် စဉ်းစားရပေမည်။ သူတစ်ပါးကို ဒုက္ခရောက်စေလိုခြင်းထက် ပစ္စည်းကို မပျောက်စေလိုခြင်းက လွန်ကဲလိမ့်မည်ဟု ယူဆရပေမည်။ ကျိန်ဆဲခြင်းသည် မုချစကား မဟုတ် (တု) သဒ္ဒါဖြင့် သုံးစွဲ ထားသောကြောင့် ဆန္ဒသာ ဖြစ်ပါသည်။ မပြင်းထန်လှပါ။ မခိုးစေလို၊ မယူစေလိုသော စေတနာသာ များပေမည်။ ဤနေရာတွင် မိဘများက သားသမီးများကိုသေခြင်းဆိုး၊မြွေပွေးကိုက်ပါစေဟု ကျိန်ဆဲသော်လည်း တကယ်ဖြစ်စေ လိုသောစေတ နာမရှိသဖြင့် ဖရုသ၀ါစာ (ကြမ်းထမ်းသော စကားမဖြစ်) ဟု ၀ီထိမုတ်ပိုင်း အဖွင့်တွင် ဋီကာကျော် ဆရာ ကဆိုပါသည်။နှလုံးသားတွင် ကိန်းနေသောစေတနာကနူးညံ့နေသောကြောင့်ဟု အကြောင်းပြချက်ပေးပါ သည်။ အနာမရှိလျှင် အဆိပ်ထိသော်လည်း အဆိပ်မတက်ပေ။ အကယ်၍ တကယ်ပင် သူတစ်ပါးကို ထိခိုက်စေလိုသောစေတနာဖြစ်ခဲ့လျှင်မူ အကုသိုလ် မဖြစ်ပြီလော ဆက်လက်နိုင်းယှဉ်ရပေဦးမည်။ ကုသိုလ်စေတနာနှင့် အကုသိုလ်စေတနာနှစ်မျိုးတွင် ကုသိုလ်စေတနာက အားကြီးပေသည်၊ ကုသိုလ်တ ပဲလေးပင် ဖြစ်ပါစေ၊ တပိဿာလောက် အလေးချိန်ရှိသော ငရဲရောက်စေမည့် ကံများကို ခေတ္တဖြစ်စေ၊ ထာဝရဖြစ်စေ ပယ်နိုင်စွမ်းရှိပါသည်။ ကုသိုလ်ကိုစိတ်ဖြင့်နှလုံးသွင်းရုံမျှဖြင့် ဘ၀များစွာ အပါယ်မကျ သည့် သာဓကများ ပိဋကတ်စာပေတွင် များစွာရှိပါသည်။ စိတ်မြင့်မှန်းဆ၍ ပူဇော်လှူဒါန်းမှုသည်ပင် အကျိုးကြီးကျယ်လှပြီဖြစ်ကြောင်း တိလောက၀ိဇယစကြာဝတေးမင်းဝတ္ထုတွင်တွေ့ရပါသည်။ ငါးဆယ့် ငါးနှစ်လုံးအကုသိုလ်အလုပ်ကို လုပ်လာခဲ့သူသည်ပင်သေခါနီးတွင် စိတ်ကူကောင်းလေးကြောင့်နတ်ပြည် သို့ ရောက်ရဖူးပါသည်။ အရှင်အင်္ဂုလိမာလ ဇာတ်လမ်းများကိုလည်း ဆင်ခြင်နိုင်ပေသည်။ ဤနေရာတွင် ကုသလောဓမ္မော အကုသလဓမ္မဿ ပဋ္ဌာန်းပစ္စည်းအရ ကုသိုလ်လုပ်ရာတွင် အကုသိုလ်စိတ်ဖြစ်ပြီး ဥပနိဿယပစ္စည်းဖြင့်ကျေးဇူးပြုသည် မဟုတ်လောဟုလည်း တွေးဆနိုင်ပါသည်။ ဘုရားကို လှူဒါန်းခြင်းကို ကုသိုလ်၊ ကျိန်စာတိုက်ခြင်းကို အကုသိုလ်ဟု ယူဆခြင်းဖြင့် တွေးဆနိုင်ခြင်းကို ဆိုလိုပါသည်။ မဖြစ်ပါဟု မငြင်းလိုပါ၊ ပုထုဇဉ်စိတ်ဆိုသည်မှာပြောရခက်လှပါသည်။ ကုသိုလ်လုပ်နေစဉ် အကုသိုလ်ဝင် လာတတ်ပါသည်။ တစ်ခါက ဘုရားရှင်ကို ဆွမ်းစားပင်ခဲ့သော သတို့သားတစ်ဦးသည် ဘုရားရှင်ပေါ်တွင် စိတ်မရောက်ဘဲ သတို့သမီးလောင်းကိုပင် စိတ်ရောက်နေခဲ့သည့် ဇာတ်လမ်းကို ဓမ္မပဒတွင်တွေ့ရပါသည်။ အကုသိုလ်ဖြစ်နိုင်ချေရှိသော်လည်း