ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး အစဉ်ဟောကြားတော်မူသော ဓမ္မလမ်းစဉ် တရားတော်များ
********************
-- သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ ။ ဖြည့်လို့ ပြည့်စုံပြီဆိုရင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးစီးအောင်မြင်မယ် ။ ယခုလဲချမ်းသာမယ်၊ နောင်လဲ ချမ်းသာမယ် ။

-- ပစ္စုပ္ပန်ချမ်းသာ သံသရာရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင့် အဆုံးအမတော်ကလွဲလို့ တခြား မရှိဘူး ။

-- ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ " ဆင်းရဲမှလွတ်မှု " အတွက်သာ ဖြစ်၍ နည်းတွေများသော်လည်း အားလုံးအတူတူပဲ ။ အကုန်လုံးလိုက်ပြီး လုပ်စရာ မလိုဘူး ။
အများကြီးထဲက ကြိုက်ရာ တစ်ခုခုကို ဝီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ် ။

-- စရဏ(အကျင့်) နဲ့ ဝိဇ္ဇာ(အသိ) တစ်ပြိုင်နက် ဖြစ်အောင် လုပ်ရတယ် ။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ် ။ အလုပ် လုပ်ရင်း အသိပွါးအောင် ရှုပါ ။

-- ဘုရားစကား, ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနှိမ့်ချ၊ ခန္တီ နဲ့ မေတ္တာ များများထားပြီး လုပ်ရတယ် ။

-- " ဝိပဿနာတရား " ဆိုတာ ထင်ရှားရှိတဲ့တရားကို မြင်အောင် ရှုမှတ်ရခြင်း ဖြစ်တယ် ။ ထင်ရှားရှိတဲ့ တရားကို မြင်အောင် မရှုနိုင်ရင် ဝိပဿနာမဖြစ်ဘူး ။

-- ထင်ရှားရှိတဲ့ တရားဆိုတာ တစ်ခြားမှာ သွားရှာရတာမျိုး မဟုတ်၊ ရှောင်မရ, တိမ်းမရ, မမြင်ချင်၍မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲဖြစ်တယ် ။

-- ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တွေထဲမှာ လူတိုင်းနားလည်လွယ်တာဟာ ' အာနာပါန= ထွက်လေ ဝင်လေ ' ရှုမှတ်မှုဖြစ်တယ် ။

-- ' ထွက်လေ ဝင်လေ ' ဆိုတာ အမိဝမ်းမှ မွေးကထဲက သေသည်အထိ အမြဲမပြတ် ဒလစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ် ။ အလုပ်လုပ်နေရင်း, စကားပြောနေရင်း,
စာကျက်နေရင်း, အိပ်ပျော်နေရင်းလဲ ရှိနေတာပဲ။

-- ထွက်လေဝင်လေဟာ အမြဲမပြတ်ရှိနေသော်လဲ အမှတ်တမဲ့နေကြ၍ ' သတိမမူ ဂူမမြင် ' ဖြစ်နေကြတယ် ။ 'သတိမူရင် မြူကိုတောင်မြင်ရတယ်' ဆိုတာ ဂရုစိုက်ပြီး
ကြည့်ရှုနေမှ ရှိမှန်းသိကြတယ် ။

-- ' ကြည့်ရှု ' ဆိုရာမှာ ဝိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေဝင်လေထိရာ နှာဖျား နှာဝမှာ ဝင်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ် နဲ့ 'တစ်ထိထဲထိ' နေတာကို 'တစ်သိထဲသိ' နေအောင်,
ဒလစပ်သိနေအောင် ကြည့်ရှုနေရမယ် ။ အိမ်အမိုးကို စပ်နေအောင် ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ် ။ (နိသဇ်ဓူတင်= ၂၄ နာရီ တစ်စပ်ထဲ ရပါစေ)။

-- မထိခင်ကလဲ သိလို့မဖြစ်ဘူး၊ ထိပြီးပြန်တော့လဲ သိလို့မဖြစ်ဘူး၊ ထိတုန်းကိုသာ သိလို့ဖြစ်တယ်၊ အဲဒါကို ' ပစ္စုပ္ပန်တဲ့တဲ့ ' လို့ဆိုတယ် ။

-- တစ်ရက် (၂၄ နာရီ ) တစ်စပ်လောက်ရလျှင် အလွန်သိသာပါတယ် ။(နိသဇ်ဓူတင်ဆောင်)။ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာဖို့ချည်းပဲ ။
ဘုရာလက်ထက်က နိသဇ်ဓူတင်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတော့တောင် အသက်ရှည်ကြ ကျန်းမာကြတယ် ။ အိပ်ချင်လို့အိပ်လိုက်ရင် တစ်သံသရာလုံး နိုးတော့မှာ မဟုတ်တော့ဘူး။
အိပ်ချင်ရင် မအိပ်ချင်တဲ့နေရာ ရှိတယ် ။ အဲဒီကိုရောက်အောင်သွား ။

-- ထိတာကိုသိနေလျှင် သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ မှအစ ဗောဓိပက္ခိယတရား ၃၇- ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ် ။

-- ထိတာဟာ ရုပ်သဘော၊ သိတာဟာ နာမ်သဘော ဖြစ်တယ် ။

-- ထိတာကို သိနေလျှင် 'ရုပ်နာမ်သာ ရှိပါကလား' လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး ငါ, သူတစ်ပါး, ယောင်္ကျား မိန်းမ, မရှိဘူးဆိုတာ ' ဘုရားရှင်ဧ။် တရားတော် အမှန်ပါလား' လို့
ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကိုမေးနေဖို့ မလိုဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ 'အတ္တ' ဆိုတဲ့ကိုယ် မရှိဘူး။

