ဘေးမဲ့အလှူ
********
အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ “နွားမ” တစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ
သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။တိရစ္ဆာန်သဘာဝ အကြောင်း၊အကျိုးခွဲခြား
နားမလည်နိုင်သော်လည်း သေမှာကိုတော့ ကြောက်တတ်ကြပါတယ်။

နွားမကြီး ဟာ သူ့ရှေ့မှာ တစ်ကောင်ပြီး၊တစ်ကောင် လည်လှီးခံနေရတာကို မြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ
မျက်ရည်များပေါက်ပေါက်ကြနေပါတော့တယ်။သူလို အိုမင်းနေတဲ့ နွားမကြီးအတွက် သေခြင်းတရားဟာ
မထူးခြားသော်လည်းခုမှ လောကထဲရောက်လာတဲ့ နွားပေါက်ကလေးများအတွက်
ကြေကွဲဝမ်းနည်းနေပုံရပါတယ်။

အလှည့်ကျတော့မယ်။ ရှေ့မှာ တစ်ကောင်ပဲကျန်တော့ တယ်။နွားမကြီးဟာ ပိုပြီးကြောက်စိတ်တွေဝင်လာကာ မျက်ရည်များ စီးကျလာပြန်ပါတယ်။ နွားပေါက်ကလေးများကလည်း
သေတော့မယ်ဆိုတာသိလာတော့ ရုန်းရင်းဆန်ခက် လှုပ်ရှားအော်ဟစ်နေကြပါတယ်။
သူ့ရှေ့က တစ်ကောင်အလှည့်ပြီးပါပြီ။ ခု နွားမကြီးအလှည့်ရောက်ပါပြီ။ ထွားထွားကျိုင်းကျိုင်း နွားသတ်သမားတွေ ကလည်း
သူများအသက် သတ်ရတာ အင်မတန်ပျော်ရွှင်နေကြတယ်။

နွားမကြီးက တောင့်ခံနေလေ သူတို့က ပိုပျော်လေ။ “သေမှာကြောက်မနေနဲ့ နွားမ။ မင်းတစ်ကောင်တည်း မဟုတ်ဘူး။ နောက်မှာ အများကြီးရှိသေးတယ်။ မင်းကို ၀ဋ်ကျွတ်အောင် ချွတ်ပေးနေတာ။”
နွားသတ်သမားများဟာ နွားမကြီးအပေါ်မှာ သနားစိတ်မ၀င်တဲ့အပြင် ပြစ်တင်ကာ ကျိန်းမောင်းကြတယ်။

သန်မာလှတဲ့လူတစ်ယောက်ဟာ သတ်ဖို့အတွက် ထက်လှတဲ့ ဓားကြီးကို မြောက်ရွယ်လိုက်စဉ်မှာပဲ
“ဟေ့ နေဦး”။ တားမြစ်သံကြောင့် နွားသတ်သမားဟာ မြောက်လျက်ပင် ရပ်တန့်သွားပါတယ်။
“အဲဒီနွားမနဲ့ နွားပေါက်လေးတွေကို အပြင်ဆွဲခဲ့ဟေ့ လာဝယ်တဲ့သူရှိတယ်”။

အပြင်ရောက်တော့ နွားသတ်သမားများနဲ့မတူ ပြုံးရွှင်စွာဆီးကြိုနေတဲ့ အသက်ကြီးကြီး အမျိုးသမီးကြီး ကို တွေ့မြင်ရပါတယ်။ တကယ်တော့ ဒီနေ့ဟာ သူမမွေးနေ့ပါ။ သူမဟာ သူမွေးနေ့မှာ ခုလို သေတော့မယ့်
တိရစ္ဆာန်များကိုဝယ်ယူကာ ဘေးမဲ့ပေးလှူလေ့ရှိပါတယ်။ခုလည်း မွေးနေ့မှာ ဘေးမဲ့ပေးဖို့အတွက်
သေတော့မယ့် နွားမကြီးနဲ့ နွားပေါက်လေးများကို စာရေးသူနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ ခေါ်လာပြီး ရေစက်ချကာ “ဇီဝိတဒါနအလှူ” လှူကြပါတော့တယ်။
နွားမကြီးနဲ့ နွားပေါက်လေးများကို သေချာ ကျကျနန ရချိုးပေးပြီး အစာများ ၀အောင်ကျွေးမွေးပါတယ်။
ထို့နောက် ကားနဲ့တင်ဆောင်ကာ အန္တရာယ်ကင်းမယ့်နေရာမှာ လွှတ်ပေးလိုက်ပါတော့တယ်။

သေဘေးမှ လွတ်မြောက်ပြီး ပျော်မြူးစွာ ပြေးလွှားသွားနေတဲ့
နွမကြီးနဲ့ နွားလေးများကိုကြည့်ပြီး အမျိုးသမီးကြီးမှာလည်း
ဝမ်းသာပီတိဖြစ်လို့ နေပါတော့တယ်။

“သဗ္ဗေ ဘာယန္တိ မစ္စုနော”သတ္တ၀ါတိုင်းဟာ သေမှာကို လွန်စွာမှပင် ကြောက်ကြပါတယ်။
သဘာဝတရားအရ “သေခြင်းတရား” မှ မလွတ်မြောက်နိုင်ကြသော်လည်း သူများသတ်လို့
သေရမှာကိုတော့ မလိုလားကြပါဘူး။

နွားမကြီး နဲ့ နွားပေါက်လေးများဟာ ဟင်းလျာဖြစ်တော့မယ့် အခြေအနေမှ လွတ်မြောက်လာခဲ့တဲ့အတွက်
အလွန်ကံကောင်းလှပါတယ်။ ကယ်တင်ရှင် အမျိုးသမီးကိုလည်း နွားများကိုယ်စား
အရမ်းကို ကျေးဇူးတင်ပါတယ်။

“မေတ္တာ၊ ကရုဏာ” ကို အခြေခံပြီး အသက်များစွာကို ကယ်တင်ခဲ့တာဟာ မွန်မြတ်လှတဲ့ ကုသိုလ်ပါ။
ဒါကြောင့် 。。。မိမိအသက်ကို တန်ဖိုးထားချစ်မြတ်နိုးသလို၊သူများအသက်ကိုလည်း တန်ဖိုးထားမြတ်နိုးပါ။
မိမိအသက်ကို ကာကွယ်သလို ၊သူများအသက်ကိုလည်း တက်စွမ်းသလောက် ကာကွယ်ပေးပါ။
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ . . . ။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】