အနာဂါမ်၏ ဂုဏ်ရည်များ

၁။ မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သည့် ဗြဟ္မစရိယ အကျင့်များနှင့် ပြည့်စုံ၏။

၂။ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ပစ္စည်းဥစ္စာတို့၌ တွယ်တာကပ်ငြိမှု ကင်းစင်၏။

၃။ စိန်ရွှေရတနာ အဆင်တန်ဆာနှင့် အဖိုးတန် အဝတ်အစား အသုံးအဆောင်များဖြင့် အလှပြင် ဝတ်စားဆင်ယင်ခြင်း မရှိတော့။

၎။ ငွေကို ကိုင်တွယ်စီမံသုံးစွဲခြင်း မပြုတော့။

၅။ လာဘ်မရခြင်း၊ အခြွေအရံ အကျော်အစောနည်းခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်းဟူသော လောကဓံဆိုးကို မငြိုမငြင် မတုန်မလှုပ် သည်းခံနိုင်၏။
(“ဒေါသကိလေသာ” မရှိတော့သောကြောင့်ဖြစ်သည်။)

၆။ ကိုယ်ဆင်းရဲခြင်း ရှိသေးသော်လည်း၊ စိတ်ဆင်းရဲခြင်းကား မခံစားတော့ပေ။ ဆိုလိုသည်မှာ စိတ်ဆိုးစိတ်ပျက်ခြင်း၊ နှလုံးမသာယာခြင်း၊ စိုးရိမ်သောကဖြစ်ခြင်း၊ နောင်တ,တစ်ဖန် ပူပန်ခြင်း၊ ပူဆွေးငိုကြွေးခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စသော ဒေါသနှင့်သက်ဆိုင်သည့် အကုသိုလ် အယုတ်တရားများ လုံးဝကင်းရှင်းသွား၏။

၇။ မကောင်းသည့်စိတ်ထားမျိုး မရှိသောကြောင့်၊ ကုန်းတိုက်သဘော သက်ရောက်သော စကား၊ ကြမ်းတမ်းသောစကားသော်မျှ မပြောဆိုတော့ပေ။

၈။ သူတစ်ပါးကို ပျက်စီးစေလိုသည့် ကြံစည်မှုမျိုးလည်း မရှိတော့ပေ။

၉။ အသုဘဖြစ်သောခန္ဓာကို သုဘဟူ၍ အမှတ်မှား၊ အသိမှား ကင်းစင်သွား၏။

၁၀။ လူဝတ်ကြောင်ဖြစ်စေကာမူ အနာဂါမ်မှန်လျှင် ဆယ်ပါးသီလ ဧကန်မြဲတော့၏။

{ မေတ္တာရှင်(ရွှေပြည်သာ)၏ “သညာသိနှင့် ပညာသိ ”နှာ ၄၇၄ }