အကုသိုလ်ဖြစ်သည်ဟု မဆိုသင့်ပါ။ ဘု ရားစေတီတော် အလှူလှူမိရန်မှာ ကုသိုလ်အခြံအရံစိတ်များရပါသည်။ အကုသိုလ်ခြံရံစိတ်နည်း ဖွယ်ရှိပါ သည်။ မိမိအိမ်ကိုလုံခြုံစေရန် သံဆူးကြိုးစသည်ဖြင့် အကာအကွယ် ယူပြီးဆောင်ရွက်ရသည့်နည်းတူ ဘုရားစေတီလုံခြုံစေရန် ကျိန်စာဖြင့်ဆောင်ရွက်ခြင်း တစ်မျိုးဟု ယူဆရပါသည်။ ဤနည်းသည် မကောင်းလှသဖြင့် ယခုခေတ်တွင် ကွယ်ပျောက်သွားပါပြီ၊ရှေးခေတ်ကမူခေတ်စားသည်ဟု ဆိုရပေမည် ။။ခေတ်အခြေအနေသည်လည်း အဖြေမှန်ရရန်အတွက် အရေးပါသော အနေအထားတစ်ခု ဖြစ်ပါသည်။ ဘုရားကို လှူသည့် အလှူကို သေးငယ်သည့် အလှူဟု မယူဆသင့်ပေ၊(မာဝ မညေထ ကုသလံ န မန္ဒံ အာဂမိဿထ) အဓိပ္ပါယ်မှာ ကုသိုလ်ကို အထင်မသေးပါနှင့်၊ အကျိုးပေးနည်းပေမည်ဟု မဆိုပါလင့် ဟု ဘုရားရှင်က ဓမ္မပဒပါဠိတော် ဒုတိယအုပ် တွင် ဆိုထားပါသည်။ မိုးရေစက် ကလေးများကို ကြည့်ပါ သမုဒ္ဒရာကြီးသည်ပင် မိုးရေစက်ကြောင့်ဖြစ်ရသည် မဟုတ်ပါလော။ ကျိန်စာတိုက်ပေမင့် ဆန္ဒမျှ သာဖြစ်သောကြောင့်ကျိန်ဆိုသည့်အတိုင်းဖြစ်ချင်မှဖြစ်ပေမည်။ ဖြစ်ချေ နည်းပါလှပါသည်။ ရှေးခေတ်က သူခိုးအများစုမှာ ဥာဏ်နည်းမည့် ပုံပေါ်ပါသည်၊ ထို့ကြောင့် သူခိုးများကို လှန့်ထားခြင်း မျှဖြစ်ပါ မည်။ကျောက်စာရေးထိုးပြီး လှန့်ထားသည်မှာ သိသာလှပါသည်။ စိတ်ထဲက ကျိန်ဆဲရုံမျှ စွမ်း သည်ဆိုပါ ကကျောက်စာကိုငွေကုန်ခံပြီးရေးထိုးခဲ့မည် မဟုတ်ပေ။ သူခိုးငါးတက်ပြားကတော့ ဥာဏ်ကောင်း ပုံပေါ် ပါသည်။ ယခုခေတ်တွင် ငါးတက်ပြားများသည် ဥာဏ်ကောင်းရုံမျှမက လက်နက်ပါကောင်းကြပေသည်။ ဆိုမာလီနိုင်ငံရှိ သူခိုးဓားမြများနှင့် တစ်ခြားလက်နက်ကိုင် သူခိုးများကို ကြည့်ပါ။ အကယ်၍ ကျိန်စာတိုက် ခဲ့သောပစ္စည်းများကို ခိုးယူလိုစိတ်ဖြင့်ခိုးသော် ကျိန်စာကြောင့် အပြစ်သင့်သည် မဟုတ်ဘဲ မိမိစေတနာ ဆိုးကြောင့်သာ အပြစ်ဖြစ်သည်ဟု မှတ်သားရပါမည်။ (စေတနာသည်သာ ကံဖြစ်ပါသည်) ကျိန်စာ ကတော့ကံ မဟုတ်ပါ ဆန္ဒမျှသာ ဖြစ်ပါသည်။ ထိုပစ္စည်းများကို မသိဘဲ သုံးစွဲမိပါက အကုသိုလ် မဖြစ်ပါ။ ခိုးခြင်း အင်္ဂါချိုတဲ့သောကြောင့်ဖြစ်ပါသည်။သံသယရှိပါက မိမိသုံးစွဲသော ပစ္စည်းကို အစားထိုးပြီးပြန် လှူပေးလိုက်ပါက စိတ်အစွဲ ကင်းဝေးပါမည်။ စာပေတွင် ဘဏ္ဍာစားဟု ဆိုပါသည်။ အသံထွက် တူနေ သဖြင့် မန်ယူ ဂိုးသမားကြီး Vandersar မဟုတ်ကြောင်းလည်း သိပါဦး။ (ဒေါက်တာ အရှင်နန္ဒကမှဖြေကြားသည်)