မြတ်ဗုဒ္ဓ သည် လူ ၊ တိရစ္ဆာန်တို့ကိုစီးတော်မူသလော…. ?
========================================
၁၃၄၂ ခုနှစ် ဧကံ သမယံ တစ်ကြိမ်သောအခါ အောက်ဖော်ပြပါ ပြဿနာတစ်ရပ်ပေါ်လာသောကြောင့် ဆူးလေစေတီ တော်မြတ် ဂေါပကအဖွဲ့က သြ၀ါဒါ စရိယ ဆရာတော်ကြီးများအားပင့်ဆောင်၍ သြ၀ါဒခံယူရန် လျှောက်ထားကြသည် မှာ-

ဆရာတော် အရှင်မြတ်တို့ဘုရား ၊ ကုလားအမျိုးသားတစ်ဦးက ဥဒေါင်းငှက်ရုပ်ကျောပေါ်၌ ထိုင်နေတော်မူသော ညဏ်တော် ၁၂လက်မခန့်ရှိ ဗုဒ္ဓပုံတော်မြတ်တစ်ဆူကို ရဟန်းရှင်လူတို့ပူဇော်စေရန် ဆူးလေစေတီ တော် တောင်ဘက်ဆောင်းတန်း၌ ထားရှိပါသည် ။ ထိုဥဒေါင်းငှက် တိရစ္ဆာန်ပေါ်၌ မြတ်စွာဘုရားတက်စီး သတင်းသုံးနေထိုင်တော်မူခြင်းမှာ အပ် ၊မအပ် ၊လျော် ၊မလျော် ဆုံးမ သြ၀ါဒပေးတော်မူကြပါဘုရား ။

ထိုအခါ ကမ္ဘာ့ ဗုဒ္ဓဘာသာ သာသနာပြုအဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးသေဋ္ဌိလ ကစတင်၍ အဂ္ဂမဟာပဏ္ဍိတ မူလ ပဋ္ဌာန်းဆရာတော် ဦးနာရဒ ၊ စင်္ကာပူဆရာတော်ဦးဝိသာရဒ ၊ဘုံပျံဆရာတော် ဦးပညာသာမိ စသော ဆရာတော်ကြီးအသီးတို့က ဤပုံတော်မျိုးကို မတွေ့ဘူးကြောင်း ၊သင့်လျော်မည်မထင်ကြောင်းနှင့် သာ သြ၀ါဒပေးတော်မူကြသည် ။

ယင်းနောက်ကြားဖောက်၍ ရန်ကုန် ဗဟန်း အောင်မြေဘုံကျောင်းဆရာတော်က ဆင်စီးသော ဗုဒ္ဓပုံတော်မျိုးကို အများ အပြားတွေ့နေရကြောင်း ၊ဆင်စီးသော ဘုရားပုံတော်များလက်ခံကိုးကွယ်နေကြပြီဖြစ်၍ အခြားသတ္တ၀ါများအတွက် လည်း စဉ်းစာကြရမည် ဖြစ်ကြောင်းနှင့် ဆင်ခံဘုရားကို အထောက်အထားပြုကာ တင်ပြလာလေသည် ။

ထိုအခါ ဆရာတော်ကြီးများအားလုံး ယင်းအဆိုကို စိတ်ဝင်စားစွာအမျိုးမျိုး စဉ်းစားဆင်ခြင်သုံးသပ်တော်မူ ကြကာ အစည်းအဝေးခန်းမကြီးတစ်ခုလုံး တစ်ခဏမျှ ဆိတ်ငြိမ်သွားလေသည် ။

ဤအချိန်ကား မိမိသြ၀ါဒ ပေးရန်ကျရောက်လာသော အလှည့်အကြိမ်ဖြစ်၏ ။ ထို့ကြောင့် မိမိက ဆိတ်ငြိမ်မှု့ကို လှုပ်ရှားစေကာ တင်ပြရသည်မှာ -

ဆရာတော်မြတ်အရှင်ဘုရားတို့ဘုရား---

တပည့်တော်များ ၏ ဖခင်ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါများအား မနှိပ်စက် ၊မညှင်းဆဲ ၊မဆင်းရဲစေသော အ၀ိဟိံသ ၀ါဒီ ၊ သတ္တ၀ါများ ဆင်းရဲတာကို သူမတူအောင် ကြီးမားစွာ သနားတော်မူသော မဟာ ကရုဏာဝါဒီ အယူရှိတော်မူသော အရှင်မြတ်ကြီးသာဖြစ်တော်မူပါသည် ။

ထေရ၀ါဒ ပိဋကတ်တော်များမှာ မြတ်စွာဘုရား ဒေသစာရီကြွချီတော်မူသောအခါ ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ဂဠုန် ၊နဂါး စတဲ့ ထိုထို သတ္တ၀ါများကို စီးတော်မူ၍ ကြွချီတော်မူတာ ၊ ဘယ်နေရာမှ ပါရှိတာမတွေ့ရ ဟု မှတ်ထင်မိပါသည်ဘုရား ။ ဒီလို ဆင်ရုပ်တွေပေါ်မှာ မြတ်စွာဘုရားထိုင်နေတော်မူတဲ့ပုံဟာ မြတ်စွာဘုရားသခင်၏ မဟာကာရုဏိကနာထ ဂုဏ်တော်မြတ် ဖြတ်ဆီးနှိမ့်ချခြင်းသည်ဖြစ်၍ ဤဆင်စီး ဆင်ခံ အဆိုကို စဉ်းစား နေစရာ မလိုတော့ပါဘူး ဘုရား ။အမှန် မှာ မြတ်စွာ ဘုရား ဒေသစရာ ကြွတော်မူသောအခါ ခြေကြောင်း ခရီး ၊ ကောင်းကင်ခရီး ဖြင့်သာ ကြွချီတော်မူပါတယ်ဘုရား ။

ထို့ကြောင့် ဒီဥဒေါင်းငှက်ရုပ်ပေါ်မှာ ဗုဒ္ဓဘုရားထိုင်နေတော်မူတဲ့ပုံကို လက်မခံသင့်ကြောင်း၊ အကယ်၍ ဒီပုံတော်ကို လက်ခံတည်ထားလိုက်ပါကာ နောင်သောအခါ ဟင်္သာစီးတဲ့ပုံတွေ ၊မြင်းစီးပုံ ၊ ကျွဲ ၊နွား ၊ဂဠုန် ၊ နဂါး စီးတဲ့ပုံတွေ ထွင်ထွင်ပြီး စီးပွားရေးသမားများက ပြုလုပ်လာကြမည်ကို စိုးရိမ်မကင်းဖြစ်၍ ဤဥဒေါင်း စီးပုံကို လက်မခံရန် လေးနက်စွာ တားမြစ်တင်ပြပါသည် ဘုရား ။

 

သြ၀ါဒ စရိယ ဆရာတော်အားလုံးက မိမိအဆိုကိုလက်ခံ၍ ဥဒေါင်းစီးတော်ပုံကို ဥဒေါင်းပေါ်မှ ချ၍ ကိုးကွယ် ကြရန်ဆုံးဖြတ်တော်မူကြသည် ။

ကိုးကွယ်မှု့အယူဝါဒမှန်ကန်ကြပါစေ ။
အရှင်သြဘာသာဘိဝံသ ( သုတေသနသမ္မာ မဂ္ဂင်္ ပဉှာကျမ်း )