ဓမ္မခန္ဓာပေါင်း ၈၄၀၀၀

"ပိဋကတ်သုံးပုံဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါကာလအတွင်း ဟောကြားတော်မူခဲ့သော တရားတော်(ဗုဒ္ဓ၀စန)များကို ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ရေးသားမှတ်တမ်း တင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တစ်နည်းအားဖြင့် ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ်နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားပါသည်။
ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ် = အဘိဓမ္မာ (၇)ကျမ်း
သုတ္တန္တပိဋကတ် = ထိုမှကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တပိဋကတ်၌ ထည့်သွင်းသည်။ (၃၇)ကျမ်း
စုစုပေါင်း (၄၉)ကျမ်းဖြစ်ပါသည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့် သတ္တန်ပိဋကတ်တွင် (၂၁၀၀၀)၊ ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀)၊ စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိပါသည်။
အထက်မှာဖော်ပြတဲ့ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ကို ရည်မှန်းပူဇော်ပြီး အာသောကမင်းကြီးသည်
ရေတွင်း(၈၄၀၀၀)၊ ရေကန်ပေါင်း (၈၄၀၀၀)နှင့် စေတီတော်ပေါင်း (၈၄၀၀၀)ကို လှူဒါန်းခဲ့ကြောင်း မှတ်သားဖူးပါသည်။
ထို(ဗုဒ္ဓ၀စန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ၀ိနည်းသိက္ခာပုဒ်များပါဝင်သည့် ဟောကြားဆုံးမချက်များကို `၀ိနယ´ဟုခေါ်၍ ကျန်ရှိသော ဗုဒ္ဓ၀စနများကို ဓမ္မဟုခေါ်ဆိုသည်။ ၀ိနယမှကြွင်းသော ဗုဒ္ဓ၀စနအားလုံးကို ဓမ္မဟုခေါ်ဆိုရသဖြင့် ယင်းဓမ္မတွင် အဘိဓမ္မာ တရားတော်များလည်း အကြုံးဝင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
ဆဋ္ဌသင်္ဂါယနာတင် မြန်မာဘာသာပြန် ပိဋကတ်သုံးပုံအား ကိုးကား၍ တင်ပြခြင်းဖြစ်ပါသည်။"