-- တစ်ရိပ်ရိပ်နဲ့ ထိတိုင်း ပျောက်တိုင်း ရုပ်နာမ် ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်၍နေခြင်းဖြစ်တယ်။

-- တစ်ရိပ်ရိပ်နဲ့ နှာဖျားနှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တစ်ဆက်ထဲသိမြင်အောင် ကြည့်ရှုနေရင် ကြာလာလျှင် ဝိပဿနာသမာဓိ တစ်စထက်တစ်စ တစ်ခဏထက်တစ်ခဏ
တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျားနှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တစ်ရိပ်ရိပ် တစ်ရွရွ ဖြစ်ပျက်နေတာကို တွေ့ရမယ် ။

-- တစ်ကိုယ်လုံး တစ်ရိပ်ရိပ် တစ်ရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ အနိစ္စ ကိုကောင်းစွာမြင်သောကြောင့် ဒုက္ခ နဲ့ အနတ္တ ဟာ အလိုလို ထင်မြင်လာလိမ့်မယ်။
ပါးစပ်က ဆိုနေဖို့မလိုဘူး၊ ဝိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုနေရုံသာဖြစ်တယ် ။ ကြည့်ရှုနေရင်း ၊ ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး
သိလာလိမ့်မယ် ။

-- အဲဒီလို တစ်ရိပ်ရိပ်နဲ့ ထိမှုသိမှုကို ကြည့်ရှုနေရင်း " မဂ်ဥာဏ်, ဖိုလ်ဥာဏ် " ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လိုသိသာသလဲဆိုတော့ " ရေငတ်၍နေသောသူသည် ရေကို
သောက်ရသည်ရှိသော် ရေငတ်ပြေသွားသကဲ့သို့ " ဖြစ်သွားတော့သည် ။ သူများမေးနေစရာမလို၊ ကိုယ်တိုင်သိမယ် ( သန္ဒိဌိကော )။

-- မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရပြီး ရောက်ပြီးလို့ 'ဖလသမာပတ်' ကို ဝင်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ဝိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ် ။

-- ယုံယုံကြည်ကြည် လုံ့လဝီရိယရှိရှိ နဲ့ ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲဖြစ်အောင် ကြည့်ရှုနေပါ၊ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ် အခုမီးငြိမ်း၊ အခုချက်ချင်း ချမ်းသာတယ်။ ( အကာလိကော)။

. * ဝေဘူဆရာတော်ဧ။် ဘဝဖြစ်စဉ်အကျဉ်း *

ဖွားမြင်တော်မူခြင်း ။ ။ ဆရာတော်ဘုရားကြီးသည် အထက်မြန်မာနိုင်ငံ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မဒေါင်းလှဘူတာအနီး အင်ကြင်းပင်ကျေးရွာ၌ ၁၂၅၇ ခုနှစ်၊ တပေါင်းလဆန်း ၆-ရက် တနင်္လာနေ့
( 17/2/1896) နံနက် လေးချက်တီးကျော်အချိန် ဖွားမြင်တော်မူသည်။ ခမည်းတော်၊ မယ်တော်တို့ကား ဦးလူဖေ၊ ဒေါ်ကြင်နု တို့ဖြစ်ကြသည် ။
ရဟန်းဖြစ်ပြီးနောက် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးသူရိယ ( အဘိဓဇ မဟာရဌဂုရု) ထံ၌ ပိဋက စာပေကျမ်းဂန်တို့ကို သင်ယူခဲ့ဧ။်။
သို့ရာတွင် ၁၂၈၅ ခုနှစ် မှ စ၍ ဝိပဿနာဓုရကိုသာ စောက်ချ ဆောင်ရွက်လျက် ကျောက်ဆည်မြို့ ဝေဘူလဝေဘာရ တောင်ဝှမ်း၌ သီတင်းသုံးတော်မူ၍
" ဝေဘူလဆရာတော်, ဝေဘူဆရာတော် " ဟု တွင်ခေါ်ကြသည်။ ဘွဲ့တော်ကား ဦးကုမာရ ဖြစ်ဧ။် ။

ခန္ဓာဝန် ချခြင်း ။ ။ ကျောက်ဆည်(ဝေဘူချောင်) ၊ ရွှေဘို(အောင်မြေရိပ်သာ) ၊ နှင့် ဇာတိမြေ အင်ကြင်းပင် ကမ္မဌာန်းကျောင်းတိုက် ဟူ၍ သုံးဌာနတို့၌ လှည့်ပြောင်းသီတင်းသုံးတော်မူရာ
၁၃၃၉ ခုနှစ်၊ အင်ကြင်းပင် ကမ္မဌာန်းကျောင်းတိုက်အလှည့်သို့အရောက် ဝါဆိုလဆန်း ၁၁- ရက် တနင်္ဂနွေနေ့ ညနေ ၇- နာရီ ၊ မိနစ် ၃၀ အချိန်(26/6/1977) ၌
အရှင်သာရိပုတြာ မထေရ်မြတ်ကြီးပမာ ဇာတိမြေ၌ပင် ခန္ဓာဝန် ချတော်မူခဲ့သည်။